ရန်ကုန်မှာ ကျောက်စိမ်းတောင်ကြီးရှိတယ်တဲ့
အရမ်းထူးဆန်းပြီး အံ့သြသွားမယ်ထင်ပါတယ် ကျွန်မတို့ ရန်ကုန်သူ/သားတွေနဲ့ မစိမ်းတဲ့နေရာဖြစ်ပေမယ့် သတိမထားမိတဲ့နေရာတစ်ခုမှာပါ
နိုင်ငံခြားသားတွေအနေနဲ့ကျတော့ အရမ်းကို ထူးဆန်းပြီး သူတို့ကိုယ်တိုင် ကျောက်စိမ်းတောင်ဆိုပြီး တင်စားထားတဲ့နေရာလေးကတော့ ဆဌမသင်္ဂါယနတင်ခဲ့တဲ့ သီရိမင်္ဂလာကုန်း ကမ္ဘာအေးစေတီရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးရဲ့အဝင်လမ်းမုဒ်ဝကြီးပဲဖြစ်ပါတယ်

မဟာပါသာဏလိုဏ်ဂူတော်ကြီးအဝင်လမ်းက တောင်ကြီးသဖွယ် သဘာဝလိုဏ်ဂူကြီးသဖွယ်ဖြစ်နေတာပါပဲ အနီးကပ်ရောက်လေ…. ကျောက်စိမ်းတုံးများကပ်ထားတဲ့တောင်ကြီး နေရောင်အောက်မှာ ဝင့်ကြွားစွာနဲ့ နတ်ပြည်ဝင်ပေါက်သကဲ့သို့ ဖြစ်နေတာပါပဲ
ရှုထောင့်အမျိုးမျိုးကနေ ပုံစံအမျိုးမျိုးကွဲပြားစွာနဲ့ ထူးဆန်းနေတာက ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေတာပါ နံရံဘေးနှစ်ဖက်နှစ်ချပ်က ကျောက်ပြားများဟာ ကျောက်စိမ်းပြား သကဲ့သို့ လှပနေတာကြောင့် နိုင်ငံခြားသားခရီးသွားတော်တော်များများရဲ့ စိတ်ဝင်စားမှု ရရှိစေတာအမှန်ပါ

လိုဏ်ဂူကြီးအတွင်းမှာ ဗုဒ္ဓသာသနာဆိုင်ရာ အသုံးအဆောင်များ ညီညာစွာနဲ့ခင်းကျင်းထားပြီး ခမ်းနားလို့နေပါတယ် ဆဌမအကြိမ်မြောက် သင်္ဂါယနတင်ရန် တည်ဆောက်ခဲ့တာကြောင့် ဆဌမသင်္ဂါယနတင် အမှတ်အသားကို ချိတ်ဆွဲထားပြီး ဘေးနှစ်ဖက်တွင် လှေကားထစ်ပုံစံဖြင့် အတန်းလိုက် ကျွန်းထိုင်ခုံများ စီတန်းထားပါတယ်

ထိုင်ခုံများရဲ့အပေါ်တစ်ထပ်တွင် အင်္ဂလိပ်အက္ခရာ U သဏ္ဍာန်ဖြင့် ဗုဒ္ဓရုပ်ပွားတော်ငယ် အဆူ ၁၀၀ ကျော် ကိန်းဝပ်စံပယ်လျက်ရှိပါတယ် ခန်းမကြီးထဲမှ တိုင်လုံးကြီး ၆ တိုင်မှာလည်း ကျောက်စိမ်းပြားများဖြင့် ခမ်းနားဝင့်ကြွားလို့နေပါတယ်

ခန်းမတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ပါက မြန်မာနိုင်ငံရဲ့ အခမ်းနားဆုံး အမြင့်မြတ်ဆုံးသော သာသနာ့အဆောက်အဉီးကြီး ပဲဖြစ်ပါတယ်
သီရိမင်္ဂလာကုန်း ကမ္ဘာအေးစေတီတည်ထားတဲ့ ကုန်းပေါ်မှာ ဆဋ္ဌသင်္ဂါယနာတင်ရန်ရည်ရွယ်ချက်ဖြင့် လှိုဏ်ဂူကြီးကို တည်ဆောက်ထားခြင်းဖြစ်ပါတယ်

ဆဌမသင်္ဂါယနတင်ရန် ဖြစ်လာတဲ့အကြောင်းအရင်း
သာသနာတော်နှစ် ၂၄၉၈၊ (ခရစ်နှစ် ၁၉၅၄၊ မြန်မာသက္ကရာဇ် ၁၃၁၆)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌမသင်္ဂါယနာ တင်ခဲ့ကြပါတယ်

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်တဲ့ မြန်မာနိုင်ငံဟာ သူ့ကျွန်ဘဝ နှစ် ၁၀ဝ ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့ရခြင်းကြောင့် သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့အတွက် ဆဋ္ဌမအကြိမ်မြောက် သင်္ဂါယနာတင်ကြခြင်း ဖြစ်ပါတယ်
ရဟန်းသံဃာဘက်မှ ဦးဆောင်သူ ဆရာတော်များမှာ
ညောင်ရမ်းဆရာတော် အရှင်ရေဝတ၊
မဟာစည်ဆရာတော် အရှင်သောဘဏ၊
မင်းကွန်းဆရာတော်
အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်များမှ ဦးဆောင်ပြီး
မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ ၅ နိုင်ငံမှ ရဟန်းသံဃာတော် ၂၅၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြပါတယ်

သင်္ဂါယနာပွဲကြီးကို မြန်မာနိုင်ငံသမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်ဦးနုက သင်္ဂါယနာတင်ရခြင်းအကြောင်းကို လျှောက်ထားခဲ့ပါတယ် တက်ရောက်ခဲ့သော နိုင်ငံတကာအသီးသီးမှ ခေါင်းဆောင်များအပြင် ထေရဝါဒ၊မဟာယနမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး
သဝဏ်လွှာများကို ဗြိတိသျှဘုရင်မ အဲလိဇဘက်၊ အိန္ဒိယသမ္မတ ဒေါက်တာ ရာဂျိန္ဒရာပရာဆာဒ် နှင့် ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၊ ထိုင်းဘုရင် ဘူမိဘောလ် နှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်များက ပေးပို့ခဲ့ကြပါတယ်
ဖဆပလ ဦးနုအစိုးရဦးဆောင်တဲ့ မင်းထုနဲ့ သာသနာဝင်များ ပြည်သူလူထုစတဲ့ ထု ၃ ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋိကတ်တော်များကို စာအုပ်များပေါ်မှာ ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်နိုင်ရန်ဖြစ်ပါတယ်

ပိဋိကတ်သုံးပုံကို တည်းဖြတ်ရာမှာ မန္တလေးပဉ္စမသင်္ဂါယနမူကို အခြေပြုပြီး ထိုင်းမူ၊ ကမ္ဗောဒီးယားမူ၊ လာအိုမူ၊ သီဟိုဠ်မူ၊ လန်ဒန်ပီတီအက်စ်မူတို့နဲ့ ညှိနှိုင်းတိုက်ဆိုင်ပြီး တည်းဖြတ်သုတ်သင်ခဲ့ကြပါတယ် ထိုမူခြောက်ခုစလုံးရဲ့ မူကွဲများကို သီခြားမှတ်တမ်းတင်ပြီး ပြုစုခဲ့ကြပါတယ်
ကိုးကား
– Wikipedia
– ကိုယ်ပိုင်မှတ်စု
#CRDMingalar Buddha မိသားစု
#နော်ဂဲလယ်ထူး (စာပေပရဟိတ)



