ဗိုလ်ချုပ်သရုပ်ဆောင် မှ စစ်အာဏာရှင်ဆန့်ကျင်သူဖြစ်လာတဲ့ကိုမြဖြိုး
ရှုလော့၊ ဤသူကား အောင်ဆန်းပင်တည်း။ ပါးရိုးငေါငေါ၊ မေးရိုးခိုင်ခိုင်၊ မျက်မှောင်ကုတ်ကုတ်၊ဆံပင်စုတ်ဖွား၊ ရှုကားသိုးသိုး” ဤကား ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်သွင်ကို ဆရာကြီး မောင်ထင်က ရေးဖွဲ့ထားခြင်းပင်။
ပါးရိုးငေါငေါ၊ မေးရိုးခိုင်ခိုင် ခပ်တည်တည်နှင့် မပြင်မဆင် အညာသား ဗိုလ်ချုပ်အောင်ဆန်းပုံကို ပေါ်လွင်အောင် ရေးဖွဲ့ထားခြင်းဖြစ်သည်။
နာမည်တူမရှား၊ လူတူမရှား ဆိုသကဲ့သို့ပင် ကိုမြဖြိုးကိုတွင်လည်း ဆရာမောင်ထင် ရေးဖွဲ့ထားသည့်ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ရည်အသွင်အပြင်ကို အထင်အရှားမြင်ရသည်။
သူသည် ဗိုလ်ချုပ်ကဲ့သို့ နတ်မောက်နယ်သားတော့ မဟုတ် ဧရာ၀တီသား ဖြစ်သည်။ “ကျနော့်ကိုကျောင်းဆရာဘဝတုန်းက ဗိုလ်ချုပ်နဲ့တူတယ်ဆိုပြီး ပြောကြတယ်” ဟု ကိုမြဖြိုးကိုက ပြောသည်။
ယင်းသို့ ဗိုလ်ချုပ်နှင့် တူညီနေသည့် ရုပ်ရည်ကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမည့်ဇာတ်လမ်းတို တစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံခဲ့ရသည်။
“ဗိုလ်ချုပ်ရဲ့ ဇာတ်လမ်းလေးတစ်ခု ဟင်္သာတက အဖိုးကြီးတစ်ယောက်ဆီမှာ ထမင်းတောင်းစားတဲ့ဇာတ်လမ်းတိုလေးကို အခြေခံထားပြီးတော့ ရိုက်ကူးတာ”ဟု ၎င်းကဆိုသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်တစ်ခု ရိုက်ကူးရန် စီစဉ်နေစဉ် အကြမ်းဖက်စစ်တပ်ကဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့မှုနှင့် ကြုံတွေခဲ့ရခြင်း ဖြစ်သည်။
ဗိုလ်ချုပ်နှင့် ရုပ်ရည်သွင်ပြင်သာမက ပြုမူနေထိုင်သူများပါ တစ်နှစ်နီးပါး လေ့ကျင့်ခဲ့ရသော်လည်းစစ်အာဏာသိမ်းမှုနှင့် ကြုံတွေ့သောအခါတွင်မူ ရုပ်ရှင်ဇာတ်လမ်းအရှည်မှာ ရိုက်ကူးရန် မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ဇာတ်လမ်းတိုလေး တစ်ခု ရိုက်ကူးထားပြီး နိုင်ငံတကာတွင် ပြသရန်တော့ စီစဉ်ထားရှိသည်ဟု ဆိုသည်။
“အခုအချိန်မှာ ပြသဖို့ အဆင်မပြေတာကြောင့် ရိုက်ကူးထားပြီးသားပဲ ရှိပါတယ်။ ပြသခွင့်မရှိသေးပါဘူး။
ဒါကိုရိုက်တဲ့ ဒါရိုက်တာအနေနဲ့က ဒီမှာ နိုင်ငံရေးအရေးအခင်းကြောင့် ပြသခွင့်မရှိလို့ပြည်ပမှာတော့ပြဖို့ ပြိုင်ပွဲဝင်ပြီး ပြသဖို့အစီစဉ်ရှိပါတယ်” ဟု ဆိုသည်။
တစ်ဖက်တွင်လည်း ကျောင်းဆရာဟောင်း တစ်ယောက်ဖြစ်သော သူ့အတွက် နိုင်ငံရေးနှင့် မစိမ်း။
ထို့ကြောင့်ပင် အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမှုများတွင် ချက်ချင်းဆိုသလို ပါဝင်ခဲ့သည်။ စစ်အာဏာရှင်လက်ကိုင်တုတ် အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် နှိပ်နင်းမှုများနောက်တွင်သူသည် ဆန္ဒပြရေး လမ်းစဉ်ကို စွန့်ပယ်ပစ်ခဲ့တော့သည်။
ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သကဲ့သို့ကိုမြဖြိုးကိုသည်လည်း ယခုအခါ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။
“ဆန္ဒပြတာ မလုံလောက်တဲ့အတွက်ကြောင့် လက်နက်ကိုင်လမ်းစဉ်ရွေးတာ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှပဲဒီစစ်အာဏာရှင်ကို တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိတာကြောင့် အခုဒီဘက်ကို ကူးပြောင်းလာတာပေါ့”ဟု ဆိုသည်။
စစ်အာဏာရှင်၏ မတရားသဖြင့် အာဏာသိမ်းမှုကို ကိုမြဖြိုးကို အပါအဝင် လူထုလူတန်းစား တစ်ရပ်လုံးကပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။ မြို့ကြီးပြကြီးမှသည် ကျေးလက်အထိလမ်းမများပေါ်တွင် လူထုက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာ ၁ ရက်နေ့အထိ လူပေါင်း ၁၃၀၀ ခန့်ကိုအကြမ်းဖက် နှိပ်စက် သတ်ဖြတ်ထားပြီး လူပေါင်း ၁၀၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားသည်။
ကိုမြဖြိုးကိုကလည်း “ဒီအကြမ်းဖက် စစ်ကောင်စီကနေပြီးတော့ မတရား သတ်ဖြတ်ညှဉ်းပန်းတယ်။ နှိပ်စက်ခဲ့တယ်။
ပြည်သူတွေမှာ ဘာခုခံမှုမှမရှိဘဲ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ်မှာ လက်နက်နဲ့ ပြန်ပြီးတော့မတုံ့ပြန်ဘူးဆိုရင် ကျနော်တို့ ခံနေရမှာပါပဲပေါ့” ဟု ပြောသည်။
အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် လက်နက်ကိုင်တော်လှန်ခြင်းကသာ လုံးဝဥဿုံမှန်ကန်သည့်နည်းလမ်းအဖြစ် သူက ယုံကြည်ထားသည်။
“ဒီအကြမ်းဖက်မှု ဆက်တိုက်ခံနေရမှာပဲ လက်နက်ကိုင်ပြီး တော်လှန်မှသာလျှင် ဒီအကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ဖြုတ်ချနိုင်မယ်၊ ချုပ်ငြိမ်းနိုင်မယ် ယုံကြည်ချက်နဲ့ပဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာ”ဟု သူက ဆိုသည်။
ဗိုလ်ချုပ် ရုပ်ရှင်တွင်သာ ဗိုလ်ချုပ်တဦးအသွင် သရုပ်ဆောင်ရမည်ဖြစ်သော်လည်း လက်တွေ့ဘဝတော်လှန်ရေးနယ်မြေတွင်မူ သူသည် သာမန်ရဲဘော်တစ်ဦးအနေဖြင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။
အသက် ၂၇ အရွယ် လူငယ်တစ်ဦးအနေနှင့်ရော မြေဖြူသာကိုင်ခဲ့ရသည့် ကျောင်းဆရာတစ်ဦးအနေနှင့်ပါသူ့အတွက် စစ်ရေးလေ့ကျင့်ရေးမှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
“ကလေးတွေကို မြေဖြူကိုင်ပြီးတော့ စာသင်ခဲ့ဖူးတဲ့သူ တစ်ယောက်။ အဲဒီလူတစ်ယောက်က ဒီလိုကြမ်းကြမ်းတမ်းတမ်းတွေ လုပ်ရတဲ့အခါမျိုးမှာတော့ ခန္ဓာကိုယ်ရဲ့ ထိခိုက်ရှနာမှုတွေ စိတ်ပိုင်းဆိုင်ရာတွေထိခိုက်မှုတွေ ရှိတာပေါ့။ ဒါတွေက မပြောပလောက်တဲ့ ရင်းနှီးမှုတွေပဲ”ဟု သူက ဆိုသည်။
တော်လှန်ရေးတွင် နောက်ဆံမတင်းဘဲ စိတ်ရောကိုယ်ပါ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။“တော်လှန်ရေး လုပ်မယ်ဆိုရင်တော့ နောင်တရှိဖို့ မလိုဘူး၊ နှောင်ကြိုးရှိဖို့မလိုဘူး”အာဏာသိမ်းပြီးကတည်းက သူတို့အတွက် ဆုံးရှုံးမှုများစွာလည်း ကြုံခဲ့ပြီး ဖြစ်သည်။
ထောင်ကျခဲ့ရသည့် မိတ်ဆွေသူငယ်များ၊ အသက်ဆုံးရှုံးခဲ့ရသည့် ရဲဘော်ရဲဘက်များရှိသကဲ့သို့ မိသားစု၏ စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရသည်။
သို့သော်လည်း သူအပါအဝင် တော်လှန်ရေး ရဲဘော်ရဲဘက်များသည် အနေအထိုင် အစားအသောက်ပင်ပန်းဆင်းရဲကြရုံမက မိဝေး၊ ဖဝေးနှင့် တော်လှန်ရေးအတွက် ပင်ပန်းဆင်းရဲစွာ ၁၀၁ တပ်ခွဲတွင် လေ့ကျင့်နေကြခြင်း ဖြစ်သည်။
“လက်နက်ကိုင် တော်လှန်တယ်ဆိုတာ စိတ်ကူးယဉ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ အဓိက ခံနိုင်ရည်ရှိဖို့လိုတယ်”သူတို့အတွက် အဓိကလိုအပ်ချက်မှာ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များ မဟုတ်ပေ။ လက်နက်ခဲယမ်းများသာ ဖြစ်သည်။
“ဒီဟာတွေရှိမှသာလျှင် ရန်သူကိုခုခံနိုင်မှာ ဖြစ်တဲ့အတွက် အကြီးမားဆုံးအခက်အခဲကကျနော်တို့ လက်နက် မပြည့်စုံခြင်းအခက်အခဲပါပဲ”ဟု သူက ဆိုသည်။
တော်လှန်ရေး အောင်မြင်ရေးအတွက် ပြည်သူလူထုက ဝိုင်းဝန်းပံ့ပိုးပေးရန်သာ တောင်းဆိုသည်။
ထို့ပြင် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း သူကဲ့သို့ ပြည်သူ့ရဲဘော်များကို အမြန်ဆုံးလက်နက်တပ်ဆင်ပေးရန်သာ သူက မျှော်လင့်နေသည်။
ကိုမြဖြိုးကိုကတော့ ယုံကြည်ချက်အပြည့်ဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။
ကိုမြဖြိုးကိုက ပြည်သူလူထုကို တိုင်တည်ကာ “ကျနော်တို့ ဒီနွေဦးတော်လှန်ရေးကို နိုင်အောင်တိုက်မယ်။ မနိုင် နိုင်အောင် တိုက်မယ်လို့ ကျနော်တို့ ကတိသစ္စာပြုပါတယ်”ဟု ဆိုသည်။
By Kaung Zaw Hein / MPA