က်မၼာေရး ဗဟုသုတ

အောက်ဆီဂျင်အခက်အခဲအတွက် “အသက်ရှူသံများ မျှ​ဝေစို့” ရန်ပုံငွေကမ်ပိန်း အားလုံးပါဝင်နိုင်

တကျော့ပြန် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်ရေးမှာ လိုအပ်နေတဲ့ အောက်ဆီဂျင် အခက်အခဲတွေအတွက် ဆေးတက္ကသိုလ်-၁ ​ကျောင်းသားသမဂ္ဂက ဦးဆောင်တဲ့ ရန်ပုံငွေကမ်ပိန်းမှာ ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

ပတ်ဝန်းကျင်မှာ ခုနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေ တနေ့တခြား များပြားလာ​‌နေပြီး ဒီရောဂါဖြစ်ရင်​တော့ oxygen cylinder ဟာ မရှိမဖြစ်​ဆောင်ထားရတဲ့ အရာဖြစ်တာမို့ အောက်ဆီဂျင် ခက်ခဲ​နေတဲ့သူ​တွေအတွက် ကူ​ပေးနိုင်ဖို့ “အသက်ရှူသံများ မျှ​ဝေစို့” ကမ်ပိန်းကို စတင်လိုက်တာလို့ ဆိုပါတယ်။

ဒီကမ်ပိန်းက ရရှိတဲ့ အလှူ​ငွေ​တွေကိုတော့ အောက်ဆီဂျင်စက်ရုံ တည်​ဆောက်ဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်ကာ အဲဒီကနေ တရက်ကို #40L oxygen cylinder အလုံး ၃၀ ကနေ ၄၀ အထိ ဖြည့်တင်း​ပေးနိုင်မှာ ဖြစ်ပါတယ်။

အောက်ဆီဂျင်စက်ရုံတခု တည်​ဆောက်လည်ပတ်ဖို့ ခန့်မှန်းကုန်ကျစရိတ် ကျပ် သိန်း ၁၂၀၀ ကျော်လောက် ကျသင့်မှာမို့ တဦးတယောက်အားနဲ့ မနိုင်တဲ့ ပမာဏအတွက် ပြည်သူအားလုံး အုတ်တချပ် သဲတပွင့် ပါဝင်လှူဒါန်းပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

လတ်တလော တကျော့ပြန်ကူးစက်ပျံ့နှံ့မှုတွေ များပြားလာနေတဲ့ ကိုဗစ်ကပ်ဘေး တတိယလှိုင်းကာလမှာ ရန်ကုန်တိုင်းဟာ တခြားသော တိုင်းနဲ့ ပြည်နယ်တွေနည်းတူ လူနေ ထူထပ်တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အဆိုးဝါးဆုံး အခြေအနေမှာ ရှိနေပြီး အောက်ဆီဂျင်လိုအပ်တဲ့ ပြဿနာတွေနဲ့ လိုအပ်ချက်တွေ ရှိလာနေတာ ဖြစ်ပါတယ်။

တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁ သိန်း ၉ သောင်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၃၉၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါ ကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

Source DVB