ၾကားသိရသမွ်

“သူ့ရဲ့ဒုံးလက်နက်သစ်ကြောင့် ရန်သူတွေ နှစ်ခါပြန်စဉ်းစားရလိမ့်မယ်လို့ သမ္မတပူတင် ကြုံးဝါး “

ယမန်နေ့က ရုရှားနိုင်ငံမြောက်ပိုင်းမှာ နျူလက်နက်ထိပ်ဖူးသယ်ဆောင်နိုင်တဲ့ စွမ်းအားမြင့် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီးနောက် ရုရှားကိုခြိမ်းခြောက်ဖို့ကြိုးစားနေသူတွေ နှစ်ခါပြန်စဉ်းစားဖို့ တွန်းအားပေးနိုင်လိမ့်မယ်လို့ သမ္မတပူတင်ကပြောပါတယ်။

ဆာမက် (The Sarmat) လို့ နာမည်ပေးထားတဲ့ အရွယ်အစားကြီးမားတဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ရုရှားနိုင်ငံမြောက်ပိုင်း ပလီဆက်ဒေသ၊ ကော့စမိုဒရုမ်းမြေပြင်စမ်းသပ်ကွင်းကနေ ပစ်လွှတ်စမ်းသပ်ခဲ့ပြီး နိုင်ငံအရှေ့ဖျား ကမ်ချက်ကာကျွန်းဆွယ်က သတ်မှတ်နေရာကို ကျရောက်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဒုံးကျည်စမ်းသပ်မှုအောင်မြင်ပြီးချိန်မှာပဲ သမ္မတပူတင်က “ဒီ လက်နက်သစ်ဟာ ရုရှားနိုင်ငံကို ပြင်ပရန်တွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ ရုရှားကိုခြိမ်းခြောက်နေတဲ့ ရန်သူတွေလည်း သူတို့လုပ်ရပ်ကို နှစ်ခါ ပြန်စဉ်းစားတော့မှာပါ” လို့ ရုပ်မြင်သံကြားကနေ ပြောကြား ခဲ့ပါတယ်။

အမေရိကန်စောင့်ကြည့်လေ့လာသူတွေကတော့ Sarmat ဒုံးကျည်တစ်စင်းမှာ နျူကလီးယားထိပ်ဖူး ၁၀ ခုအထိ တပ်ဆင်သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဒုံးကျည်ဟာ လက်ရှိရှိနေတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကိုကျော်လွှားနိုင်စွမ်းရှိပြီး ကမ္ဘာ့အဝေးဆုံးပစ်မှတ်တွေကိုပစ်ခတ်နိုင်တဲ့ ရုရှားစစ်တပ်ရဲ့ အထိရောက်ဆုံး ဒုံးကျည်ဖြစ်တယ်လို့ဆိုပါတယ်။

ယခုစမ်းသပ်လိုက်တဲ့ RS-28 Sarmat ဒုံးကျည်ကို ဆိုဗီယက်ခေတ် ဗိုယေဗိုဒါတိုက်ချင်းပစ်ဒုံးကျည်နေရာမှာ အစားထိုးသွားမှာဖြစ်ပြီး မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့မှာ တပ်ဆင်သွားမယ်လို့သိရပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်

ကိုးကား – Aljazeera