အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ရောင်းချသည့် နွေဦးထီ စမ်းသပ်ကာလ ရောင်းရငွေများမှ CDM ဝန်ထမ်း ၃,၅၀၀ ခန့်ကို ပထမအသုတ်အနေဖြင့် ကူညီထောက်ပံ့နိုင်မည်ဖြစ်ကြောင်း NUG အစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
NUGက ရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီအား စမ်းသပ်ရောင်းချ ကာလဖြစ်သည့် ဩဂုတ် ၁၅ ရက်မှ ဩဂုတ် ၁၉ ရက်အထိ ငါးရက်တာ ကာလအတွင်း ထီလက်မှတ် နှစ်သိန်းခွဲ၊ ငွေကျပ်အားဖြင့် ကျပ်သိန်းငါးထောင်ဖိုးအထိ ရောင်းချနိုင်ခဲ့ပြီး ယင်းအနက် ငွေကျပ် သိန်း ၃၅၀၀ ကို CDM ဝန်ထမ်းများအား ကူညီထောက်ပံ့သွားမည် ဖြစ်သည်။
CDM ဝန်ထမ်းတစ်ဦးကို အများဆုံး ငွေကျပ်တစ်သိန်းအထိ ထောက်ပံ့ကူညီသွားမည်ဖြစ်သည့်အတွက် ပထမအသုတ် ကာလအတွင်း CDM ဝန်ထမ်း ၃၅၀၀ ခန့်ကို NUG အစိုးရက ထောက်ပံ့ကူညီရန် မျှော်မှန်းထားသည်။
“ဒီသိန်းငါးထောင်မှာ သိန်း ၃၅၀၀ ကို CDM ဝန်ထမ်းများကို လွှဲပြောင်း ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒီစမ်းသပ်ကာလမှာ CDM ဝန်ထမ်းတစ်ဦးကို အများဆုံး တစ်သိန်း ပံ့ပိုးနိုင်အောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်” ဟု NUG အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
ဩဂုတ် ၂၄ ရက် (ယနေ့) ညပိုင်းက ကျင်းပပြုလုပ်သည့် NUG အစိုးရ သတင်းစာရှင်းလင်းပွဲတွင် NUG စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးရေး လှုပ်ရှားသည့် ဝန်ထမ်းများအား ကောက်ခံရရှိထားသည့် စာရင်းများအရ CDM ပြုလုပ်သူ ဝန်ထမ်း ၄၁၀,၀၀၀ ကျော်ရှိကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။
နွေဦးထီထိုးသည့် KPay အကောင့်များကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ကန့်သတ်ပိတ်ပင်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း နွေဦးထီကို Wave Money ငွေလွှဲစနစ်တစ်ခုဖြင့်သာ ဆောင်ရွက်ခဲ့သည့်အတွက် KPay အကောင့်များ အပိတ်ခံရခြင်းမရှိကြောင်း ဦးတင်ထွန်းနိုင်က ဆိုသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ပြုလုပ်သည့် CDM ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်ရန်အတွက် NU အစိုးရက ထုတ်ဝေသည့် “အောင်လံလွှင့်ချီ နွေဦးထီ”ကို ဩဂုတ် ၁၅ ရက်က စတင်ရောင်းချခဲ့ပြီး ထီရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများအား ထောက်ပံ့ရန် NUG အစိုးရက ကြေညာထားသည်။