ၾကားသိရသမွ်

မိမိတို့အား ဘယ်နိုင်ငံကမျှ အနိုင်ကျင့်လို့ရမည်မဟုတ်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် ပြော

တရုတ်နိုင်ငံ၏ တိုးတက်မှုသည် သမိုင်းကြောင်းအရ မဖြစ်မနေ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများက အနိုင်ကျင့်ခြင်း၊ဖိနှိပ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ လုပ်ဆောင်နိုင်တော့မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖျင်က ဇူလိုင် ၁ ရက် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားလိုက်သည်။

ဒါ့အပြင် ရန်စစော်ကားဖို့ ကြိုးစားသူတွေကိုလည်း တရုတ်လူဦးရေ ၁.၄ ဘီလီယံရဲ့ မဟာတံတိုင်းကြီးရှေ့မှောက်မှာ ခေါင်းတစ်ခုလုံးရစရာမရှိဘဲ သွေးထွက်သံယိုဖြစ်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တရုတ်သမ္မတရှီကျင်းပင်က သတိပေးပြောဆိုခဲ့ကြောင်း သိရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ရှီက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ လူပေါင်း ၇ သောင်းကျော် တက်ရောက်ခဲ့တဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ရှီက မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ ပါတီက အဓိကအကျဆုံးနေရာကနေ ပါဝင်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပြီး လူထုနဲ့ ပါတီကို ဘယ်တော့မှ သွေးခွဲပိုင်းခြားလို့ မရဘူးလို့လည်း ဆိုခဲ့ကြောင်း Daily Mail က ဆိုပါတယ်။

“ကွန်မြူနစ်ပါတီမရှိဘဲနဲ့ တရုတ်နိုင်ငံသစ် ရှိလာမှာမဟုတ်ပါဘူး” ဟု လက်ခုတ်ဩဘာဆူညံစွာ ပေးခဲ့သည့် ပရိသတ်များကို ရှီက ပြောကြားသည်။

အမေရိကန်နဲ့တရုတ်ကြားမှာလည်း ဆက်ဆံရေးအဆိုးဝါးဆုံးအခိုက်အတန့်ကို ရောက်ရှိနေကာ ထိုင်ဝမ်ပြသနာက သူတို့နှစ်နိုင်ငံကြား တင်းမာမှုတွေကို ပိုမိုမြင့်တက်လာစေခဲ့တာဖြစ်ပါတယ်။

“တရုတ်လူမျိုးတွေရဲ့ သူတို့ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်မယ့် ဖြေရှင်းနိုင်တဲ့စွမ်းရည်ကို ဘယ်သူမှ လျှော့မတွက်ကြပါနဲ့၊

တရုတ်လူမျိုးတွေက ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိပြီး အမျိုးဂုဏ်မြင့်မားသူတွေဖြစ်ပါတယ်၊ အတိတ်၊အနာဂတ်နဲ့ ပစ္စုပ္ပန်ကာလတွေမှာ ကျွန်တော်တို့က အခြားလူမျိုးတစ်မျိုးကို အနိုင်ကျင့်ဖိနှိပ်တာမျိုးကိုလည်း လုံးဝလုပ်မှာမဟုတ်ပါဘူး၊

တချိန်တည်းမှာပဲ တရုတ်က နိုင်ငံခြားဖိအားပေးမှု၊ အနိုင်ကျင့်မှုတွေကို လက်ခံမှာလည်းမဟုတ်ပါဘူး”

“ဒီလိုလုပ်ခဲ့မယ်ဆိုရင်လည်း ဘယ်သူမဆို ၁.၄ ဘီလီယံအထိရှိတဲ့ တရုတ်လူမျိုးတွေရဲ့ မဟာတံတိုင်းကြီးရှေ့မှာ ခေါင်းတစ်ခုလုံးရစရာမရှိအောင်စုတ်ပြတ်ပြီး သွေးထွက်သံယိုမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” လို့ ရှီက ပြောဆိုခဲ့ပါတယ်။

ဒါဟာ အနောက်အုပ်စုနဲ့ မကျေမလည်ဖြစ်နေမှုတွေအပေါ် ရည်ညွှန်းကာ ရှီက ပြောဆိုခဲ့တယ်လို့လည်း သုံးသပ်နေကြပြီး ဒေသတွင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယားနဲ့ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ ထိုင်ဝမ်တို့ကိုပါ သွယ်ဝိုက်ခြိမ်းခြောက်ခဲ့တာလို့လည်း ယူဆနေကြပါတယ်။

ယင်းအခမ်းအနားတွင် မျိုးချစ်စိတ် ရှင်သန်ရေး သီချင်းများ၊ တာဝန်ရှိသူတို့၏ မိန့်ခွန်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ လေတပ်ကလည်း ကောင်းကင်မှ လေယာဉ်များဝဲပျံကာ ဆင်နွှဲခဲ့ကြသည်။