ၾကားသိရသမွ်

ဖမ်းဆီးခံရတဲ့လူငယ် ၂၄ နာရီအတွင်း သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာနေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုသက်နိုင်စိုးကို စစ်ကောင်စီ အဖွဲ့ဝင်တွေက ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ မိသားစုကို အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ပါးလေးတွေမှာ ဆေးလိပ်မီးနဲ့ထိုးထားတဲ့ အညိုရောင်လေးတွေလည်း တွေ့တယ်၊ နောက်ဘက် ဇက်ပိုးမှာ အိနေတဲ့ဟာလည်း တွေ့ရတယ်၊ နောက်ဇက်ကို ရိုက်သတ်တာ၊ နောက်ဇက်မှာပဲ ရိုက်ထားတယ်၊ နားလေးတွေထဲက နည်းနည်းသွေးတွေထွက်နေတယ်၊ လက်ကို ကြိုးချည်ထားတဲ့အရာတွေလည်းတွေ့တယ်” လို့ ကိုသက်နိုင်စိုးရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

ကိုသက်နိုင်စိုးကို ဩဂုတ်လ ၂၄ ရက်ညမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက် နံနက် ၂ နာရီမှာ မိသားစုကို အကြောင်းကြားလာတာဖြစ်ပြီး မနေ့ ညနေ ၅ နာရီမှာပဲ ကိုသက်နိုင်စိုးရဲ့ ရုပ်အလောင်းကို မုံရွာမြို့၊ မြို့မသုသာန်မှာ သင်္ဂြိုဟ်ခဲ့ရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီဟာ ကိုသက်နိုင်စိုးရဲ့ ရုပ်အလောင်းကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်ပိုးထားပြီးသား ရုပ်အလောင်းကို သယ်ဆောင်ဖို့ သုခဟိတနာရေးကူညီမှုနဲ့ သွေးလှူရှင်အသင်းထံ အကြောင်းကြားလာတာလို့ အသင်းရဲ့ အမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

ကိုသက်နိုင်စိုးဟာ မုံရွာမြို့၊ ရတနာပုံရပ်ကွက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းထွက်ပေါ် နေခဲ့ပေမယ့် ဖမ်းဆီးခံရတဲ့နေရာနဲ့ ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကို မသိသေးသလို အဖမ်းမခံရခင် ဩဂုတ်လ ၂၃ ရက်နေ့ကလည်း မုံရွာမြို့က ကိုသက်နိုင်စိုး နေထိုင်ရာနေအိမ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေ လာရောက်ရှာဖွေခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အဲယားကွန်ပြင်တဲ့အလုပ်ကို လုပ်ကိုင်တဲ့ ကိုသက်နိုင်စိုးဟာ မိသားစုထဲမှာ အငယ်သုံးသားဖြစ်ပြီး မိခင်ဖြစ်သူ အစ်မဖြစ်သူတွေနဲ့အတူ နေထိုင်နေသူ ဖြစ်ပါတယ်။

———————

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕မွာေနထိုင္တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ကိုသက္ႏိုင္စိုးကို စစ္ေကာင္စီ အဖြဲ႕ဝင္ေတြက ဩဂုတ္လ ၂၄ ရက္ေန႔မွာ ဖမ္းဆီးခဲ့ၿပီး ၂၄ နာရီမျပည့္ခင္မွာပဲ မိသားစုကို အေလာင္းလာထုတ္ခိုင္းခဲ့တယ္လို႔ မိသားစုဝင္တစ္ဦးက RFA ကို ေျပာပါတယ္။

“ပါးေလးေတြမွာ ေဆးလိပ္မီးနဲ႔ထိုးထားတဲ့ အညိဳေရာင္ေလးေတြလည္း ေတြ႕တယ္၊ ေနာက္ဘက္ ဇက္ပိုးမွာ အိေနတဲ့ဟာလည္း ေတြ႕ရတယ္၊ ေနာက္ဇက္ကို ႐ိုက္သတ္တာ၊ ေနာက္ဇက္မွာပဲ ႐ိုက္ထားတယ္၊ နားေလးေတြထဲက နည္းနည္းေသြးေတြထြက္ေနတယ္၊ လက္ကို ႀကိဳးခ်ည္ထားတဲ့အရာေတြလည္းေတြ႕တယ္” လို႔ ကိုသက္ႏိုင္စိုးရဲ႕ မိခင္ျဖစ္သူက ဆိုပါတယ္။

ကိုသက္ႏိုင္စိုးကို ဩဂုတ္လ ၂၄ ရက္ညမွာ စစ္ေကာင္စီက ဖမ္းဆီးသြားခဲ့ၿပီးေနာက္ ေသဆုံးသြားၿပီျဖစ္ေၾကာင္း ဩဂုတ္လ ၂၅ ရက္ နံနက္ ၂ နာရီမွာ မိသားစုကို အေၾကာင္းၾကားလာတာျဖစ္ၿပီး မေန႔ ညေန ၅ နာရီမွာပဲ ကိုသက္ႏိုင္စိုးရဲ႕ ႐ုပ္အေလာင္းကို မုံ႐ြာၿမိဳ႕၊ ၿမိဳ႕မသုသာန္မွာ သၿဂႋဳဟ္ခဲ့ရတယ္လို႔ မိခင္ျဖစ္သူက ေျပာပါတယ္။

စစ္ေကာင္စီဟာ ကိုသက္ႏိုင္စိုးရဲ႕ ႐ုပ္အေလာင္းကို မုံ႐ြာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံကို ပို႔ေဆာင္ခဲ့ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာျဖစ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ထုတ္ပိုးထားၿပီးသား ႐ုပ္အေလာင္းကို သယ္ေဆာင္ဖို႔ သုခဟိတနာေရးကူညီမႈနဲ႔ ေသြးလႉရွင္အသင္းထံ အေၾကာင္းၾကားလာတာလို႔ အသင္းရဲ႕ အမည္မေဖာ္လိုသူ အဖြဲ႕ဝင္တစ္ဦးက RFA ကိုေျပာပါတယ္။

ကိုသက္ႏိုင္စိုးဟာ မုံ႐ြာၿမိဳ႕၊ ရတနာပုံရပ္ကြက္မွာ ဖမ္းဆီးခံခဲ့ရတယ္လို႔ သတင္းထြက္ေပၚ ေနခဲ့ေပမယ့္ ဖမ္းဆီးခံရတဲ့ေနရာနဲ႔ ဘာေၾကာင့္အဖမ္းခံရတယ္ဆိုတာကို မသိေသးသလို အဖမ္းမခံရခင္ ဩဂုတ္လ ၂၃ ရက္ေန႔ကလည္း မုံ႐ြာၿမိဳ႕က ကိုသက္ႏိုင္စိုး ေနထိုင္ရာေနအိမ္ကို စစ္ေကာင္စီအဖြဲ႕ဝင္ေတြ လာေရာက္ရွာေဖြခဲ့တယ္လို႔ မိခင္ျဖစ္သူက ေျပာပါတယ္။

အဲယားကြန္ျပင္တဲ့အလုပ္ကို လုပ္ကိုင္တဲ့ ကိုသက္ႏိုင္စိုးဟာ မိသားစုထဲမွာ အငယ္သုံးသားျဖစ္ၿပီး မိခင္ျဖစ္သူ အစ္မျဖစ္သူေတြနဲ႔အတူ ေနထိုင္ေနသူ ျဖစ္ပါတယ္။