ၾကားသိရသမွ်

ဂျူဒိုသင်တန်းဆရာက (၂၇)ကြိမ်အထိကိုင်ပေါက်ခဲ့လို့ သေဆုံးခဲ့ရတဲ့ (၇)နှစ်အရွယ်ကလေးငယ်

ထိုင်ဝမ်၊ တိုင်ပေမြို့က ဂျူဒိုသင်တန်းတစ်ခုမှာ သင်တန်းဆရာက သင်တန်းသားကလေးငယ်တစ်ယောက်ကို မညှာမတာ ရမ်းရမ်းကားကား ကိုင်ပေါက်ခဲ့လို့ ကလေးငယ်ခမျာ ဒဏ်ရာအပြင်းအထန်ရရှိပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးတဲ့ကလေးဟာ အသက်(၇)နှစ်သာရှိသေးပြီး၊ သင်တန်းဆရာက (၂၇)ကြိမ်တိုင်တိုင် ကိုင်ပေါက်တာကို ခံခဲ့ရပါတယ်။

သင်တန်းဆရာအမည်ကတော့ Ho လို့သာ ဖော်ပြထားသလို၊ ကလေးနာမည်ကိုလည်း Huang လို့သာ ဖော်ပြထားပါတယ်။ သူ့ကို Feng Yuan Hospital ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ကြပြီး၊ ဒေါက်တာတွေက ကလေးငယ်ဟာ ကားမတော်တဆမှုကနေ ရရှိတဲ့ဒဏ်ရာတွေထက်တောင် ဆိုးတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

Huang ဟာ အတွင်းကျေဒဏ်ရာ၊ ကိုယ်တွင်းကလီစာတွေ ပျက်ဆီးတဲ့ဒဏ်ရာ၊ အရိုးတွေ ကျိုးတဲ့ဒဏ်ရာတွေနဲ့ အကယ်၍ အသက်မသေဘူးဆိုရင်တောင် ဘဝတစ်လျှောက်လုံး အိပ်ရာထက်ကနေ ထနိုင်တော့မှာမဟုတ်ဘူးလို့ ဒေါက်တာတွေက ပြောခဲ့ပါတယ်။ ကလေးဟာ ဧပြီလ(၂၁)ရက်ကတည်းက ရရှိတဲ့ဒဏ်ရာတွေကြောင့် ကိုမာဝင်ခဲ့ပါတယ်။

ကလေးရဲ့ ရက်ရှည်ကုထုံးဟာ လုံးဝမအောင်မြင်တော့ ဒေါက်တာတွေက တပ်ဆင်ထားတဲ့ ကယ်ဆယ်ရေးကုထုံးတွေကို ဖြုတ်ပစ်လိုက်ကြဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ သို့သော်လည်း သတင်းတွေအရ ကလေးရဲ့ သွေးခုန်နှုန်းနဲ့ သွေးဖိအားဟာ ပုံမှန်ပဲဖြစ်ကြောင်း၊ ဒါကို ဒေါက်တာတွေက ကုသမှုတွေ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာလို့လည်း ဆိုနေပါတယ်။

ကလေးဟာ ပြီးခဲ့တဲ့ဇူလိုင်(၁)ရက်က သေဆုံးသွားပါတယ်။ ဒီဖြစ်စဉ်ကို အစိုးရအကြီးအကဲပိုင်းကလည်း အလွန်စိတ်ဆိုးဒေါသထွက်နေပြီး၊ ကာယကံရှင်မိခင်ဖြစ်သူရဲ့ကိုယ်စား တိုင်ပေမြို့တော်ကောင်စီဝင် Chen Ching-lung က ကလေးမိဘတွေကို ဝန်းရံပေးကြတဲ့ ဒေသခံတွေကို ကျေးဇူးတင်ကြောင်း၊ ကလေးနာရေး ပြီးရင်း သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ဆိုပါတယ်။

BBC နဲ့ မိခင်ဖြစ်သူတို့ ဆက်သွယ်မေးမြန်းမှုမှာ ” ကျွန်မ အဲဒီနေ့က သူ့ကို ကျောင်းပိုခဲ့တာလေး သတိရနေတယ် … သူက တစ်ခါမှ မပြောစဖူး အမေ ဂွတ်ဘိုင်နော်လို့ ပြောတယ် … ကျောင်းကနေ ဂျူဒိုသင်တန်းကို တန်းသွားတာလေ … “လို့ ပြောပါတယ်။ ကလေးဟာ ဂျူဒိုသင်တန်းတက်တာ (၂)ပတ်သာရှိသေးပြီး သင်တန်းဆရာကလည်း ပုံမှန်စိတ်အခြေ ရှိပုံမရပါဘူး။

အခုဆိုရင် သင်တန်းဆရာ Ho ဟာ အမှုပေါင်းများစွာနဲ့ ဖမ်းဆီးခံထားရပါတယ်။ သိရသလောက် သူဟာ လိုင်စင်ရသင်တန်းနည်းပြလဲ မဟုတ်ပါဘူးတဲ့။ သင်တန်းပိုင်ရှင်ကိုလည်း အမှုဖွင့်ထားပါတယ်။ Ho ကို ယခင်က အာမခံနဲ့လွှတ်ထားပေမယ့် အခုတော့ လူသေစေမှုမြောက်လို့ ပြင်းထန်တဲ့ ပုဒ်မတွေထပ်တိုးပြီး ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ သူဟာ ထောင်ဒဏ်တစ်သက်ထိ ရင်ဆိုင်ရနိုင်ခြေ ရှိပါတယ်။

လင်းသုတ