ၾကားသိရသမွ်

မုံရွာမြို့မှာ ပရဟိတသမား အပါအဝင် လူ ၅ဦး ဖမ်းခံရပြီး RCတိုက် ၁ လုံးကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်း

မုံရွာမြို့မှာ ပရဟိတသမား အပါအဝင် လူ ၅ဦး ဖမ်းခံရပြီး RCတိုက် ၁ လုံးကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်း

အောက်တိုဘာ ၊ ၅ -၂၀၂၁

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာ လူမှုကယ်ဆယ်ရေး အသင်း ဒု-ဥက္ကဌ အပါအဝင် လူ ၅ ဦးကို ရဲနဲ့ စစ်သားတွေက ဖမ်းဆီးပြီး RC တိုက် ၁ လုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းလိုက်တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

” ပြည်ထောင်စုလမ်းဘေးက ဒေါနခြံရပ်ကွက် NLD ပါတီရုံး လုပ်ခဲ့တဲ့တိုက်ကို အမှုနဲ့ပတ်သက်ပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတယ်ဆိုတဲ့ ဗီနိုင်း ဆိုင်းဘုတ် လာကပ်သွားတယ် ၊

အဲ့ဒီတိုက်မှာ ကနီနယ်ဘက်ကလာတဲ့ ဧည့်သည်တွေကို လက်ခံတဲ့အတွက် သိမ်းတာလို့ ကြားရတယ်၊ အိမ်ရှင် ဦးမောင်မောင်တို့ သားအဖ ၂ ယောက်ကိုလည်း ဖမ်းထားတာ ” လို့ ဒေါနခြံရပ်ကွက်နေ NLD ပါတီဝင်တဦးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့ လူ ၅ ယောက်ကတော့ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်က ဦးမောင်မောင် ၊ သူ့ရဲ့သား ကိုမြတ်ထွဋ်ခေါင်၊ ကနီမြို့နယ် အိုင်တောင်အနောက်ရွာက ကိုဇော်လင်းဦး ၊

ကနီမြို့နယ် သပြေတော ၊ နတ်လာပို့မြောက်ရွာက ကိုဖြိုးဝေထွန်း နဲ့ မုံရွာမြို့ စက်မှုဇုံရပ်ကွက်က မုံရွာလူမှုကယ်ဆယ်ရေးအသင်း ဒု ဥက္ကဌ ကိုစိုးသူရဇော် တို့ဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလူတွေကို ရဲနဲ့စစ်သားတွေ ဖမ်းသွားတုန်းက အိမ်စီးကား ၁ စီး နဲ့ ပိုက်ဆံတွေပါသွားတယ်လို့ သူတို့နဲ့နီးစပ်သူတွေရဲ့ အပြောအရ သိရပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

မုံရွာ လူမှုကယ်ဆယ်ရေးအသင်း ဒု ဥက္ကဌ ဖြစ်သူ ကိုစိုးသူရဇော် အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မုံရွာမြို့ပေါ်ကစေတနာ့ဝန်ထမ်းတယောက်က ” မုံရွာ လူမှုကူညီ ကယ်ဆယ်ရေး အသင်း ဒု ဥက္ကဌ ကိုစိုးသူရဇော် အဖမ်းခံရတာ ဟုတ်တယ် ၊

သူက နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာအရောင်အသွေးမှ ရှိတာမဟုတ်ဘူး ၊ အခု အဖမ်းခံရတာက ကနီနယ်ဘက်က တိုက်ပွဲရှောင်တွေဟာ မိုးရေစိုလို့တောင် အဝတ်လဲစရာမရှိဘူးကြားတော့

လူသားချင်း စာနာကူညီတဲ့အနေနဲ့ သူက အပင်ပန်းခံပြီး အဝတ်အထည်တွေ အလှူခံစုပေးတယ် ၊ အဲ့ဒီ စုထားတဲ့ အဝတ်အထည်တွေကို အခု ပြည်သူပိုင်ဘဏ္ဍာအဖြစ်သိမ်းတယ်ဆိုတဲ့ တိုက်မှာ တွေ့ရလို့ ဖမ်းခံရတာလို့ ကြားရတာ ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ လူ ၅ ယောက်ဟာ အဖမ်းခံရတဲ့ နေ့ရက်တွေ မတူကြပေမယ့် မနေ့ အောက်တိုဘာ ၄ ရက်က မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပြီလို့ ကြားသိရပေမယ့် ရဲစခန်းတွေကတော့ အဲ့ဒီအမှုကို ဖွင့်တယ်၊မဖွင့်ဘူးဆိုတာ ထုတ်ဖော်ပြောကြားတာ တစုံတခုမှ မရှိခဲ့ပါဘူး။

ဒါ့အပြင် အဲ့ဒီ ဘဏ္ဍာသိမ်းတိုက်ရဲ့ အပေါ်ထပ်မျက်နှာစာမှာ အနီရောင်အောက်ခံ ဗီနိုင်းတစ်ခုကို အဖြူရောင် စာလုံးတွေနဲ့ ” ယခု နေအိမ်သည် အကြမ်းဖက်မှု ကျူးလွန်သူ ၅ ဦးအား ပုန်းအောင်ခွင့်ပေးခြင်းနှင့်

ယာယီနေထိုင်ခွင့်ပေးခဲ့ကြောင်း ဖော်ထုတ်ရရှိသည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ အရ နေအိမ် အဆောက်အဦးပိုင်ရှင်အား အရေးယူမည့်အပြင် ပုဒ်မ-၅၆ အရ နေအိမ် အဆောက်အဦးအား နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဖြစ်သည် ” လို့ ရေးသား ချိတ်ဆွဲထားပါတယ်။

အဲ့ဒီ ဘဏ္ဍာသိမ်းတိုက်ရဲ့အနီးဝန်းကျင် စျေးသည်တွေ ပြောနေတာက သေနတ်တွေကိစ္စနဲ့ပတ်သက်ပြီး အခုလို လူတွေကိုဖမ်းတာ၊ တိုက်ကိုသိမ်းတာလို့ ထင်ကြေးပေး နေကြပေမယ့် အဲ့ဒီအချက်ကိုတော့ အခုထိ အတည်မပြုနိုင်သေးပါဘူး။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေရဲ့နောက်ဆက်တွဲပြဌာန်းချက် ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အခုဖြစ်တဲ့ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ပြည်ထောင်စုလမ်းက RC ၁ ထပ်ခွဲတိုက်ကို ဆိုင်းဘုတ်ကပ် သိမ်းဆည်းတာဟာ စစ်ကိုင်းတိုင်းအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ Source; ရွှေဘုန်းမြတ်စံ (VOM)

ပုံစာ -သိမ်းဆည်းခံရသည့် RCတိုက်