ဗဟုသုတ

စိတ်မလွင့်အောင် တရားရှုမှတ်နည်း

စိတ်မလွင့်အောင် တရားရှုမှတ်နည်း

” တရား..အားထုတ်တဲ့အခါ စိတ်လွင့်တာကို မလွင့်အောင် ဘယ်လိုလုပ်မှ ဝိပဿနာဖြစ်မလဲ ” ဆိုတဲ့ပုဂ္ဂိုလ်တို့အတွက်

အခုမှ စပြီး တရားအားထုတ်ကြသူတွေ ပဲ ဖြစ်ဖြစ်၊ အယင်ကတည်းက စလို့အခုလက်ရှိတရားအားထုတ်နေဆဲ ပုဂ္ဂိုလ်တွေ ပဲဖြစ်ဖြစ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှန်သမျှ မလွဲမသွေ ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ စိတ်ပြန့်လွင့် ကြတာတွေ ပဲ ဖြစ်ပါတယ်။တရားမှတ်နေရင်း စိတ်လွင့်တယ် ဆိုတာဘာလဲ ဆိုတော့..

တရားအားထုတ်နေတဲ့အချိန် လက်ရှိ အခြေအနေ ရဲ့အသိတရားဖြစ်စေတဲ့ ရုပ်နာမ်အာရုံတွေ မှာ စိတ်မရှိတော့ဘဲနဲ့၊ အရင်က တွေ့ခဲ့ဖူး၊ မြင်ခဲ့ဖူး၊ ကြုံခဲ့ဖူးတဲ့အာရုံတွေရဲ့နောက်ကို စိတ်က အာရုံပြုမိနေတာ၊ပြီးတော့ တွေဖူးချင်တာ၊ မြင်ဖူးချင်တာ၊ ကြုံဖူးချင်တာတွေ ဖန်တီးပြီးတော့ အဲဒီအာရုံ တွေ ရဲ့နောက်ကို စိတ်က လိုက်ပြီး အာရုံပြုမိနေတာကို ခေါ်ပါတယ်။

ဓမ္မမိတ်ဆွေတို့အနေနဲ့တရားစပြီးအားထုတ်ပြီဆိုရင်…..” စိတ်” ကစပြီး ပြသနာ စဖြစ်တော့တာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့..သံသရာ တစ်လျှောက်လုံးမှာ အဆုံးမ မရှိဘဲ လွှတ်ချင်တိုင်း လွှတ်ထားတဲ့ စိတ်၊ ဟိုလွင့် ဒီလွင့်ဖြစ်နေတာကို သတိမထားမိကြဘဲ နဲ့ခုလို သံဝေဂတွေ ရပြီး တရားအားထုတ်တော့မယ်ဆိုတဲ့ အချိန်ကျမှပဲ စတင်သိလိုက်ရတဲ့အတွက်ကြောင့် ဖြစ်ပါတော့တယ်။ယောဂီဟာ စပြီး တရားအားထုတ်ပြီဆိုတာနဲ့အဲဒီ”စိတ်” နဲ့လိုက်တမ်း ပြေးတမ်း ကစားရင်း၊ တောင်တွေး၊ မြောက်တွေး နဲ့စ ပါတော့တယ်။ ဒါကို နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ မိမိရဲ့တရားအားထုတ်မှုအပေါ် သံသယ ဖြစ်ကြတာပေါ့နော်။

“စိတ်” ပဲလေ.. တွေးမှာပေါ့.. ။ဝိပဿနာ အားထုတ်တယ် ဆိုတာ ပေါ်လာသမျှကိုသာ စောင့်ကြည့်ရတဲ့အလုပ်ပါ၊ ဘာပေါ်ပေါ်ရှုရတဲ့ အလုပ်ပါ။အဲဒီလို စောင့်ကြည့်တယ် ဆိုတော့ တွေ့ပြီပေါ့…။ဒီတစ်သံသရာတစ်လျှောက်လုံးမှာ.. ပြေးနေတဲ့ “စိတ်” ကို သိမှမသိခဲ့ကြတာ..အခုအချိန်ကျမှ တရားအားထုတ်မယ်ဆိုပြီး ဉာဏ်နဲ့သတိထားမိပြီး ကြည့်လိုက်တဲ့ အချိန်လည်းရောက်ရော မိမိရဲ့ စိတ် ဟာ ဟိုတွေး၊ ဒီတွေးဖြစ်နေတာတွေ နဲ့စိတ်တွေက မငြိမ်တဲ့ အပေါ်မိမိ ဖာသာသုံးသပ်ပြီး …….

တစ်နေ့တစ်နေ့ တရားသာ အားထုတ်နေရတယ် ” အော်…စိတ် တွေက လွင့်လိုက်တာ.. နော်.ငါ တရားထိုင်လို့ မရဘူး.. စိတ်မလွင့်အောင် ငါ့ ဘယ်လိုလုပ်ရမလဲ ” ဆိုတဲ့ မေးခွန်းတွေ နဲ့ မိမိ ရဲ့ကျင့်ကြံအားထုတ်နေမှုအပေါ် အားမလို အားရတာတွေ ဖြစ်လာကြပါတယ်။

ရှေးဦးစွာ ဓမ္မမိတ်ဆွေ တို့ကို အားတက်အောင်ပြောရရင်..တစ်ကယ်တော့..စိတ်လွင့်တာ ကို လွင့်မှန်း သိရင် .. “ဒီ သိနေတယ်” ဆိုကတည်းက “တရား ” ဖြစ်နေပါပြီ လို့ ဦးစွာ ပြောလိုက်ပါရစေ။ဘယ်လိုပဲဖြစ်ဖြစ် “ဝိပဿနာ”ဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ရှုမှတ်တာ ဖြစ်တဲ့အတွက် “စိတ်မှာပဲ ပေါ်ပေါ်၊ခန္ဓာကိုယ်မှာပဲ ပေါ်ပေါ်၊ ပေါ်တဲ့ အာရုံတွေတိုင်း ” ကို သတိကပ်ပြီး လိုက်ရှုမှတ်ဖို့ သာ လိုပါတယ်။စိတ်က လွင့်သွားလို့ ပြန်ပြီး သတိရမိတဲ့အချိန်မှာ “စိတ်လွင့်သွားပါလား ” ဆိုတဲ့ “အသိ” ရှိရင် ရပါပြီ။

အဲဒီလိုမဟုတ်ဘဲနဲ့ဓမ္မမိတ်ဆွေက ခုန “လွင့်သွားပါလား” ဆိုတဲ့ “အသိ ” မှာတင် ရပ်မထားပဲ နဲ့ “ဒီစိတ် လွင့်တဲ့ အကြောင်းရာ က ဘာကြောင့်ပေါ်ရတာလဲ၊ ဘယ်က စပြီး ဘာဖြစ်လို့ ခုထိပေါ်ရတာလဲ” ဆိုပြီး လိုက်ပြီးခံစားမှုတွေ၊ လိုက်ပြီး စုံစမ်းထောက်လှမ်းနေမှုတွေ ပြုမနေသင့်ပါဘူး။အခုလောလောဆယ် အချိန် အဲဒီစိတ်ဖြစ်နေတဲ့ “လက်ရှိအခြေအနေ”ကိုပဲ လိုက်ပြီးသိအောင် ရှုမှတ်ရမှာ ဖြစ်ပါတယ်။

အဲလို ရှုမှတ်တဲ့အခါ ဒီစိတ်ပျောက်ပြီး နောက်စိတ်တစ်မျိုး ဖြစ်ပေါ်ရင်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ထပ် စိတ်မှာပဲဖြစ်ဖြစ် ၊ ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် ရှုမှတ်စရာ အာရုံတစ်ခုခု ပေါ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာသမျှကို လိုက်ပြီးသိရှိ ရှုမှတ်နေဖို့ အရေးကြီးပါတယ်။

စိတ်ကူးတာ၊ ကြံစည်တာ၊ တွေးတောတာ၊ ဝမ်းနည်းတာ၊ ဝမ်းသာတာ၊ ဒေါသဖြစ်တာ၊ အလိုမကျတာ၊ ပူတာအေးတာ၊ ပေ့ါတာလေးတာ၊ ကိုက်တာခဲတာ စတဲ့ ဘယ်လိုဟာမျိုးပဲ ပေါ်လာပေါ်လာ “သတိကပ်ပြီး” လိုက်သိလိုက်မှတ်နေဖို့ပါပဲ။ အဲဒီလို ပေါ်ရာပေါ်ရာကို လိုက်သိ၊ လိုက်မှတ်နေတာကိုပဲ “ဝိပဿနာ”ရှုတယ်လို့ ခေါ်တာပဲ ဖြစ်ပါတယ်။

မှတ်ရင်း စဉ်းစားမိပြီး အတွေးတွေ မလွန်မိပါစေနဲ့။တွေးမိသွားရင် လည်း “အော်..တွေးမိသွားပါလား.. ကြည့်စမ်း အခု ဒီတွေးတယ် ဆိုတာချည်းက အခုမရှိတော့ဘူး..ပျက်သွားပါလား”ဆိုတဲ့ အသိနဲ့…
အဲဒီ “ပျက်သွားတာ” ကို ပြန်ရှုပါ။ အဲဒါ..ဝိပဿနာ ပါပဲ..။
ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ က ဝိပဿနာ နဲ့သမထ ကို ခွဲပြီး ဟောထားတာရှိပါတယ်။အဲဒီတရားတော်ထဲက စကားချပ်လေးကို ဒီနေရာမှာ အပ်စပ်မယ် ထင်လို့ ပြန်ပြီးပူဇော်ပြလိုက်ရင်၊ ဓမ္မမိတ်ဆွေတို့ရဲ့ရှုမှတ်အားထုတ်မှုကိုအကျိုးများပြီး အထောက်အကူ ဖြစ်မှာပဲလို့ယူဆမိပါတယ်။

ဗျိုင်းတစ်ကောင် လို ငါးကို စောင့်ဖမ်းတဲ့ နည်း နဲ့ပင့်ကူ လို သားကောင် ကို ဖမ်းနည်း ဆိုပြီး နှစ်နည်းရှိပါတယ်.. တဲ့။ ဗျိုင်းက တော့ ရေထဲကို စောင့် ကြည့်ပြီး တစ်ကောင်လာ တစ်ကောင်ဖမ်းပါတယ်၊ ငါးပဲ ဖမ်းတာ ကျန်တာ မဖမ်းပါဘူး။ အဲဒီနည်း ကို သမထနည်း လို့ခေါ်ပြီးတော့ ၊ ပင့်ကူ နည်းကျတော့ ဘာအကောင် လာလာ စောင့်ကြည့်နေပြီး ပေါ်လာတဲ့ အကောင် ကို ဖမ်းလိုက်၊ ပြီးရင် ကိုယ့်နေရာကနေ ကိုယ်ပြန်ပြီး စောင့်ကြည့်နေလိုက်ယုံပါပဲ။

သဘောကတော့ ထွက်လေ ဝင်လေ အာနာပါန ရှုတဲ့ ပုဂ္ဂိုလ်က မိမိကမ္မဋ္ဌာန်းကို မှတ်နေရင်း အသံကြားတာ၊ အနံ့ရတာ၊ နာကျင်ကိုက်ခဲတာ စတဲ့ ဘာအာရုံပေါ်လာပေါ်လာ ၊ အဲဒီပေါ်လာတာ ကို ရှုလို့ပြီးရင် ကိုယ်မှတ်နေကြ ကမ္မဋ္ဌာန်းကို ပြန်ဆက်မှတ်ယုံပါပဲ၊ အဲဒီသဘောပါ။ဒါကတော့ ဝိပဿနာ နည်းပါ…တဲ့။

တရားဆိုတာ ကြာကြာထိုင်မှ မဟုတ်ပါဘူး၊ ကြာကြာထိုင်မှ ရတဲ့လူရှိသလို ၊ ခဏလေးထိုင်ပြီး တရားထူူး ရသွားကြတဲ့ လူတွေလည်းရှိပါတယ်၊ တွေ့လည်းတွေ့ဖူးပါတယ်။ဒါကတော့ ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်ရည်ဉာဏ်သွေး နဲ့သူပြု ခဲ့တဲ့ သူ့အကြောင်းတရား ကံ နဲ့ဆိုင်တာပေါ့နော်။ပြီးတော့..ဆရာတော်ထပ်ပြီး မိန့်ကြားတဲ့… နောက် ဥပမာ တစ်ခုက..တီဗွီ ကြည့်တဲ့ အခါမှာ နှစ်မျိုးရှိပါတယ်၊ တစ်မျိုးက ဗွီစီဒီ တို့၊ ဒီဗီဒီ တို့ဆိုရင် အောက်စက် နဲ့ ထိုးကြည့်ရပါတယ် ။ဒါမှ မဟုတ်ရင် နောက်တစ်မျိုးကတော့..တီဗွီကနေ တိုက်ရိုက်လွှင့် လို့လာတာ ကြည့်တာမျိုးလည်း ရှိပါတယ်။

သမထ အားထုတ်ဖူးတဲ့ လူကျတော့ ရှင်းသွားပါပြီ၊ ကိုယ်ကြိုက်တဲ့ အခွေ ထိုးပြီး အယင်ကြည့်ယုံပါပဲ။ဝိပဿနာ ကျတော့ ကိုယ်ကြည့်ချင်တဲ့အခွေ ကိုယ် ထိုးကြည့်လို့မရပါဘူး၊ သူပြတာပဲ ကြည့်ရမှာပါ။ ကြော်ငြာလာလည်း ထိုင်ကြည့်ရမှာပါပဲ။ ကြော်ငြာလာလည်း ကြော်ငြာမှန်းသိနေရမှာဖြစ်ပါတယ်။ပြတဲ့ ဇာတ်လမ်း နဲ့သွားရော နေလို့မရပါဘူး။ ပေါ်တာကို ကြည့်နေယုံပါပဲ။ပြတာကိုပဲ ကြည့်ရတာ ဆိုတော့ အခွေ ထိုးကြည့်တာ နဲ့ တော့ဘယ်တူနိုင်ပါ့မလဲ နော်။ဒီတော့ ကြော်ငြာ က အရမ်းများမှာပါ။ တကယ်တော့အဲဒီများလှတဲ့ကြော်ငြာတွေ က ဓမ္မမိတ်ဆွေ လွင့်နေတဲ့ စိတ်တွေပါပဲ။

အဲဒီလို့ လွင့်နေတဲ့စိတ်ကို မလွင့်အောင် အကောင်းဆုံးအကြံပြုဖို့အတွက် စိတ်သဘောကို နည်းနည်း ရှင်းပြပါရစေ။စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘောရှိပါတယ်။ ဝေးဝေး နီးနီး အာရုံမျိုးစုံကို ယူပြီး ရောက်တတ်ပါတယ်။ ပြီးတော့ စိတ်ဟာ တစ်စိတ်ချုပ်မှလည်း နောက်တစ်စိတ်ဖြစ်ပါတယ်။

နောက်ပြီး တော့..စိတ်ကို…လွှတ်ထားတာရယ်၊စိတ်ကို ..ထိန်းထားတာရယ်၊စိတ် ရဲ့သဘောကို သိတာရယ်..လို့ သုံးမျိုးခွဲမှတ်ပါ။စိတ္ကို လြတ္ထားရင္…မကောင်းတဲ့အာရုံတွေ ၊ စိတ်ပူပန်တာတွေ ၊ စိတ်ညစ်စရာတွေကိုသာ အာရုံပြုနေကျဖြစ်နေတော့ စိတ်ဆင်းရဲပူပန်မှုသာ ဖြစ်စေပါတယ်။ အလွယ်ပြောတော့ ဒုက္ခရောက်တယ် ပြောတာပေါ့။

ဒါဖြင့် စိတ်ကို ထိန်းထားရမယ်ဆိုပြန်တော့….ထိန်းတယ်ဆိုတာ ကောင်းတဲ့အာရုံပေါ်မှာ စိတ်ကို တင်ထားတာ။ဒါန နဲ့ ထိန်းရင် အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ပစ္စည်းတွေကို အာရုံပြု၊ သီလနဲ့ ထိန်းရင် ရှောင်ကြဉ်စရာ၊ လွန်ကျူးစရာကို အာရုံပြုစောင့်ထိန်းရတယ်။ သမထဆိုရင်လည်း ကသိုဏ်းနိမိတ်ပညတ်စတဲ့ သမထအာရုံတွေကို အာရုံပြုပြီး ထိန်းထားရပါတယ်။ စိတ်ကိုထိန်းရင် ကုသိုလ် တော့ ဖြစ်ပါတယ်။

ဒါပေမဲ့…လွှတ်ထားခံရတဲ့ သားသမီးတွေဟာ ရာနှုန်းပြည့် ပျက်စီးသွားနိုင်တယ်။ ထိန်းသိမ်းခံထားရတဲ့ သားသမီးတွေကတော့ ကောင်းတဲ့ဘက်ရောက်ဖို့ ရာခိုင်နှုန်းများပေမယ့် ထိန်းသိမ်းမှု လွတ်သွားလို့ထိန်းမနိုင် သိမ်းမရ ဖြစ်တတ်တဲ့ သဘောကို ပြောတာ ဖြစ်ပါတယ်။ မကောင်းတာကို ခိုးကြောင်ခိုးဝှက် လုပ်တတ်တယ်။ ရာနှုန်းပြည့် မကောင်းနိုင်ပါဘူး။

အကောင်းဆုံးကတော့ ပညာရှာရမဲ့ အရွယ် သားသမီးတွေကို ပညာရဲ့ အကျိုးကျေးဇူး၊ ပညာရှိမှ လူရာဝင်တယ်စတဲ့ ပညာကောင်းကြောင်းတွေကို နားလည်အောင် ပြောပေးရပါတယ်။ စီးပွားရှာရမယ့်အရွယ် သားသမီးတွေကို စီးပွားရေးကို စိတ်ပါဝင်စားပြီး ကြိုးစားလာအောင် အထက်တန်းရောက်နိုင်တဲ့အကြောင်းကို သဘောပေါက်နားလည်အောင်၊ အသိဉာဏ်နဲ့ လက်ခံအောင်၊ လက်ခံတဲ့အတိုင်း လိုက်လုပ်အောင် ပြောဆိုပေးရတယ်။ အသိဉာဏ်ပေးရမယ်ပေါ့။

မိမိ”စိတ်”ကိုလည်း သားသမီးသဖွယ် ကောင်းစေချင်လို့ နားလည်အောင် ဆုံးမရမယ်။ ပြောပေးရမယ်။ ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ်ရဲ့ အကြောင်းကို သေချာသိနိုင်ဖို့ ကြိုးစားခိုင်းရပါမယ်။ အသိဉာဏ်တွေတိုးပြီး သိအောင်ပေါ့။ အဲဒီလိုသိအောင် ကြည့်နေတာကို စိတ်အလုပ် လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါမှ သမာဓိ အားကောင်းလာပြီး ဝိပဿနာဉာဏ် ဖြစ်လာမှာ။

ဒါန၊ သီလ၊ သမထကုသိုလ်တွေက သာမန်အားဖြင့် စိတ်ကို ထိန်းကြတဲ့ အလုပ်တွေပါ။ ကုသိုလ်လုပ်နေရင်း တစ်ခါတလေ ထိန်းသိမ်းမှုအောက်ကလွတ်ပြီး မကောင်းတဲ့အာရုံ ရောက်နေတတ်တဲ့ စိတ်မျိုးလည်း ဖြစ်သွားတတ်ပါတယ်။ဝိပဿနာ ဆိုတာ စိတ်ကို လွှတ်ထားတာလည်းမဟုတ် သလို ၊ ထိန်းထားတာလည်း မဟုတ်ပါဘူး၊ ဒီရုပ်ဒီနာမ်ရဲ့ သဘောကိုသိအောင် စိတ်ကို ကြည့်ခိုင်းတာပဲ ဖြစ်ပါတယ်။

အဲဒီလို လွင့်နေတဲ့ စိတ်ကို လွင့်တတ်တဲ့ နာမ်သဘော၊ အာရုံနဲ့ ဆုံတိုင်း သိတတ်တဲ့သဘော၊ ပြောင်းလဲတဲ့ သဘောတွေကို မြင်အောင် ကြည့်ရတာပါ။အဲလိုကြည့်နိုင်ရင်လည်း စိတ်မလွတ်တော့ပါဘူး။

ပြန်လွင့်တတ်တဲ့ စိတ်ကို….“ငါ့စိတ် အပြင်ရောက်နေပါလား၊ ငါ အတွေးတွေ လွန်နေပါလား”…..လို့သိတာနဲ့ တစ်ပြိုင်နက်” ပြန်ပြန်ပြီး ” အမှတ်အာရုံကို ပြန်ယူကာ ကြိုးစားပေးရပါတယ်။ တရားထိုင်ခါစပဲ ရှိသေး စိတ်လွင့်ပြီဆိုတာ သိတာနဲ့တစ်ခါတည်း ပြန်ပြီးအမှတ်ကို ကြိုးစားမှတ်၊ သတိရတိုင်း ပြန်ပြန်ပြီး ဝီရိယ စိုက်ပြီးတော့ ဘယ်လိုမှတ်သင့်သလဲ ဆိုရင်…“ငါ အတတ်နိုင်ဆုံး မထွက်အောင် မှတ်မယ်” ဆိုတဲ့ခံယူချက်နဲ့ စမှတ်ကတည်းက သတိကပ်ကာ အမှတ်ကို အစမှ အဆုံးအထိလိုက်ပြီး သိအောင်ကြိုးစားပေးရပါတယ်။

ကြိုးစားမှတ်ပါလျက်နဲ့ တစ်ခါတစ်ရံ မသိစိတ်က ခေါ်ဆောင်ရာ ပါသွားပြီး အမှတ်အာရုံက လွတ်သွားတာလည်း ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာလည်း ပြန်သတိရတာနဲ့ တစ်ခါပြန်ပြီး အမှတ်အာရုံကို အစ ကနေအဆုံးအထိ မှတ်လို့ရအောင် ကြိုးစားပါ။ ဒီလိုနဲ့ စိတ်ထွက်တိုင်း ပြန်ပြန်ကြိုးစားမယ်ဆိုရင် ဒီစိတ်ဟာ တဖြည်းဖြည်း အထွက်နည်းလာပြီးတော့ အတွေးအမြင် စိတ်ကူးတွေ ကလည်း တဖြည်းဖြည်းနည်းလာပါလိမ့်မယ်။

မှတ်လို့မရဘူး ဆိုပြီး စိတ်ကိုလွတ်ပေးမထားဘဲ…မှတ်နေတုန်း မှာပဲ ပြန်ပြန်ပြီး မှတ်နိုင်အောင် ကြိုးစားပေးတဲ့ “ဝီရိယ”ကို ထပ်ခါထပ်ခါ သတိနဲ့ ကပ်ပေးမယ် ဆိုလို ရှိရင် တဖြည်းဖြည်း သမာဓိတည်လာပြီး စိတ်ပြန့်လွင့်မှု နည်းပါးလာမှာ ဖြစ်ကြောင်း အကြံပြုရင်း လေ့လာမိထားတဲ့ ဆရာတော် သံဃာတော် တို့ရဲ့တရားတော်တွေထဲက စုဆောင်းမိထားသမျှကို ဓမ္မဒါနပြုလိုက်ပါတယ်။

( ခန္ဓာ-၅ပါးတစ်ဦး )