ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခံရ
ဧရာဝတီ၊ အောက်တိုဘာ ၂၀၂၁
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ဘဝအလင်းရောင် ပရဟိတကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့သည့် ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခံရကြောင်း နွေဦးတော်လှန်ရေးသံဃကွန်ရက်ထံမှ သိရသည်။
ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) သည် NLD အစိုးရ လက်ထက်က စစ်တပ်၏ အားနည်းချက်များကို လူမှုကွန်ရက်စာမျက်နှာပေါ် ဝေဖန်ထောက်ပြခဲ့သဖြင့် အကြိမ်ကြိမ် တရားစွဲဆိုခံခဲ့ရသလို စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင်လည်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
“ဦးသောဘိတ (အလင်္ကာကြယ်) ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ထောင် ၂ နှစ် ထပ်ချခံလိုက်ရတယ် ဆိုတာ မှန်တယ်။ ၆၆ (ဃ) နဲ့လည်း ၂ နှစ် ချထားပြီးသား။ ခုလို ထပ်တိုးအမှုနဲ့ တရားစွဲတာကို အမှုရင်ဆိုင်ဖို့ ရှေ့နေငှားရမ်းခွင့် မရဘဲ အဓမ္မ အမိန့်ချမှတ်ခံရတယ်လို့ပဲ မိန့်ချင်တယ်” ဟု နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ ဆရာတော်တပါးက မိန့်သည်။
ဆရာတော် ဦးသောဘိတသည် စစ်တပ်အပေါ် အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများဖြင့် လူမှုကွန်ရက်ပေါ် ရေးသား ဝေဖန်သည် ဟုဆိုကာ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ တဦးက တရားလို ပြုလုပ်၍ ၂၀၁၈ စက်တင်ဘာလက အမရပူရမြို့နယ်တရားရုံးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့သည်။
ယင်းအမှုကို အာမခံဖြင့် ဆက်လက် ရင်ဆိုင်ခဲ့ပြီးနောက် စစ်အာဏာသိမ်းပြီး မတ်လအတွင်းတွင် အမရပူရမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ယခု ထပ်မံ အမိန့်ချမှတ်သည့် ၅၀၅-က အမှုသည် NLD အစိုးရ လက်ထက်ကပင် မြို့နယ်၊ ခရိုင်၊ တိုင်းတရားရုံးများက ပလပ်ခဲ့သည့်အမှု ဖြစ်သော်လည်း စစ်ကောင်စီက ပြင်ဆင်ဖြည့်စွက်ထားသည့် ပုဒ်မဖြင့် ထပ်မံ တရားစွဲဆို ထောင်ချခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးသောဘိတကို စွဲဆိုထားသည့် အမှုများအား ထောင်တွင်း အထူးတရားရုံးဖြင့် စစ်ဆေးထောင်ချခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပုံစာ – ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခံရ
#WhatsHappeningInMyanmar
#RejectMilitaryCoup
unicode
#WhatsHappeningInMyanmar
#RejectMilitaryCoup