ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ Aberlardo Santos ဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့တဲ့ အသက် ၂ နှစ်အရွယ် Kelvin Santos အမည်ရှိကောင်လေးတစ်ဦးဟာ အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုရပ်သွားပြီးနောက် သေဆုံးသွားခဲ့ပါတယ်။
ထို့နောက် နာရေးကူညီမှုအသင်းကလည်း Kelvin ရဲ့ရုပ်အလောင်းကို လေလုံတဲ့အိတ်ဖြင့်ထုပ်ပိုးပြီး ဝမ်းနည်းပူဆွေးနေတဲ့ သူ့မိသားစုရဲ့နေအိမ်သို့ သယ်ဆောင်သွားပေးခဲ့ပါတယ်။
သေဆုံးရခြင်းအကြောင်းရင်းမှာ အဆုတ်များ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်းကြောင့် နှင့် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပါတယ်။ထို့နောက် သူ့မိသားစုကလည်း Kelvin ရဲ့ရုပ်အလောင်းကို အခေါင်းထဲသို့ ပြောင်းထည့်ထားခဲ့ကြပါတယ်။
သို့ပေမဲ့ နောက်တစ်နေ့ သူ့ရဲ့ဈာပနကျင်းပခါနီး တစ်နာရီအလိုမှာ Kelvin ရဲ့အဒေါ်က Kelvin ရဲ့ ခန္ဓာကိုယ်လှုပ်ရှားနေတာကို ရုတ်တရက် သတိပြုမိသွားခဲ့ပါတယ်။
“ Kelvin က သူ့အခေါင်းထဲမှာ ရုတ်တရက် ထလာပြီး ” ဖေဖေ၊ ရေနည်းနည်းလောက် ရနိုင်မလား” လို့ပြောလာတဲ့အချိန်မှာ ကျွန်တော်က သူ့ကိုလှမ်းဆွဲပြီး ‘သား၊ ဖေဖေ့ဆီ ပြန်လာပါ’ လို့ပြောခဲ့တယ်၊
ကျွန်တော့်သားက နာရီအနည်းငယ်ကြာ သူ့ခေါင်းတလားထဲမှာ ထထိုင်လာတော့ လူတိုင်းကလည်း အော်ဟစ်နေကြပြီး သူတို့ရဲ့မျက်လုံးတွေကို မယုံနိုင်ဖြစ်ခဲ့ကြတယ်၊ အဲ့တော့ ကျွန်တော်တို့ကလည်း သားလေး အသက်ပြန်ရှင်လာတယ်လို့ထင်ခဲ့ကြပေမဲ့ Kelvin က သူ့အရင်ပုံစံအတိုင်း ပြန်အိပ်သွားခဲ့တယ်။
အဲ့နောက် ကျွန်တော်တို့ သူ့ကို နှိုးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး၊ အခုတော့ သူက တကယ်ပျောက်ကွယ်သွားပြီ ” လို့ Antonio Santos အမည်ရှိဖခင်ဖြစ်သူက သူ့မျက်စိရှေ့မှာတင် မယုံနိုင်စရာတွေဖြစ်ခဲ့ရတာကို ပြောပြခဲ့ပါတယ်။
ထို့နောက် မိသားစုက Kelvin ကို ပြန်လည်စစ်ဆေးဖို့ ဆေးရုံကို အမြန်ပြန်ခေါ်ခဲ့ပေမယ့် ဆရာဝန်များက Kelvin က တကယ်အသက်မရှိတော့ဘူးလို့ ဆိုခဲ့ကြပါတယ်။
ထိုကဲ့သို့ ထူးဆန်းတဲ့အဖြစ်အပျက်ကြောင့် မိသားစုဝင်များက Kelvin ရဲ့ဈာပနအခမ်းအနားအား အချိန်ဆွဲထားခဲ့ရပေမဲ့လည်း ဝမ်းနည်းစွာပင် ၎င်းတို့ရဲ့စောင့်ဆိုင်းမှုက မအောင်မြင်ခဲ့သလို ထိုညမှာဘဲ ကလေးကို ဒေသခံ သုသာန်မှာ သြင်္ဂိုဟ်ခဲ့ကြပါတယ်။
မည်သို့ပင်ဆိုစေကာမူ ဖခင် Antonio က ဆရာဝန်များက ပထမအကြိမ်စစ်ဆေးစဉ်အတွင်း Kelvin အားသေဆုံးကြောင်း မှားယွင်းစွာမှတ်ယူခဲ့တယ်လို့ ယုံကြည်ခဲ့တာကြောင့် နောက်ပိုင်းမှာ ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ပါတယ်။
“ Kelvin ကို ကယ်တင်ဖို့ကြိုးပမ်းပြီး ၁၅ မိနစ်အကြာမှာတော့ ဆရာဝန်တွေက ကျွန်တော့်ဆီလာပြီး ကျွန်တော့်ကလေး သေဆုံးကြောင်း အကြောင်းကြားပြီး သားလေးရဲ့အလောင်းကို လွှဲပေးခဲ့ကြပါတယ်။
သူတို့က Kelvin ကို ပိုပြီး စေ့စေ့စပ်စပ် စစ်ဆေးမှုမျိုးမပြုလုပ်ခဲ့ပါဘူး။ သေပြီးတဲ့လူက ပြန်ရှင်လာစရာအကြောင်းမရှိပါဘူး “ လို့ ဖခင် Antonio က ရဲတပ်ဖွဲ့အား တိုင်တန်းခဲ့ပါတယ်။
ဒါပေမယ့် စုံစမ်းစစ်ဆေးမှုအရ Kelvin ဟာ ဆေးရုံတင်ထားရချိန်မှာကတည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြန်လည်ဖြေကြားခဲ့ပြီး ၎င်းအမှုကို ပိတ်ပင်ခဲ့ပါတယ်။ ထို့ပြင် ဖြစ်ရပ်များနှင့် ဖြစ်စဉ်အများစုကို ဖြေရှင်းနိုင်တဲ့ သိပ္ပံနှင့်နည်းပညာခေတ်ကြီးမှာ ဤကိစ္စရပ်က သမားတော်အများစုကို စိတ်ရှုပ်သွားစေခဲ့ပါတယ်။
crd-original writer