ၾကားသိရသမွ်

မိုးရေဒဏ်ခံနေရသည့် ကမ္ဘာ့အမွေအနှစ် ပုဂံဘုရားများ ….

မိုးရေဒဏ်ခံနေရသည့် ကမ္ဘာ့အမွေအနှစ် ပုဂံဘုရားများ

ဧရာဝတီ၊ စက်တင်ဘာ ၁၈၊၂၀၂၁

ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ယခုရက်ပိုင်း မိုးများစွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းဘုရားများ၏ ပရိဝုဏ်နှင့် ပရိဝုဏ်အနီး ရေများတင်ကျန်နေပြီး အမွေအနှစ်များအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နေသည်။

ဘုရားပရိဝုဏ်ထဲရှိ ရေများကို မြန်နိုင်သမျှမြန်မြန် စွန့်ထုတ်ကြရန် ရှေးဟောင်းအမွေအနှစ် ချစ်မြတ်နိုးသူများနှင့် အမွေအနှစ်ထိန်းသိမ်းဆိုင်ရာ ပညာရှင်များက တိုက်တွန်းလျက် ရှိသည်။

ထို့ပြင် ရေစိမ့်၊ ရေဝင်၊ ရေနူးသည့် ဒဏ်များကြောင့် နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိသော ပုဂံရှေးဟောင်းဘုရားများတွင် ထိခိုက်ပျက်စီးမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားအမှတ် (၁၀၈) သံပျင်စွာဘုရား၏ တောင်ဘက် တိုက်မနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း ဓမ္မရာဇက ဘုရားကြီး၏ မြောက်ဘက်ခြမ်းရှိ အပြင်မဟာရံတံတိုင်း ပြိုကျပျက်စီးခဲ့သည်။

ထို့ပြင် တရုတ်ပြေးဘုရား အရှေ့တောင်ထောင့်၊ တိုက်မအခြေရှိ ရှေးအုတ်များလည်း မိုးရေဒဏ်ကြောင့် ပဲ့ကျကုန်ကြောင်း သိရသည်။

ရှေးဟောင်းအမွေအနှစ် ပုဂံဘုရားများအား ပြုပြင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် တဦးဖြစ်သူ ကိုဇေမျိုးလင်းက “အခုဖြစ်နေတာတွေက Damp Penetration ကြောင့်ပါ။ ဘုရားထဲ ရေဝပ်နေရင် အဲဒီရေက အောက်ခြေဖောင်ဒေးရှင်းထဲ စိမ့်ဝင်ပါမယ်။ ပုဂံဘုရားတွေရဲ့ မြေဝင် ပန္နက်ဟာ ၄ ပေ ဝန်းကျင် ရှိတတ်တယ်။

မြေဝင်ပန္နက် အုတ်စီတဲ့အခါ ထုံးစံအတိုင်း မြေသားအင်္ဂတေသုံးတယ်။ ရေနူး၊ ရေစိမ့်တဲ့ဒဏ်ကို ကြာကြာခံရရင် အဆင်မပြေပါဘူး။

နောက်ပီး ဘုရားထဲရေဝပ်တာက မြေအောက်ရှေးဟောင်းသုတေသန အထောက်ထား အားလုံးကိုလည်း ပျက်စီးစေပါတယ်” ဟု ပြောသည်။

ထို့ပြင် “လောလောဆယ် အရေးအကြီးဆုံး အလုပ်က ဘုရားထဲ ရေမကျန်အောင် လုပ်ကြပါ။ မိုးရွာလို့ ဘုရားတွေ ပြိုတယ်ဆိုတာ ခုချိန်ထိတော့ ဝုန်းကနဲ ပြိုတဲ့ ရှေးပုဂံခေတ်လက်ရာ မတွေ့သေးဘူး။

သို့ပေမယ့် အစွန်အဖျားတွေကနေ အုတ်ချပ်တွေ လျှောထွက်လာပြီး ပုံပျက်ပြီး ပြိုတာများတယ်။ မြေသားအင်္ဂတေ ရေနူး၊ ရေစိမ့်နေလို့ တွယ်ကုပ်မထားနိုင်လို့ ဖြစ်တာက အဓိအကြောင်းရာ” ဟုလည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

ပုဂံဒေသခံများ၏ ပြောပြချက်အရ ယခုနှစ်သည် မိုးများသည့်နှစ်ဟု ပြောနိုင်ပြီး မိုးဦး၊ မိုးလယ် ကောင်းနေကြောင်း၊ ရေနက်ကွင်းကြီးကဲ့သို့ ဖြစ်နေသော ပုဂံကို ပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး ယခုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ရှေးဟောင်းပုဂံဘုရားများအတွက် စိုးရိမ်ရကြောင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များက ထောက်ပြကြသည်။

ဓာတ်ပုံ – Ko Ko (ကိုလူလှ၊ ပုဂံ)

WhatsHappeningInMyanmar

RejectMilitaryCoup