စစ်တပ်၏ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် မစိုးမီမီကျော် အရက်ပျံသောက်၍ သေကြောင်းကြံသော်လည်း မသေဘဲ ဆေးရုံရောက်နေ
ရန်ကုန်၊ စက်တင်ဘာ ၂၂
တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်တပ်က စက်တင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သော မစိုးမီမီကျော်သည် စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်၍ အရက်ပျံသောက်၍ သေကြာင်းကြံသော်လည်း မသေဘဲ စစ်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်တပ်သည် မသျှားပြည့်ခင်ကို online မှတစ်ဆင့် မုန့်ကို လိမ်ညာမှာယူခဲ့ပြီး ပြည်သူအသွင်ယူကာ ဖမ်းဆီးခဲ့ကြောင်း၊ သူမအား ခြိမ်းခြောက်ကာ ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်တို့ နေအိမ်ကို အတင်းအကျပ် ပြသစေခဲ့ပြီး ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်တို့ ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မသျှားပြည့်ခင်နှင့်အတူ အသက်မပြည့်သေးသည့် ကလေးတစ်ယောက်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ၎င်းတို့ ၃ ဦးစလုံး စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းကြောင်း၊ ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင်တို့ကို စစ်ကြောမေးမြန်းပြီးနောက် မစိုးမီမီကျော်အား စာရင်းစာအုပ်များကို ပြကာ ရိုက်နှက်မေးမြန်းကြောင်း သိရှိရသည်။
မစိုးမီမီကျော်သည် အိမ်သာသွားစဉ် အရက်ပျံကို သောက်ကာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သော်လည်း မသေဆုံးဘဲ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ ကျန်းမာရေး အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။
လတ်တလော ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင်တို့သည် ထားဝယ်မြို့မရဲစခန်းသို့ရောက်ရှိနေကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။



