ၾကားသိရသမွ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး အသိအမှတ်ပြုလိုက်ပါပြီ…

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး အသိအမှတ်ပြု၊ မြန်မာ့ပြဿနာ ကပ်ဘေးအဆင့်နှင့်ပြည်တွင်းစစ်ဆီ ဦးတည်နေဟု သတိပေး

ရန်ကုန်၊ ဇူလိုင် ၇

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bacheletက အသိအမှတ်ပြုလိုက်ပြီး မြန်မာ့ပြဿနာသည် လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးအဆင့်နှင့် ပြည်တွင်းစစ်ဆီသို့ ဦးတည်ပြီး အခြေအနေ ဆိုးဝါးနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြပြောဆိုလိုက်သည်။

မြန်မာစစ်တပ်အနေဖြင့် NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲကများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ CDM အဖွဲ့များ၊ အလုပ်သမားသမဂ္ဂ၊ သပိတ်ကော်ငစီများနှင့် တွေ့ဆုံဆွေးနွေးရန် လူ့အခွင့်အရေး မဟာမင်းကြီး က အကြံပြုတိုက်တွန်းသည် ။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် Michelle Bacheletက တင်ပြရာတွင် အမျိုးသားညီညွတ်‌ရေးအစိုးရအမည်ကို ထုတ်ဖော်ပြောဆိုပြီး နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် တောင်းဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် နိုင်ငံရေးပြဿနာမှ လူ့အခွင့်အရေးကပ်ဘေးအထိဆိုက်ရောာက်နေပြီဖြစ်ကြောင်း၊ ပြည်သူ (၉၀၀) ကျော် သတ်ဖြတ်ခံနေရပြီး လူပေါင်း (၅၂၀၀) ကျော် ဖမ်းဆီးခံခဲ့ရကြောင်း၊ လူပေါင်း(၂) သိန်း နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း၊ စစ်တပ်က ကျန်းမာရေးဆေးပေးခန်းများ၊ ယာဉ်များ ကျန်းမာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှု ၂၄၀ ကြိမ်ရှိခဲ့ကြောင်း၊ သတင်းမီဒီယာသမား ၉၀ လောက်ကို ဖမ်းဆီးထားပြီး သတင်းဌာန (၈) ခုကို ပိတ်သိမ်းခဲ့ကြောင်း ပြောဆိုသည်။

FAO၏ အဆိုအရ လူပေါင်း၆ သန်းသည် စားနပ်ရိက္ခာအခက်ကြုံနေရပြီး UNDPရဲ့ ခန့်မှန်းချက်အရ ၂၀၂၂ မတိုင်ခင်မှာ မြန်မာပြည်၏ လူဦးရေတဝက်ကျော်သည် အငတ်ဘေးနှင့်ရင်ဆိုင်ရနိုင်ကြောင်း၊ လက်နက်ကိုင်တုန့်ပြန်မှုများကို စစ်အုပ်စုက အလွန်အကျွံတုန့်ပြန်မှုများ ရှိနေကြောင်း၊ တိုင်းရင်းသားဒေသများတွင် ပြည်သူအပေါ် တိုက်ခိုက်မှု၊ ပုန်းအောင်းရာနေရာများနှင့် ဘာသာရေးအဆောက်အဦများကို လက်နက်ကြီများ၊ လေယာဉ်များနှင့် အလွန်အကျွံတိုက်ခိုက်မှုများရှိနေကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် အနာဂတ်ကို ဖော်ဆောင်နိုင်ရန် အတွက် NUG အစိုးရနှင့်အရပ်ဖက်လူထုအဖွဲ့အစည်းများကို နိုင်ငံရေလုပ်ငန်းစဉ်လမ်းပေါ် တင်ပေးရန် လိုကြောင်း၊ လူငယ်နှင့်အမျိုးသမီးများကို ဦးဆောင်မှုနေရာပေးသင့်ကြောင်း၊ NUG ၏ ရိုဟင်ဂျာဆိုင်ရာသဘောထားသည် အနာဂတ်အတွက်အရေးပါသည့်အရာဖြစ်၍ ကြိုဆိုကြောင်း၊ အာဆီယံ မူအချက်(၅) ချက်ကို လက်ခံပြီး အခြေအနေမဆိုးခင် မြန်မြန်အကောင်အထည်ဖော်စေလိုကြောင်းတိုက်တွန်းသည်။

Photo Credit – Reuters