“စက်သုံးဆီနှင့် ဝိသမလောဘ”
စက်သုံးဆီတွေပြတ်နေပြီဆိုတဲ့ ကောလဟာလကြောင့် ဆီဆိုင်တွေမှာ ကြိတ်ကြိတ်တိုးပြီး အထိတ်တလန့်ဖြစ်ကုန်ကြတယ်.. ဒီလိုဖြစ်တာကိုလဲ တချို့က ဝမ်းသာနေကြတယ်.. စက်သုံးဆီနဲ့ပတ်သက်လို့ ဘဝင်မကျတာ ကြာပါပြီ ဒေါ်လာနဲ့ဝယ်ရတယ်ဆိုတာ နားလည်ပေမယ့် ဒေါ်လာစျေးတက်တာနဲ့ နာရီမဆိုင်းပဲ ဆီစျေးလိုက်တက်ပြီး စျေးလဲကျရော ဆီစျေးက မကျတာ လူတိုင်းအသိပါ..
စက်သုံးဆီဆိုတာကလဲ အနည်းဆုံး ၃ လလောက်ကြိုဝယ်ထားရတာ ဒေါ်လာစျေးတက်ပေမယ့် သူတို့ဝယ်ထားတာက အရင် ၃ လကစျေး အရင်ဒေါ်လာစျေးနဲ့ရောင်းလို့ရပေမယ့် သူတို့အကြောင်းပြချက်က အခုပြန်ဝယ်ရင် တက်စျေးနဲ့မိမှာမို့လို့တဲ့.. ကောင်းပါပြီ ဒေါ်လာစျေးကျတော့ရော ဘာလို့စျေးမကျတာလဲဆိုတော့ အခုရောင်းနေတာက အရင်တက်စျေးနဲ့ ဝယ်ထားတာမို့လို့ပါတဲ့.. ဘယ်လိုပဲပြောပြော ပြည်သူအများစုကတော့ ခံဘက်ကချည်းပဲ..
ဒေါ်လာစျေးတက်တက် ကျကျ စားသာတာက သူတို့ပဲလေ အဓိက အကြောင်းကတော့ စက်သုံးဆီစျေးကွက်ကို လူ ၅ ယောက်လောက်က ချုပ်ကိုင်ထားတဲ့ မိုနိုပိုလီဖြစ်နေလို့ပါပဲ.. သူတို့အချင်းချင်းညှိပြီးလုပ်ရင် ဘာမှလုပ်လို့မရဘူး.. ဒီနေရာမှာ အများတကာ ကြားဖူးတဲ့ ဆိုရိုးတစ်ခုကို ကိုးကားချင်ပါတယ်..
ဂျပန်ခေတ်မှာပေါ့လေ မြန်မာတွေ ခေါင်း၊ ပန်းလှန်နေတဲ့ ကစားဝိုင်းကို ဂျပန်တစ်ယောက် ရောက်လာတယ်.. စိတ်ဝင်စားလို့ ကြည့်နေတာနဲ့ သူလဲကစားမယ်ဖြစ်လာတာပေါ့.. မြန်မာက ခေါင်း၊ ပန်းလှန်ရင်း ဒီမှာခေါင်းကျတယ် ဘိရုမာစားမယ်.. ဟောဒီတစ်ခါတော့ ပန်းကျတယ် ဘိရုမာစားမယ်.. အဲဒါနဲ့ ၄/၅ ခါလောက်ရှိလာတော့ ဂျပန်က မေးလာတော့တယ်.. “ခေါင်းကျလဲ ဘိရုမာစားတယ် ၊ ပန်းကျလဲ ဘိရုမာစားတယ် မာစတာ ဘယ်တော့ စားရမှာလဲ” တဲ့.. အဲဒီတော့ “မာစတာက ဒေါင်လိုက်ကျရင် စားရမယ်” လို့ ပြောလိုက်ရော အခုလဲ ပြည်သူလူထုက ဒေါင်လိုက်ကျမှ စားရတဲ့ အခြေအနေဖြစ်နေပြီ..
နောက်တစ်ခုက ဒေါ်လာစျေးတက်တဲ့အချိန်မှာ စက်သုံးဆီ လက်ကြီးသမား ၅ ယောက်လောက်ကို တစ်နေ့တစ်နေ့ ဒေါ်လာသန်း ရာနဲ့ချီရောင်းပေးတာဟာ အလကားဖြစ်နေတယ်လို့ ထင်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ အဲဒီဆီဆိုင်တွေက ဘယ်ဆိုင်မှာ ရောင်းပေးပါမယ်လို့ပြောလဲ သွားတဲ့အခါ ကိုယ်တာကုန်သွားပါပြီ ၊ မရှိတော့ပါဘူးဆိုပြီး အပြင်စျေးနဲ့ရောင်းတာ အမြဲကြုံနေရပါတယ်.. မှတ်မှတ်ရရ အစိုးရက ဒေါ်လာရောင်းပေးပြီးနောက်ပိုင်း လျှော့စျေးနဲ့ ရတာဆိုလို့ တစ်ခါပဲ ရှိခဲ့ပါတယ်..
အစိုးရကရောင်းပေးတဲ့ ဒေါ်လာနှုန်းထားနဲ့ ဘယ်ဆိုင်မှာ ဘယ်လောက် ရောင်းသလဲ ? ဘယ်စျေးနဲ့ ရောင်းသလဲ ? ဆိုတာကို စစ်ဆေးတဲ့သူ မရှိသလို သူတို့ကလဲ လုပ်ချင်တိုင်း လုပ်နေတာပါပဲ.. သူတို့ကတော့ ၂ ခါပြန်မြတ်သလောက် ပြည်သူတွေက ခံပေါ့လေ.. အခုလဲ ကောလဟာလထုတ်ပြီး ရိုက်တင်ကြတာ ၁ လီတာကို ၂၀၀ ကျပ်ကနေ ၄၀၀ ကျပ်အထိ ချက်ခြင်း တက်ပစ်လိုက်ကြတာ ၁ ရက်ထဲနဲ့တင် သိန်းကို ထောင်နဲ့၊ သောင်းနဲ့ချီ အလုပ်ဖြစ်ကြမှာ ပြည်သူတွေကတော့ ခံပေါ့လေ..
သူများတကာ တိုင်းပြည်တွေမှာ သဘာဝဘေးနဲ့တွေ့တာဖြစ်ဖြစ် ၊ ပြည်သူတွေဒုက္ခရောက်တာဖြစ်ဖြစ် လမ်းဘေးစျေးဆိုင်တွေကအစ ပုံမှန်စျေးထက်လျှော့ရောင်းကြတယ်တဲ့.. ကိုယ့်ဆီမှာတော့ ခရိုနီ၊ ခရိုနက်တွေကအစ ဂွင်တွေ့ပြီဆိုပြီး ရိုက်စားကြတာ အောက်ကလူတွေဆို ပြောမနေနဲ့တော့.. ကျန်းမာကြပါစေ ချမ်းသာကြပါစေဗျာ..
Tony Myanmar Thiha