အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဆက်လက်ထားရှိရေး မြန်မာနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၅၈ ခု၏ တောင်းဆိုမှု အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂက လက်ခံရရှိကြောင်း
တရားဝင်အကြောင်းပြန်ကြား လာသည်ဟု မြန်မာ့အရေးဦးဆောင်လှုပ်ရှားနေသူ Progressive Voice မှ ဒေါ်ခင်ဥမ္မာက လူမှုကွန်ရက်မှတစ်ဆင့် တရားဝင် အသိပေးပြောဆိုသည်။
လက်ရှိတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်လက်တည်ရှိနေပြီး အစည်းအဝေးများဆက်တက်နေမည်ဖြစ်ကြောင်း၊
ကုလသမဂ္ဂတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်နှင့် NUG ၏ ကိုယ်စားလှယ် ၂ ဦးကို မည်သူက တရားဝင်ကိုယ်စားပြုခွင့်ရမည်နည်းဆိုသော ကိစ္စကိုမူ ကုလသမဂ္ဂက ဆက်လက်ကဆောင်ရွက်နေပြီး လာမည့် ဒီဇင်ဘာလမှ အဖြေထွက်ပေါ်နိုင်မည်ဟု ၎င်းက ဆိုသည်။
“ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုသံအမတ်ဦးကျော်မိုးထွန်း ဆက်ရှိရေးကိစ္စ နဲ့ ပတ်သက်လို့ ၉ နိုင်ငံပါဝင်တဲ့ စိစစ်ရေးကော်မတီ (Credentials Committee) က မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှာ ကိုင်တွယ်မယ်ဆိုပြီး အားလုံးစောင့်စားနေကြတာ သိနေလို့ ကျမ မျှဝေချင်ပါတယ်…ကော်မတီက မနက်ဖြန် စ အသက်ဝင်တာနဲ့ ချက်ချင်း ဆွေးနွေး ဆုံးဖြတ်ချက် ချက်ချင်းချပြီး အထွေထွေညီလာခံကို ချက်ချင်း တင်သွင်းဦးမှာ မဟုတ်ပါဘူး…
ကော်မတီအဖွဲ့ဝင် ၉ နိုင်ငံအကြား ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်… အဲ့ဒီ ကော်မတီတွင်းမှာ ဆွေးနွေးပြီး ဆုံးဖြတ်ချက်သဘောတူချမှတ်ပြီးရင်တော့ အထွေထွေ ညီလာခံရဲ့ဆုံးဖြတ်ချက်အဖြစ် အတည်ပြုနိုင်ဖို့ ကော်မတီ က ညီလာခံကို တင်သွင်းပေးမှာဖြစ်ပါတယ်…
ဒီကော်မတီတင်သွင်းလာတာကို ညီလာခံတွင်း ငြင်းပယ်စိန်ခေါ်သူမရှိဘူးဆိုရင်တော့ ညီလာခံရဲ့ ဒီဇင်ဘာလမှာချမှတ်မဲ့ resolution လို့ ခေါ် ဆိုတဲ့ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်ပြီး အတည်ဖြစ်မှာ ဖြစ်ပါတယ်… ဒီဆုံးဖြတ်ချက်က နိုင်ငံကိုယ်စားပြု သံအမတ်တွေကို လာမဲ့ ၂၀၂၂ မှာ ဆက်လက်တာဝန်ထမ်းဆောင်သွားဖို့ ဆိုတဲ့ သဘောဖြစ်ပါတယ်…
မနက်ဖြန် ၁၄ရက်မှာ စပြီး ဒီဇင်ဘာမှာပြီးဆုံးမဲ့ ၇၆ ကြိမ်မြောက် အထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေးကာလ တလျှောက်မှာတော့ ဦးကျော်မိုးထွန်းက မနှစ်က ဆက်လက်ရရှိထားတဲ့ အသိအမှတ်ပြုမြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေတာမို့ အစည်းအဝေးတွေဆက်တက်နေမှာ ဖြစ်တာမို့ တချို့ စိတ်ပူနေသူတွေလည်း အရမ်း စိတ်မပူဖို့ သိရအောင်ဖလှယ်ပေးချင်ပါတယ်” ဟု ဒေါ်ခင်ဥမ္မာက လူမှုကွန်ရက်တွင် တရားဝင် အသိပေး ရေးသားထားသည်။
စစ်ကောင်စီ၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် တက်ခွင့်မပြုရန် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား သဘောတူညီမှု ရရှိထားကြောင်း ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့်လည်း ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက် နေချိန်တွင် မိန့်ခွန်းပြောဆိုခြင်းမရှိစေရဆိုသော သဘောတူညီချက်လည်း ပါဝင်ကြောင်း၊ ဦးကျော်မိုးထွန်းအနေဖြင့် သံအမတ်ကြီးအဖြစ် နိုင်ဝင်ဘာလအထိ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဖောရိန်းပေါ်လစီက ရေးသားဖော်ပြထားသည်။



