ၾကားသိရသမွ်

စစ်ကောင်စီက အွန်လိုင်း စစ်မျက်နှာပြင် ထိန်းချုပ်ဖို့ ရုပ်သံဥပဒေပြင်ဆင်

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို အွန်လိုင်းမီဒီယာတွေကိုပါ ရုပ်သံဥပဒေထဲထည့်ပြီးပြင်ဆင်လိုက်တာဟာ ခေတ်စနစ်နဲ့အညီ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာလို့ပြောပါတယ်။

”တရားဝင်ရော၊ တရားမဝင်ရော အကုန်လုံးကအွန်လိုင်းပေါ်ကလုပ်နေတာ။ သတင်းအမှားဖြန့်ချီတဲ့နေရာ၊ အကြမ်းဖက်မှုနဲ့တရားမဝင်အဖွဲ့အစည်းတွေကိုအားပေးနေတဲ့သူတွေ အများဆုံးပျံ့နှံ့နေတာလည်း ဒီနေရာပဲ” လို့ သူကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရမှာ ပြန်ကြားရေးဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းထားတာမရှိပါဘူး။ ဒါပေမဲ့ NUG အာဘော် Public Voice Television နဲ့ Radio NUG တို့ဟာ ပရိသတ်ထောက်ခံအားပေးမှုအခိုင်အမာရနေတဲ့ ရုပ်သံလွှင့်စာမျက်နှာတွေဖြစ်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်မှာ ဒေသခံ PDF စာမျက်နှာတွေကလည်း ရာဂဏန်းအထိရှိနေတာပါ။

သူတို့ရဲ့ စာမျက်နှာတွေကနေ ကြိုတင်သတိပေးမှုတွေ လုပ်တတ်သလို ပစ်ခတ်လုပ်ကြံမှုတွေကို အက်ရှင်ကားဆန်ဆန် ရိုက်ကူးထုတ်လွှင့်တာတွေပါရှိလာနေပါတယ်။

ထင်ရှားကျော်ကြားသူတွေ၊ အနုပညာရှင်တွေ နဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူအများစုကလည်း လူမှုကွန်ရက်မှာ အင်အားကောင်းကောင်းနဲ့ရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ မြေပြင်တိုက်ပွဲရော အွန်လိုင်းပေါ်က တိုက်ပွဲကိုပါ ဆင်နွှဲနေရတာပါ။

နည်းပညာတွေအချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ စစ်ကောင်စီရဲ့ အခုလိုဥပဒေပြင်ဆင်မှုက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ လူငယ်နည်းပညာသမားတစ်ဦးကပြောပါတယ်။

” ဒီခေတ်ကြီးမှာ သတင်းစီးဆင်းမှုကို သူတို့ဘယ်လိုထိန်းချုပ်နိုင်မလဲဗျာ။ ဒီအမိန့်ကစာရွက်ပေါ်မှာပဲရှိမှာ” လို့ သူကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့အာဏာတည်မြဲဖို့ မီဒီယာမှမဟုတ်ဘဲ ကဏ္ဍစုံကို ဖိနှိပ်နေတယ်လို့ Delta အယ်ဒီတာချုပ် ကိုစိုးရက ပြောပါတယ်။

” အခုလိုထောင်ဒဏ်တွေထပ်တိုးတာက သူတို့နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာကို ပြတာ။ သူတို့ကို ဆန့်ကျင်တဲ့ဘယ်သူ့ကိုမဆိုဖမ်းဖို့လုပ်နေတာ ” လို့ သူက ပြောပါတယ်။

မဇ္စျိမ၊ ခေတ်သစ်မီဒီယာ၊ DVB ၊ Myanmar Now၊ 7 Day ၊တာချီလိတ်သတင်းအေဂျင်စီ၊ မြစ်ကြီးနားဂျာနယ်၊ The 74 Media နဲ့ Delta News Agency တို့ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းထားပါတယ်။

ဒါပေမဲ့ 7 Day နဲ့ မြစ်ကြီးနားဂျာနယ်တို့က လွဲလို့ ကျန်တဲ့ မီဒီယာတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

” သူတို့ ထုတ်တဲ့ဥပဒေတွေ လိုက်နာစရာလည်းမလိုဘူး။ ဂရုလည်း မစိုက်ဘူး” လို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရ ကပြောပါတယ်။

crd-bbc

 

*******************