ရုရှားနိုင်ငံ၊ ရွှေစည်းခုံစေတီတော်ကြီးအား ရွှေထီးတော်တင်လှူပွဲတွင် သီတဂူဆရာတော်ကြီးက မြန်မာပြည်အတွင်း စစ်ပွဲများ လုံးဝချုပ်ငြိမ်းရန် ဆုတောင်းမေတ္တာပို့
Nov 19, 7:10 AM
ရုရှားနိုင်ငံ၊ မော်စကိုမြို့အနီးတည်ထားသည့် ရွှေစည်းခုံစေတီတော်ကြီး၏ ဘုံ ၁၁ ဆင့်ပါ ရွှေထီးတော်တင်လှူခြင်းအခမ်အနားကို တန်ဆောင်မုန်းလပြည့်နေ့က အောင်မြင်စွာကျင်းပခဲ့ရာ အခမ်းအနားတွင် သီတဂူဆရာတော်ကြီးက မြန်မာပြည်တွင်း၌ စစ်ပွဲများလုံးဝချုပ်ငြိမ်းကာ အေးချမ်းသာယာရှိစေကြောင်း မေတ္တာပို့ဆုတောင်းခဲ့သည်ဟု သီတဂူသာသနာပြုအဖွဲ့က သတင်းထုတ်ပြန်သည်။

အခမ်းအနား ပထမပိုင်းတွင် သီတဂူဆရာတော်ကြီးက ကြွရာက်လာသော ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်သံရုံးမိသားစုများ၊ စစ်သံမှူးကြီးနှင့်စစ်သံရုံး မိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာသင်ကြားနေကြသော ကျောင်းသားများ၊ သီတဂူမြန်မာမှုပညာရှင်များကို သီလပေးသည်။
ထို့နောက် သီတဂူဆရာတော်ကြီးနှင့်တပည့် သီတဂူဗုဒ္ဓဝိဟာရ (မော်စကို) ကျောင်းထိုင်ဆရာတော် အရှင်ဒေါက်တာအစ္ဆရိယ၊ အရှင်နန္ဒမာလာလင်္ကာရတို့က မေတ္တာသုတ်ပရိတ်တော်ရွတ်ဖတ်ပွားများကြသည်။

သီတဂူဆရာတော်ကြီးက ဇယန္တော ဗောဓိယာ အစချီသော အောင်ဂါထာကို ရွတ်ဆိုကာ ယနေ့ယခု ပြုလုပ်ရသောကောင်းမှုများ၏အစွမ်းသတ္တိကြောင့် မြန်မာပြည်တဝှမ်း စစ်ပွဲများ လုံး၀ချုပ်ငြိမ်းကာ ငြိမ်းချမ်းသာယာရှိပါစေ၊ ကမ္ဘာတဝှမ်းစစ်ပွဲများလုံး၀ချုပ်ငြိမ်းကာ ငြိမ်းချမ်းသာယာရှိပါစေကြောင်းဆုတောင်းကာ ကုသိုလ်ကောင်းမှုအဖို့ဘာဂကို ၃၁ဘုံသားအားလုံးရစေကြောင်း အမျှဝေပါသည်။

ယင်းနောက် ရွှေထီးတော်ဘုံအဆင့်ဆင့်ကိုတင်လှူပြီးနောက် သာသနာ့အလံတော်ကို လွှင့်ထူကြသည်။
အခမ်းအနားအပြီးတွင် သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးကြီးနှင့်ဇနီး၊ သံရုးစစ်သံရုံးမိသားစုတို့က သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်သည်များကို နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

#မန္တလေးသတင်းကွန်ရက်
ဓာတ်ပုံ သီတဂူသာသနာပြုအဖွဲ့
unicode
Nov 19, 7:10 AM



