ဗဟုသုတ

“သီတင်းကျွတ် လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့” အကြောင်း သိမှတ်ဖွယ်ရာ

“သီတင်းကျွတ် လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့”

သီတင်းကျွတ်လ ၊ သီတင်းကျွတ် အခါသမယ သည် မိုးရာသီ ကုန် လုနီးချိန် ဖြစ်သည်။ မိုးလည်း မပီ ဆောင်း မမည် သေးသော ကာလဖြစ်သည်။

အနောက် တောင်မုတ်သုံလေ တစ်ပြည်လုံးမှ ဆုတ်ခွာစပြုချိန် ဖြစ်၍ မိုးကြွင်းမိုးကျန်များ သာ ရွာလေ့ရှိသည်။ ခြေခင်း လက်ခင်း သာစပြုချိန်၊ ပွင့်လင်း ရာသီ အကြို ကာလဖြစ်သည်။

ရာသီပန်းမှာ ကြာပန်း ဖြစ်သည်။ ပွဲတော်ကို ဝါကျွတ်ပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲ၊ ဆီမီးမြင်းမိုရ်ပွဲ၊ တာဝတိံ သာပွဲ ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြသည်။

ဗုဒ္ဓဒေသနာ အရ သီတင်းကျွတ်လပြည့်နေ့ ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် ပညာရှင် တို့ သတ်မှတ် ခဲ့ကြသည်။ အကြောင်းက နတ်ပြည် ၌ နတ်ပရိတ်များ အဘိဓမ္မာ ဒေသနာ အကျယ်ဟောကြားပြီး ဆုံးသောနေ့ သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်သည်။

စန္ဒကူးတော ၌ အရှင်သာရိပုတ္တရာ အား အဘိဓမ္မာ ဒေသနာ အကျဉ်း ဟောကြားပြီး ဆုံးသော နေ့သည် လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။

အရှင်သာရိပုတ္တရာ က တပည့်ငါးရာ တို့အား အဘိဓမ္မာ ဒေသနာ ကို မကျဉ်း မကျယ် အလယ် အလတ် ဟောကြားပြီးဆုံးသော နေ့သည် လည်း သီတင်းကျွတ် လပြည့်နေ့ ဖြစ်သည်။

ဘုရားရှင် သည် မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ ဝါဆိုလပြည့် ညနေချမ်း ၌ သာဝတ္ထိပြည် အနီး ကောသလမင်း ၏ ဥယျာဉ်မှူး ကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက် အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗ သရက်ဖြူပင် အနီးတွင် တိတ္ထိိ တို့ကို နှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။

ထိုပွဲ အပြီးတွင် မယ်တော်ဟောင်း နတ်သားအား အဘိဓမ္မာ ဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့် သာ တာသတိ ံသာ နတ်ပြည်သို့ ကြွသွားတော် မူသည်။

ပရိသတ်က ဘုရားရှင် ကို မမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါ မထေရ် အား မေးမြန်းရာ မထေရ်မြတ်ရှင်းပြ မှ အကြောင်းစုံ သိကြရသည်။ ပရိသတ်ကြီးက ဘုရားရှင် ကို မဖူးရဘဲ မပြန် ဟု တိုင်ပင်ကြကာ ထိုနေရာမှာ ပဲ ယာယီတဲနန်း ထိုးကာ နေကြလေသည်။

သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန် ထံမှ တစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ ကြွဆင်းတော်မူမည့် အကြောင်း သိရသဖြင့် သင်္ကဿမြို့ကနေ သွားရောက် ကြိုဆို ကြသည်။

ဘုရားရှင်သည် တာဝတိ ံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ ၌ မယ်တော်ဟောင်း သန္တုသိတ အမှူးရှိသော နတ်ဗြဟ္မာ တို့အား ဝါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရား ကို ဟောကြား တော်မူရာ သီတင်းကျွတ်လပြည့် နေ့၌ ပြီးဆုံး လေသည်။

သီတင်းကျွတ် လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက် စကား မိန့်ကြားရာ သိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ စောင်းတန်း သုံးသွယ် တို့ကို ဖန်တီးပေးသည်။

လကျ်ာဘက်ရွှေစောင်းတန်းက နတ်များ အဖို့ ရည်ရွယ်သည်။ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများ အတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်း က ဘုရားရှင်အ တွက် ရည်ရွယ်သည်။ စောင်းတန်း တို့၏ မုခ်ဦး က မြင်းမိုရ်တောင် ထိပ်မှာ ရှိ၍ အခြေက သင်္ကဿမြို့ တံခါး၀ မှာ ရှိ လေသည်။

ဘုရားရှင်သည် လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင် ရပ်လျက် ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ တို့ကို ပြတော်မူ၍ ထက်ကောင်းကင် သို့ ကြည့်တော်မူသော အခါ အကနိဋ္ဌဗြဟ္မာပြည် တိုင်အောင် အဆီးအတား မရှိ ဟင်းလင်းဖြစ်သွားတော့၏။

အောက်ကိုကြည့်သော အခါ အဝီစိငရဲ တိုင်အောင် အပိတ်အပင် အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ထိုအခါ သမယ တွင် ပြည်သူပြည်သားအပေါင်း တို့က မီးရှူးမီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ပန်း၊ ရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည်။

တာဝတိ ံသာ နတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင် သို့လွှတ်တင် ပူဇော်ကြသည်။ ထိုကဲ့သို့ပူဇော်ကြသည် ကို အကြောင်းပြုကာ ယနေ့ခေတ် အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး ၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည်။

အဘိဓမ္မာ တရားသည် အမိကျေးဇူးဆပ် တရားဖြစ်ခြင်း၊ နတ်ပြည်၌ ဟောကြားခြင်း၊ သုံးလကြာမျှ ဟောရခြင်း၊ ပကတိ ဘုရားနှင့် နိမ္မိတ ဘုရားတို့ တစ်လှည့်စီ ဟောကြားခြင်း ဟု ထူးခြားချက် လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။

ပါဋ္ဌိ ၏ နက်နဲခြင်း၊ သဘော အဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း ဉာင်္ဏတော် ၏ နက်နဲခြင်း စသော ဂမ္ဘီရလေးမျိုးနှင့် ပြည့်စုံသော တရားဖြစ်သည်။

အဘိဓမ္မာ တရားတော် ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ် ပူဇော်ခြင်းကြောင့် နမရူပပရိစ္ဆေဒ ဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ကောင်း ဖြစ်ခြင်း၊ ဘေးဥပါဒ်အန္တရယ် ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်း ဟူသော အကျိုးထူး တရားများ ရရှိနိုင်သည်။

သီတင်းကျွတ် လပြည့်နေ့ တွင် ပုရိမဝါ မှ ထမြောက်ကြသော သံဃာတော် အရှင်မြတ်များ သည် မိမိတို့ အချင်းချင်း အပြစ်ကြီးငယ် ရှိပါက သည်းခံ ခွင့်လွတ်ရန်၊ လမ်းမှန်ကို ညွန်ပြရန်၊ သွန်သင် ဆုံးမရန် တောင်းပန်ကြပြီး ပဝါရဏာ ပြုကြ ပါသည်။

ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပဝါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ဤသို့ ဝါလကင်းလွတ်သီတင်းကျွတ်သည် ထူးခြားသော၊ ဗုဒ္ဓဘာသာဝင် မြန်မာ တို့၏ အထင်ကရ ၊ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် ကောင်းမှုများပြုကြသော အချိန်၊ ဗုဒ္ဓ ပူဇနိယပွဲတော် မီးထွန်းပွဲ ၊ ပဝါရဏာ ပွဲ၊ ပူဇော်ကန်တော့ပွဲ၊ တရားပွဲများ၊ လှူဒါန်းပွဲများ ဖြင့် အထူးစည်ကားလှသော အချိန်လည်းဖြစ် သည်။

သီတင်းကျွတ် ပွဲတော်ကာလသည် အဘက်ဘက် က မင်္ဂလာ အပေါင်းနှင့် ခညောင်းလျက် ရှိသော မြန်မာတို့၏ ရိုးရာပွဲတော် အချိန်အခါ သမယပင်ဖြစ် ပါကြောင်း သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့ အကြောင်း သိကောင်းစရာ အဖြာဖြာကို ဝေမျှရင်း ကုသိုလ်ယူပါသည် ခင်ဗျာ…။

အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ…..။

Source : Buddhism