ၾကားသိရသမွ်

မနက်ဖြန် နို၀င်ဘာလ ၃၀ရက်နေ့မှာ အမြင့်ဆုံးပစ်ဒဏ်အဖြစ် စီရင်ချက်ချနိုင်ဖွယ်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု

မနက်ဖြန် နို၀င်ဘာလ ၃၀ရက်နေ့မှာ အမြင့်ဆုံးပစ်ဒဏ်အဖြစ် စီရင်ချက်ချနိုင်ဖွယ်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု

ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် စီရင်ချက်ချနိုင်ဖွယ်ရှိ
~~~~~
■ အဖမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေအတွက် ပထမဆုံး စီရင်ချက်ချတာကို မနက်ဖြန် အင်္ဂါနေ့မှာ ကြုံရနိုင်ဖွယ်ရှိတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ပုဒ်မ – ၅၀၅ (ခ) နဲ့ စွဲချက်တင်ထားတဲ့အမှုကို မနက်ဖြန် နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ စီရင်ချက်ချဖို့ တရားရုံးက စီစဉ်ထားတာလို့ ရှေ့နေအသိုင်းအဝန်းက ပြောပါတယ်။ မနက်ဖြန် စီရင်ချက်ချတဲ့အခါ ပြစ်မှုကျူးလွန်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် သုံးနှစ်အထိ ချခံရမှာ ဖြစ်ပါတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့အမှုက ၁၁ ခု ရှိနေပြီး ဒီအမှုတွေ အကုန်လုံးကို ပြစ်ဒဏ်ပေးမယ်ဆိုရင် ဆယ်စုနှစ်တွေနဲ့ချီပြီး ထောင်ဒဏ်ကျခံရမယ့်သဘော ရှိပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘလ်ငြိမ်းချမ်းရေးဆုရှင်ကို မြန်မာ့နိုင်ငံရေးမှာ လုံးဝပါလို့ မရနိုင်တော့အောင် ဖယ်ရှားပစ်ဖို့ ရည်ရွယ်ပြီးလုပ်နေတာလို့ လေ့လာသူတွေက သုံးသပ်ကြ ပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီမှာ ဘယ်လိုအစီအစဉ်ရှိသလဲ ဆိုတာကိုတော့ မသိသေးပါဘူး။ စီရင်ချက်ချမယ့်ကိစ္စကိုလည်း အာဏာပိုင်တွေက အချိန်ရွှေ့ဆိုင်းနိုင်ပါတယ်။ မြန်မာ့အရေးလေ့လာသူ တစ်ဦးဖြစ်တဲ့ David Mathieson ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်းထန်တဲ့ ပြစ်ဒဏ် တွေကျခံရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲက တခြား အမျိုးသမီးအကျဉ်းသားတွေနဲ့ အတူထားမှာလား၊ အထူး သီးသန့် ဖမ်းဆီးထားမှာလားဆိုတာကတော့ မေးစရာပဲလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်မယ့် တရားရုံးစီရင်ချက် မျှတနိုင်ဖွယ်မရှိ (ရှေ့နေ ဦးမင်းလွင်ဦး)

(Zawgyi / Unicode)

လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက ၅၀၅ (ခ) ဆူပူလှုံ့ဆော်နဲ့ စွဲဆိုထားတဲ့အမှုကို တရားရုံးက အမိန့်ချမှတ်ပါတော့မယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ဒီအမှုဟာ သက်သေအထောက်အထားနဲ့ အကြောင်းခြင်းရာတွေ မခိုင်လုံဘဲ နိုင်ငံရေးအရ အပြစ်ပေးချင်လို့ တမင်ဖန်တီးထားတာသာ ဖြစ်တယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပြောဆိုပါတယ်။ အပြည့်အစုံကို သိရှိနိုင်ဖို့ ဦးမင်းလွင်ဦးကို ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇော်မိုးကျော် – ဦးမင်းလွင်ဦးခင်ဗျာ၊ ပထမဦးဆုံး ကျနော်မေးချင်တာကတော့ ဒီလိုပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလကုန်ပိုင်းမှာလည်း အမိန့်ချမယ်လို့ သတင်းတွေ ကျနော်တို့ ကြားရပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ခြုံငုံသုံးသပ်မယ်ဆိုရင် ဦးမင်းလွင်ဦး ဘယ်လိုသုံးသပ်ချင်ပါလဲခင်ဗျ။

ဦးမင်းလွင်ဦး – “ပထမဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ စွဲဆိုထားတဲ့အမှုတွေ အားလုံးကတော့ လုပ်ကြံဖန်တီးပြီးတော့ စွဲဆိုထားတဲ့ အမှုတွေလို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်ခင်ဗျ။”

ကိုဇော်မိုးကျော် – အဲဒီတော့ အခု ဒီ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှုတွေထဲက ၅၀၅ (ခ) နဲ့ အမှုကို အမိန့်ချမယ်လို့ ကြားရပါတယ်။ ဆိုတော့ ဒီအမှုနဲ့ ပတ်သက်လို့ရော သူ့အပေါ်မှာ အဓိက ဘယ်အချက်အပေါ်မှာ မူတည်ပြီးတော့ စွဲထားတယ်လို့ ဦးမင်းလွင်ဦး လေ့လာသိရှိထားပါသလဲ။

ဦးမင်းလွင်ဦး – “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်အပေါ်မှာ မူတည်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့ကိစ္စက လွန်စွာမှပင် မှားယွင်းနေတယ်လို့ ကျနော်တို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဖဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ဖမ်းဆီးခံနေရပြီးသား ဖြစ်တယ်။ ဖမ်းဆီးခံပြီးတော့ ၁ ပတ်အကြာမှထုတ်တဲ့ Statement (ကြေညာချက်) အပေါ်မှာ မူတည်ပြီး စွဲဆိုထားတာ ဖြစ်တဲ့အတွက် လွန်စွာမှပင် မှားယွင်းနေတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။”

ကိုဇော်မိုးကျော် – အဲဒီတော့ ဒီ ၃၀ ရက်နေ့မှာ ဒီမှုနဲ့ပတ်သက်လို့ အမိန့်ချမယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ဟို ကျနော် ဒီကြားထဲမှာ သိချင်တာတခုက ဒီလိုပါ၊ ဒီအမိန့်ချမယ့်အဆင့်ကို ရောက်သွားပြီဆိုတော့ တရားခွင်မှာပေါ့နော် တဖက်က တရားလိုဘက်က တင်ပြတဲ့ စွဲချက်က ခိုင်မာတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီးလို့ အမှုကို စွဲချက်တင်တာလားခင်ဗျ။

ဦးမင်းလွင်ဦး – “အဲတော့ ဒီအမှုကို စွဲဆိုထားတဲ့ အမှုက သက်သေလည်း မခိုင်လုံဘူး၊ အကြောင်းခြင်းရာလည်း မခိုင်လုံဘူး။ သို့သော်လည်းပဲ နိုင်ငံရေးအရ ဒီအမှုကို အပြစ်ပေးဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တယ်လို့ပဲ ကျနော်တို့က မြင်ပါတယ်ခင်ဗျ။”

ကိုဇော်မိုးကျော် – အဲဒီတော့ ဒီ ၅၀၅ (ခ) နဲ့ ပြီးလို့ရှိရင် နောက်ထပ် ဘယ်လိုအမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချဖို့ရှိတယ်လို့ ဦးမင်းလွင်ဦးတို့ လေ့လာသိရှိထားပါသလဲ။

ဦးမင်းလွင်ဦး – “ဆက်သွယ်ရေးဥပဒေအရ အပြစ်ပေး အရေးယူမယ့် ပုဒ်မတခုရှိတယ်။ နောက်ပြီးတော့ တခါ ပို့ကုန်သွင်းကုန်နဲ့ အရေးယူမယ့် ပုဒ်မတခုရှိတယ်။ ဒါတွေကို အမိန့်ချမယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။”

ကိုဇော်မိုးကျော် – အဲဒီအမှုမှာရော ကျနော်တို့ လေ့လာမိသလောက်ကတော့ ဒီ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံထဲမှာမိတဲ့ ဆက်သွယ်ရေးစက်တွေ အပေါ်မှာ အခြေခံပြီးတော့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ရော ဦးမင်းလွင်ဦး ဘယ်လိုသုံးသပ် ပြောဆိုလိုပါသလဲ။

ဦးမင်းလွင်ဦး – “ကျနော်တို့ ဆက်သွယ်ရေးစက်တွေ ဆိုတာက လုံခြုံရေးတပ်ဖွဲ့တွေ သုံးတဲ့ ကိစ္စရပ်ဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းသာ ဖြစ်တယ်။ အဲဒီတော့ ဒီ ဆက်သွယ်ရေးစက်တွေ ရှိနေတယ် ဆိုတဲ့ကိစ္စက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုံးဝသိနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ကိစ္စရပ်လည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝပတ်သက်ခြင်း မရှိဘူး ဆိုတာကို ကျနော်တို့ ပြောချင်ပါတယ်ခင်ဗျ။”

ကိုဇော်မိုးကျော် – ဆိုတော့ ဒီ ဆက်သွယ်ရေးစက်တွေက ရဲတွေရဲ့ ဆက်သွယ်ရေးစက်တွေလား။

ဦးမင်းလွင်ဦး – “ဟုတ်ပါတယ်ခင်ဗျ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသုံးတဲ့ ဆက်သွယ်ရေးစက်တွေပါ။”

ကိုဇော်မိုးကျော် – ဆိုတော့ ရဲတွေဆိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံကို လုံခြုံရေးတာဝန် ယူပေးနေတဲ့ ရဲတွေကို ပြောတာလားခင်ဗျ။

ဦးမင်းလွင်ဦး – “ဟုတ်ပါတယ်ခင်ဗျ။”

ကိုဇော်မိုးကျော် – နောက်တခုက သွင်းကုန်ထုတ်ကုန်ကိစ္စပေါ့၊ ဒီ ဆက်သွယ်ရေးစက်တွေနဲ့ သွင်းကုန်ထုတ်ကုန် ကိစ္စတွေက ဆက်စပ်မှု ရှိပါသလား။ အဲဒီအမှုနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့အပေါ်မှာရော ဘယ်လိုသုံးသပ်လို့ ရပါသလဲခင်ဗျ။

ဦးမင်းလွင်ဦး – “သွင်းကုန်ထုတ်ကုန် ဥပဒေအရ အရေးယူထားတာ ရှိတယ်။ အဲဒီမှာ Jamper (ကြားဖြတ်ဆက်သွယ်ရေးစက်) ပေါ့နော်၊ အမှန်ကတော့ ဒီစက်တွေအားလုံးက ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းတဲ့စက်တွေ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး ဆိုတာကို ကျနော်တို့ ပြောနိုင်ပါတယ်။”

ကိုဇော်မိုးကျော် – အမှုတွေနဲ့ ပတ်သက်ပြီးတော့ ခုခံတဲ့ဘက်ကပေါ့နော် ဒီအချက်တွေကို တရားခွင်မှာ ဖြေရှင်းတယ်လို့ ဦးမင်းလွင်ဦး လေ့လာသိရှိထားပါသလား။

ဦးမင်းလွင်ဦး – “ဟုတ်ပါတယ်၊ ဒီအချက်တွေနဲ့ ပတ်သက်လို့ ရှေ့နေအဖွဲ့ကနေပြီးတော့ ခုခံချေပထားတယ်လို့ ကျနော်တို့ သိရတယ်။”

ကိုဇော်မိုးကျော် – ဆိုတော့ ဒီလာမယ့် ၃၀ ရက်နေ့မှာ တရားသူကြီးက အမိန့်ချမယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံတင်ပြချက်တွေဟာ ခိုင်လုံတယ်ဆိုလို့ရှိရင် ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွတ်မြောက်မလား၊ ဘယ်လိုအနေအထားမျိုးတွေ ဖြစ်နိုင်မလဲ။

ဦးမင်းလွင်ဦး – “အမှန်ကတော့ဗျာ သက်သေခံ သက်သေထွက်ချက်တွေ အပေါ်မှာ မူတည်ပြီးတော့ အမိန့်ချမယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးနိုင်ဖို့ရာ လုံးဝမရှိပါဘူး။ သို့သော်လည်းပဲ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ တရားရုံးတွေဟာ နိုင်ငံရေးအရ၊ နိုင်ငံရေးအမှုနဲ့ ပတ်သက်လာတယ် ဆိုလို့ရှိရင် ပြစ်ဒဏ် ပေးကိုပေးရမယ်ဆိုတဲ့ အထက်အမိန့်တွေ ရှိနေတဲ့အတွက် ဒီအမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံးအပြစ်ဒဏ် ပေးမယ်လို့ ကျနော်တို့ကတော့ ထင်မြင်ယူဆပါတယ်။ တရားရုံးတွေအနေနဲ့ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် မရှိဘူးလို့ဘဲ ကျနော်ကတော့ ပြောချင်ပါတယ်ခင်ဗျ။”

Source VOA RFA