ၾကားသိရသမွ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကိုဗစ်၁၉ ရောဂါကူးစက်ခံရ

ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) တိုင်းမှူး၊ သူ၏ကိုယ်ရေးအရာရှိနှင့် အခြားအရာရှိအချို့ ကိုဗစ်၁၉ ကူးစက်ခံရကြောင်း သိရသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် သူ၏ကိုယ်ရေးအရာရှိအပြင် စစ်ဆင်ရေးဂျီဝမ်းနှင့် ဂျီတူးလည်း ကိုဗစ်၁၉ ကူးစက်ခံရသည်ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“တိုင်းမှူးရော သူ့ PSO ရော၊ စစ်ဆင်ရေးဂျီဝမ်းရော ကိုဗစ်၁၉ ကူးခံရတာ၊ စစ်ဆင်ရေးဂျီဝမ်းက စကူးတာလို့ ကြားတယ်၊ ဖြစ်တာတော့ တစ်ပတ်လောက်ရှိပြီ၊ စနေနေ့က ဂျီတူးနဲ့ ရုံးစာရေးတချို့ထပ်ကူးတယ်” ဟု ဆိုသည်။

ကိုဗစ်၁၉ ကူးစက်ခံရသည့် မ.ပ.ခ တိုင်းမှူးသည် တိုင်းစစ်ဌာနချုပ်ဝင်းရှိ မလိခရိပ်သာတွင် ကုသမှုခံယူနေသည်ဟု သူက ဆက်ပြောသည်။”အဘက မလိခရိပ်သာမှာ ကုနေတာ၊ ကျန်တဲ့သူတွေကိုတော့ စစ်ဆေးရုံမှာ ကုပေးနေတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ကိုဗစ်၁၉ ကူးစက်ခံရသည့် အရာရှိနှင့် စစ်သည်ပိုများလာသည်ဟု သူက ဆက်ပြောသည်။

ဗိုလ်မှူးချုပ်မြတ်သက်ဦးသည် ဖေဖော်ဝါရီလအတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရသူဖြစ်ပြီး ယခင်က ပဲခူးအခြေစိုက် တပ်မ ၇၇ တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

သူသည် ကချင်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ဥပဒေမဲ့ ဖမ်းဆီးထောင်ချရာတွင် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သည်။

ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ် ၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၈၉ ဦးရှိပြီး မြစ်ကြီးနားတွင် ရောဂါကူးစက်ခံရသူ (၈၅) ဦးရှိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

———————–

ကခ်င္ျပည္နယ္အေျခစိုက္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (မ.ပ.ခ) တိုင္းမႉး၊ သူ၏ကိုယ္ေရးအရာရွိႏွင့္ အျခားအရာရွိအခ်ိဳ႕ ကိုဗစ္၁၉ ကူးစက္ခံရေၾကာင္း သိရသည္။
ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ျမတ္သက္ဦးႏွင့္ သူ၏ကိုယ္ေရးအရာရွိအျပင္ စစ္ဆင္ေရးဂ်ီဝမ္းႏွင့္ ဂ်ီတူးလည္း ကိုဗစ္၁၉ ကူးစက္ခံရသည္ဟု ၎တို႔ႏွင့္နီးစပ္သူတစ္ဦးက The 74 Media ကိုေျပာသည္။

“တိုင္းမႉးေရာ သူ႔ PSO ေရာ၊ စစ္ဆင္ေရးဂ်ီဝမ္းေရာ ကိုဗစ္၁၉ ကူးခံရတာ၊ စစ္ဆင္ေရးဂ်ီဝမ္းက စကူးတာလို႔ ၾကားတယ္၊ ျဖစ္တာေတာ့ တစ္ပတ္ေလာက္ရွိၿပီ၊ စေနေန႔က ဂ်ီတူးနဲ႔ ႐ုံးစာေရးတခ်ိဳ႕ထပ္ကူးတယ္” ဟု ဆိုသည္။

ကိုဗစ္၁၉ ကူးစက္ခံရသည့္ မ.ပ.ခ တိုင္းမႉးသည္ တိုင္းစစ္ဌာနခ်ဳပ္ဝင္းရွိ မလိခရိပ္သာတြင္ ကုသမႈခံယူေနသည္ဟု သူက ဆက္ေျပာသည္။”အဘက မလိခရိပ္သာမွာ ကုေနတာ၊ က်န္တဲ့သူေတြကိုေတာ့ စစ္ေဆး႐ုံမွာ ကုေပးေနတယ္” ဟု ဆိုသည္။

လက္ရွိအခ်ိန္တြင္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္အတြင္း ကိုဗစ္၁၉ ကူးစက္ခံရသည့္ အရာရွိႏွင့္ စစ္သည္ပိုမ်ားလာသည္ဟု သူက ဆက္ေျပာသည္။

ဗိုလ္မႉးခ်ဳပ္ျမတ္သက္ဦးသည္ ေဖေဖာ္ဝါရီလအတြင္း ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးအျဖစ္ ခန႔္အပ္တာဝန္ေပးခံခဲ့ရသူျဖစ္ၿပီး ယခင္က ပဲခူးအေျခစိုက္ တပ္မ ၇၇ တြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

သူသည္ ကခ်င္ျပည္နယ္အတြင္းရွိ ၿငိမ္းခ်မ္းစြာဆႏၵျပသည့္ ျပည္သူမ်ားကို အၾကမ္းဖက္ၿဖိဳခြင္းျခင္းႏွင့္ ဥပေဒမဲ့ ဖမ္းဆီးေထာင္ခ်ရာတြင္ အဓိက တာဝန္ရွိသူတစ္ဦးျဖစ္သည္။

ကခ်င္ျပည္နယ္တြင္ ဇြန္လ ၂၀ ရက္ေန႔မွ ဇူလိုင္လ ၅ ရက္ေန႔အထိ ကိုဗစ္ ၁၉ ကူးစက္ခံရသူ စုစုေပါင္း ၁၈၉ ဦးရွိၿပီး ျမစ္ႀကီးနားတြင္ ေရာဂါကူးစက္ခံရသူ (၈၅) ဦးရွိသည္ဟု စစ္ေကာင္စီက သတင္းထုတ္ျပန္ထားသည္။