နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာပေးခဲ့တယ်ဆိုပြီး အောက်တိုဘာလ ၁ ရက်နေ့က နေပြည်တော် တရားရုံးမှာ ထွက်ဆိုခဲ့တာဟာ မဟုတ်မမှန်ပါဘူးလို့ ငြင်းဆိုပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ မနေ့က ရှေ့နေတွေနဲ့တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဦးဖြိုးမင်းသိန်းအနေနဲ့ သူ့ကိုဖမ်းဆီးထားတဲ့ စစ်ကောင်စီရဲ့ ခိုင်းစေချက်အတိုင်း ထွက်ဆိုခဲ့တာဖြစ်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအာကာမျိုးထက်က စစ်ကောင်စီဟာ NLD ခေါင်းဆောင်တွေကို သာမက NLD ပါတီကိုပါ ချေမှှုန်းဖို့ ကြံစည်နေတယ်လို့ ပြောပါတယ်။
“ဦးဖြိုးမင်းသိန်းနဲ့ မင်းအောင်လှိုင်နဲ့ ရန်ငြှိုးရှိတယ်၊ တချိန်တုန်းက ဖြိုးမင်းသိန်းက ကာကွယ်ရေးဦးစီးချုပ်ဟာ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲရှိတယ်လို့ ပြောခဲ့ဖူးတယ်၊ နောက်ပြီးတော့ မ.ဘ.သ မလိုအပ်ဘူးလို့လည်း ပြောခဲ့ဖူးတယ်၊ အခုအချိန်မှာ အဲဒီရန်ငြှိုးတွေနဲ့ မတော်မတရား စော်ကားနေတယ်လို့ဘဲ ကျနော် မြင်တယ်၊
ဒီကိစ္စဟာ ဦးဖြိုးမင်းသိန်းကိုရော အမေ ဒေါ်အောင်ဆန်းစုကြည်ကိုပါ တပြိုင်နက်တည်း ငှက် ၂ ကောင်ကို ပစ်ဖို့ ကြိုးစားတာပဲ၊ နောက်တစ်ချက်ကတော့ တရားလိုပြသက်သေရော စွပ်စွဲခံရသူပါ ရန်သူ့လက်ထဲမှာ အကျဉ်းသားတွေ ဖြစ်နေတယ်ဆိုတာ မမေ့ဖို့လိုတယ်၊ အခုအချိန်မှာ အဓိကက စစ်ကောင်စီ ဖယ်ရှားရေးဖြစ်တယ်”
ဦးအာကာမျိုးထက်ဟာ NLD ပါတီက ရွေးချယ်ခံရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်ပါတယ်။ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပြီးခဲ့တဲ့ သောကြာနေ့က တရားရုံးမှာ ထွက်ဆိုပြီးနောက် ချက်ချင်းဆိုသလို နေပြည်တော်ကနေ ရန်ကုန်ကို ပြန်ခေါ်ခဲ့တယ်လို့ စစ်တပ်အသိုင်းအဝန်းနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အခုလို ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး GENERATION WAVE ခေါင်းဆောင် ဦးမိုယ်းသွေး က“သူက အခု အရှေ့ကနေ ထွက်ဆိုချက်ပေးတဲ့အချိန်မှာ အနောက်က ဝက်ခြံထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ထိုင်နေရမယ်ဆိုတော့ ဒါကိုသူ ဘယ်လိုလုပ်ရက်သလဲပေါ့နော်၊ ဘယ်လောက်ပဲ ဖိအားပေးပေး ကိုဖြိုးမင်းသိန်း အနေနဲ့ကတော့ ဒါဟာ DISGRACE ပေါ့နော်၊ တချို့ဝမ်းသာတာတို့ ဘာတို့ကတော့ ကျနော်တို့ကတော့ အဲလို မရှိပါဘူး၊
ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်တို့ NLD တို့ ထောက်ခံသူတွေ မဟုတ်ပါဘူး၊ သို့သော်ငြားလည်း ဒီလိုအခြေအနေမှာ အခုလို နည်းအမျိုးမျိုး နဲ့ မတရား လုပ်ခံရတဲ့ကိစ္စတွေကတော့ ကျနော်တို့ ဝမ်းသာသင့်တဲ့ ကိစ္စမဟုတ်ဘူး၊ တချို့က အဲဒါကို ဖြိုးမင်းသိန်း ခံနေရပြီ ဒေါ်စုလည်း သူ့လူကသူ့ကိုပြန်ပြီး အပြောခံနေရပြီဆိုပြီး ဝမ်းသာအားရဖြစ်နေတဲ့ ဒီမိုကရက်ဆိုသူတွေလည်း ရှိတယ်။
ကျနော်ကတော့ အဲဒါမျိုးကို သဘောမကျဘူး၊ ဒီလူတွေက ပြည်သူလူထု ကိုယ်စားလှယ်တွေဗျာ ဟိုဘက်က မတရားတဲ့ စစ်အာဏာရှင်တွေ။ တကယ်လို့ဒီလူတွေအပေါ်မှာ သံသယရှိတယ်ဆိုရင်တောင် တကယ်လွတ်လပ်ပွင့်လင်းတဲ့ တရားရေးစနစ်နဲ့ တရားရုံးထဲမှာ ဖြေကြားရမှာ၊ ဒါပေမဲ့ လက်နက်ပြပြီး ဖိအားပေးတာဟာ ဝမ်းသာစရာကိစ္စမဟုတ်ဘူး”
တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ အခုလို ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာတွေဟာ စစ်ကောင်စီရဲ့ အကြပ်ကိုင်မှုကြောင့်ဆိုတာ ထင်ရှားတယ်လို့ ဝေဖန်ပါတယ်။
“ဖြိုးမင်းသိန်းက ဘာကြောင့်အခုလိုထွက်ရသလဲ ဥပဒေအရပြောရမယ်ဆိုရင် ဖြိုးမင်းသိန်း သက်သေထွက်တဲ့အချိန်မှာ သူ့မိန်းမကို ဖမ်းထားတယ်၊ သူ့လည်း ဖမ်းထားတယ်၊ တဖက်ကလည်း ခြိမ်းခြောက်တယ်၊
မင်းဗီဒီယိုမှာ ကြိုပြီးပြောထားတဲ့အတိုင်း ကွက်တိထွက်ချင်ထွက် မထွက်ရင်မင်းရော မင်းမိန်းမရော ငါတို့လက်ထဲမှာ၊ တနည်းအားဖြင့် မင်းတို့ သေဖို့သာပြင်ထား မင်းတို့လိုကောင်မျိုးတင် မဟုတ်ဘူး အများကြီး ငါတို့ သတ်ခဲ့ပြီးပြီ၊ ဦးဝင်းတင်ရော၊ မောင်သော်ကတို့ ဦးမောင်ကို တို့ကို သတ်ခဲ့ပြီးပြီ၊ အဲဒီလို အကျပ်အတည်းအောက်မှာ လာရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် မျက်နှာ သူမော့မကြည့်နဲ့လို့ အတိအကျမှာထားတာ၊ နှုတ်မဆက်နဲ့ တခြားဟာတွေ ဘာမှမပြောနဲ့ ကွက်တိထွက်ပြီးပြန်သွား၊ အဲဒီအခြေအနေဟာ ဥပဒေအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း အကျဉ်းအကျပ်ထဲမှာ ရောက်နေပြီးတော့ ဥပဒေအရ သက်သေခံမဝင်ဘူး”
ဒါ့အပြင် လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြန်လှန်မေးခွန်းထုတ်တဲ့အခါ စစ်ကောင်စီခန့်ထားတဲ့ တရားသူကြီးကသာ ဟန့်တားပိတ်ပင်မှု မရှိဘူးဆိုရင် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေကို ကောင်းစွာချေဖျက်နိုင်မှာဖြစ်တယ် ဒါပေမဲ့ ဒီအမှုမှာ အမှန်တရားနဲ့ မျှတမှု ပေါ်ထွက်နိုင်မှာ မဟုတ်ပါဘူးလို့ ရှေ့နေကြီး ဦးကြီးမြင့်က RFA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကအမှု ၁၁ ခုနဲ့ တရားစွဲထားပြီး အဲဒီထဲမှာ အဂတိပုဒ်မ ၅၅ အတွက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။
RFA