ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မနှစ်ခုဖြင့် ယနေ့ အမိန့်ချရန်ရှိ
ဧရာဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားမှုအား ယနေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအမှုနှစ်ခုသည် စစ်တပ် အာဏာသိမ်းသည့်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား ဝင်ရောက် စီးနင်းစဉ် ဆက်သွယ်ရေးစကားပြောများ ဖမ်းဆီးရမိသည်ဟုဆိုတာ စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားခြင်း ဖြစ် သည်။
ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ သည် အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ သည် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။
ယင်းပြင် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် သီးခြားစွဲဆိုထားသည့်အမှုအတွက် ယနေ့တွင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အိုးဘိုထောင်အတွင်းမှ အွန်လိုင်း ဗီဒီယိုစနစ်ဖြင့် သက် သေ ထွက်ဆိုမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်ကလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစု ပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရသည်။
သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြစ်ဒဏ် ၂ နှစ်အား လျော့ပေါ့ပေးကြောင်း အမိန့်ချပြီး မကြာခင်ပင် ထုတ်ပြန် ကြေညာခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup