ၾကားသိရသမွ်

အမှုတွေမှာဥပဒေနဲ့မညီတာတွေကို ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အမှုတွေကို ရင်ဆိုင်နေရာမှာ ဥပဒေနဲ့မညီတဲ့လုပ်ထုံးလုပ်နည်းတွေကို ပေါ်လွင်အောင် ဖော်ထုတ်ပေးဖို့ ရှေ့နေဖြစ်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတချို့ကို ဒီကနေ့ နေပြည်တော်မှာ ကြားနာစစ်ဆေးရာမှာ သူနဲ့ ရှေ့နေဖြစ်သူတွေ တွေ့ဆုံခွင့်ရခဲ့တာပါ။ တရားခွင်ကြားနာမှုအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်း နန်းလောင်ဝ်က ပြောပြပါမယ်။

အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေထဲက အမှု ၃ မှုနဲ့ ဦးဝင်းမြင့်အမှု ၁ မှု၊ ပေါင်း ၄ မှုကို နေပြည်တော်က သီးသန့်တရားရုံးမှာ ဒီကနေ ကြားနာစစ်ဆေးပါတယ်။

ရှေ့နေတွေနဲ့တွေ့ဆုံစဉ်မှာတော့ ဥပဒေနဲ့မညီတဲ့လုပ်ထုံးလုပ်နည်းတွေကို ဖော်ထုတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတယ်လို့ ရှေနေဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တော့ အမှုသွားတဲ့လမ်းကြောင်းကိစ္စ ညှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုကို strategically မဟာဗျူဟာမြောက် ရင်ဆိုင်ဖို့ သေသေချာချာ စီစဉ်ချမှတ်ဖို့ နည်းဗျူဟာအရတော့ အဆင်ပြေတာလုပ်ပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်က ယေဘုယျအားဖြင့်တော့ မဟာဗျူဟာမြောက်ခုခံပေးဖို့ ဥပဒေကိစ္စတွေကိုတည်ပြီးတော့မှ ဖော်ထုတ်ဖို့ဥပဒေနဲ့ပတ်သက်လို့ ဥပဒေနဲ့မညီတာတွေကိုဖော်ထုတ်ပေးဖို့ ကျန်တဲ့ နည်းပညာပိုင်းကတော့ ကြိုက်သလိုလုပ်ပေါ့နော်။ အမှုကိုဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုပုံစံစစ်သင့်လဲဆိုတာ နည်းဗျူဟာကတော့ကြိုက်သလိုလုပ်ပါတဲ့။ undue processes တွေကိုဖော်ထုတ်ပေးဖို့ပြောပါတယ်။”

ဥပဒေနဲ့မညီတဲ့လုပ်ထုံးလုပ်နည်းတွေကိုဖော်ထုတ်ဖို့ဆိုတဲ့နေရာမှာ ဘယ်အချက်တွေလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမပြောပါဘူး။

ကိုဗစ်ကပ်ရောဂါကြောင့် ၂ လကြာ ရပ်ထားတဲ့ အမှုကြားနာစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ အပတ်ကပဲ နေပြည်တော်မှာ ပြန်စတင် စစ်ဆေးခဲ့တာပါ။ နေပြည်တော်မှာ စွဲဆိုထားတဲ့ ကနဦးအမှု ၅မှု ထဲကမှ ဒီကနေ့မှာတော့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှု ၁ မှု ပေါင်း ၃ မှုကိုစစ်ဆေးခဲ့ပါတယ်။

ဒီကနေ့စစ်ဆေးခဲ့တဲ့ အခြေအနေ အသေးစိတ်ကိုလည်း ဦးခင်မောင်ဇော်ကခုလိုပြောပြပါတယ်။

“ဒီနေ့ဆိုရင် ဒုရဲမှူးကြီးသန်းအေးကို စစ်ပါတယ်။ သူက ဒီအမှုတွေမှာအမှုစစ် ရဲအရာရှိ အများဆုံးလုပ်ထားတာဆိုတော့ သူ့ကိုစစ်ပါတယ်ဗျ။ ဆက်သွယ်ရေးဥပဒေ အမှုမှာ နောက်တိုးသက်သေတယောက်ထပ်တိုးဖို့ လျှောက်ပါတယ်။ ကျနော်တို့က ကန့်ကွက်ပါတယ်။ နောက်တိုးသက်သေက ဆက်သွယ်ရေးဌာနက ကျွမ်းကျင်အရာရှိတဦးလို့ပြောပါတယ်။

ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒါကို ရှေ့အချိန်းမှာ တရားသူကြီးဘက်က အတည်ပြုလျှောက်လဲချက်လုပ်မယ်ပြောပါတယ်။ နောက်တခုကတော့ပို့ကုန်သွင်းကုန်ကိုလည်း ဦးသန်းအေးကိုပဲ စစ်ပါတယ်။ သဘာဝဘေးကတော့ သက်သေမလာလို့ မစစ်ဖြစ်ပါဘူး။ ဒါတွေအကုန်ကို ၂၇ ရက်နေ့ တနင်္လာနေ့ကိုပြန်ချိန်းပါတယ်။”

ပြီးခဲ့တဲ့အပတ်က ကျန်းမာရေးချို့ယွင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတပတ်မှာတော့ ကျန်းမာရေးအခြေအနေကောင်းမွန်စပြုလာပြီလို့ရှေ့နေတွေကပြောပါတယ်။ ဒါ့အပြင်N UG၊ PDF တွေကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူးလို့ ရှေ့နေတွေကိုပြောဆိုခဲ့တယ်ဆိုတဲ့ အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်းကိုလည်း ရှေ့နေတွေကတဆင့် ပြောဆိုခဲ့ပါတယ်။

မနက်ဖြန် စက်တင်ဘာ ၂၁ ရက်ကျရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ တို့အတွက် ကြားနာစစ်ဆေးဖို့ အစီအစဉ ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ မန္တလေးမြို့မှာ တရားစွဲထားတဲ့ အမှု ၄ ခုကိုတော့ လာမယ့်အောက်တိုဘာလ ၁ ရက်နေ့ကစပြီး နေပြည်တော်အထူး တရား ရုံးမှာ သောကြာနေ့တိုင်း တပတ်ခြားတခါ စစ်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်တရားလွှတ်တော်ကို လွှဲပြောင်းထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ၊ တခါ မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၄ မှု အပြင် ခုနောက်ဆုံး ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။