စစ်တပ်က သားဖြစ်သူကို စစ်ကြောရေးမှာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေမှု ဖခင်ဖြစ်သူ မခံစားနိုင်၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်
By ရန်ကုန်ခေတ်သစ်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှာ အကြမ်းဖက်စစ်တပ်က သားအဖ နှစ်ဦးကို Mytel တာဝါတိုင်တွေ ဖောက်ခွဲဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့ပြီး သားဖြစ်သူ ညဥှ်းပန်းနှိပ်စက်ခံနေရမှုကို ဖခင်ဖြစ်သူက တွေ့မြင်ကြားသိနေရရာက မခံစားနိုင်တော့တဲ့အတွက် နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ရန်ကုန်ခေတ် သစ်ကို ပြောဆိုပါတယ်။

ပေါင်းတည်မြို့မှ ဦးတိုးကြီးနဲ့ သားဖြစ်သူ မောင်သီဟကို စက်တင်ဘာ၁၃ရက်နေ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက Mytel တာဝါတိုင်တွေ ဖောက်ခွဲဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်
အကြမ်းဖက်စစ်တပ်က သားအဖနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားချိန်ကစလို့ စခန်းသွားတဲ့လမ်းတလျှောက်လုံး ကားပေါ်မှာတင်ထုနှက်ရိုက်နှက်နှိပ်စက်ပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောရေးရောက်တဲ့အခါမှာလည်း သားဖြစ်သူကို အပေါ်ထပ်မှာ စစ်ကြောပြီး အောက်ထပ်မှာတော့ ဖခင်ဖြစ်သူ ဦးတိုးကြီးကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်ပါတယ်။
သားဖြစ်သူကို စစ်တပ်က တစ်ချိန်လုံး ညှဉ်းပန်းနှိပ်စက် ရိုက်နှက်သံတွေကို အဖေဖြစ်သူက တစ်ညလုံး၊ တစ်ချိန်လုံး ကြားနေရခဲ့ရတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူကိုယ်တိုင်လည်း စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခံရမှုက မလွတ်မြောက်ခဲ့ပါဘူး။
စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ်မှာတော့ ဖခင်ဖြစ်သူ ဦးတိုးကြီးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် သားဖြစ်သူကိုတော့ ဆက်လက် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေခဲ့ပါတယ်။
စစ်ကြောရေးမှာသားဖြစ်သူကိုနှိပ်စက်နေတဲ့အသံတွေကို ဦးတိုးကြီး နားထဲကမထွက်ဘဲ အိမ်ပြန်ရောက်ချိန်မှာလည်း ဖခင် ဦးတိုးကြီး စိတ်တွေချောက်ချားကာ စိတ်ပုံမှန်မဟုတ်တဲ့ အခြေအနေတွေဖြစ်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူကဆိုပါတယ်။
သားဖြစ်သူကို လွှတ်ပေးဖို့နဲ့ လွတ်အောင် ကြိုးစားပေးဖို့ ပါးစပ် တတွတ်တွတ်ပြောသလို သူ့ကိုလည်း လာဖမ်းကြဦးမှာလို့ ဦးတိုးကြီးက အမြဲပြောနေခဲ့ပါတယ်။ အိမ်ပြတင်းပေါက်ဘေးလေးကနေ လမ်းမပေါ်ကို ကြည့်ပြီး သားဖြစ်သူ ပြန်လာဖို့ စောင့်နေသလို သူ့ကိုလည်း စစ်တပ်က နောက်တစ်ကြိမ် လာခေါ်တော့မှာလို့ ပြောဆိုနေပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ သားဇောကပ်ပြီးပူဆွေးသောကရောက်နေတဲ့ဖခင် ဦးတိုးကြီးက ရပ်ကွက်ဘုန်းကြီးကျောင်းနောက်ဖက်ခြံထဲမှာ ချွန်ထက်တဲ့အရာတခုနဲ့သူ့လည်ပင်းသူလှီးဖြတ်ပြီးအဆုံးစီရင်သွားခဲ့တယ်။ ချွန်ထက်တဲ့ အရာနဲ့ သူ့လည်ပင်းသူ မထိုးခင်မှာ ဦးတိုးကြီးက ကြိုးဆွဲချ အဆုံး စီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ကြိုးပြတ်သွားလို့ အောင်မြင်ပုံမရခဲ့ပါဘူးလို့ သိရပါတယ်။ သစ်ပင်မှာ ကြိုးပြတ် အပိုင်းအစတွေက သူ ကြိုးဆွဲချခဲ့မှု မအောင်မြင်ခဲ့တာကို သက်သေ ထူနေပါတယ်။
ရန်ငြိုးရန်စ မရှိ အေးအေးချမ်းချမ်းနေတတ်တဲ့ ဦးတိုးကြီးသေဆုံးမှုက မိမိကိုယ်ကိုကိုယ် အဆုံးစီရင်သွားတယ်ဆိုတာ မိတ်ဆွေတွေရော ရပ်ရွာအသိုင်း အဝိုင်းကပါ သတိပြုမိခဲ့ကြပါတယ်။ ရဲစခန်းဘက်ကတော့ သေမှုသေခင်း ဖွင့်လှစ်တယ်ထားတယ်လို့ သိရပါတယ်။
“သူက ပြန်လွတ်ကတည်းက သူ့သားလေးကို ကယ်ပေးပါ။ သူ့သားလေးကို တွေ့ချင်တယ်။ သူ့သားလေး အရမ်း ဒုက္ခခံနေရပြီဆိုတာ အမြဲပြောတယ်။ သူကိုယ်တိုင်လည်း စစ်တပ်က လာဖမ်းဦးမှာ ခေါ်ဦးမှာ ပြောတယ်ပေါ့။ အဲဒါမျိုး သူက ဖြစ်နေတာ။ ၁၉ ရက်နေ့မှာတော့ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်။ ပထမ ကြိုးဆွဲချတယ်။ မအောင်မြင်တော့မှ သူ့လည်ပင်းသူ ဓားလိုဟာမျိုးနဲ့ ထိုးပြီး အဆုံးစီရင်သွားတာ။ သူ့အကြောင်း တစ်ရပ်ကွက်လုံး၊ တစ်လမ်းလုံး သိကြတယ်။ ဝမ်းနည်းကြတယ်။ အဖြစ်ဆိုးတာပေါ့ဗျာ။ စစ်ကြောရေးမှာ သူရော သူ့သားရော ဘယ်လောက် နှိပ်စက်ခံရလဲ စဉ်းစားကြည့်ပေါ့” လို့ ဦးတိုးကြီးမိတ်ဆွေက ဆိုပါတယ်။
ဦးတိုးကြီး ကွယ်လွန်သွားပြီဖြစ်ပေမယ့်လည်း ကျန်ရစ်သူဇနီးကတော့ စစ် ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ သားဖြစ်သူကို တွေ့ခွင့်မရသလို သေသလား၊ ရှင်းသလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဆုံးစီရင်သွားတဲ့ ခင်ပွန်းဖြစ်သူနဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ သားဖြစ်သူအတွက် ဦးတိုးကြီးရဲ့ ဇနီးသည်နဲ့ ကျန်ရစ်သူ မိသားစုက အရူးမီးဝိုင်းသလို ခံစားနေရတယ်လို့ ဦးတိုးကြီး မိတ်ဆွေက ဆိုပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံမှာ အခု လက်ရှိ စစ်အာဏာရှင် နှိပ်စက် သတ်ဖြတ်လို့ ဘယ်လောက် ဘဝတွေ မိသားစုတွေဘယ်လောက်တောင်ကြေကွဲပျက်စီးနေပြီလဲဗျာ” လို့ ဦးတိုးကြီးမိတ်ဆွေက ညဉ်းတွားပါတယ်။
ဦးတိုးကြီးရုပ်အလောင်းကို စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီမှာ သဂြိုလ်လိုက်ပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ သားဖြစ်သူကတော့ ဖခင် ဆုံးပါးသွားတာကို သိခွင့်မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။



