ၾကားသိရသမွ်


“ရေခံစာမျက်နှာ”

စာအုပ်တစ်အုပ်ရဲ့ ရှေ့ဆုံးမှာ မျက်နှာဖုံးကိုလှန်လိုက်ပြီဆိုတာနဲ့..အရင်ဆုံးတွေ့ရတဲ့ စာရွက်လွတ် ဖြူလွှလွှတွေဟာ ရေခံစာမျက်နှာပေါ့..။

နှင်းတွေပိတ်နေအောင် ကျတဲ့နေ့လည်း အပျင်းထူနေလို့မရ။ လူပျိုကြီးတစ်ကိုယ်တည်း ဆိုပေမယ့် ဝမ်းရေးက ဒီစာအုပ်ဆိုင်လေးက ဖြေရှင်းပေးနေတာလေ..။

“အင်း…ခက်တယ်..ခက်တယ်..ဒီအပေအတေလေး ရောက်နေပြန်ပြီ..”

နှင်းတွေကြားက ဝိုးတဝါးအရိပ်ဟာ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ရေခဲချောင်းပုံးလွယ်ထားတဲ့ ကောင်လေး…သူလည်းမချမ်းနိုင်ရှာ။

ခဏနေ ဆိုင်ခင်းပြီး စာအုပ်တွေစီပြီးပြီ ဆိုတာနဲ့ ကောင်လေးပြန်သွားနေကြ..။ဦးကြီးသန်းတစ်ယောက် စဉ်းစားရ ကြပ်နေတာ တစ်ပတ်လောက်ရှိပြီ …ဆိုင်ရှေ့ကိုကောင်လေး စရောက်လာတဲ့ နေ့ကစလို့ပေါ့။

“ဟေ့ကောင်…သွား…သွား…သွား…ဘယ်လိုပေါက်လွှတ်ပဲစားလေးလဲကွ …ဟေ.. နေတိုင်းဆိုင်ရှေ့ ဘာခိုးမလို့…. လာချောင်းနေတာလဲ…”

မောင်းထုတ်လိုက် တော့လည်း ကောင်းလေးက ပြုံးဖြဲဖြဲနဲ့ ကျုပ်ဆိုင်ထဲကို တစ်ချက် စူးစူးစိုက်စိုက်ကြည့်…ဂလိုင်လေးလွှဲပြီး ရေခဲချောင်ပုံးကြီး မနိုင့်တနိုင်နဲ့ ပြေးထွက်သွားတာပဲ…။

ကျုပ်ကလည်း လူတစ်မျိုးဗျ ကျုပ်ကို လာစောင့်ကြည့်နေသလို လာချောင်းနေလို လုပ်ရင်ဘယ်သူဖြစ်ဖြစ် မကြိုက်ဘူး ။ ဝင်လိုက်ထွက်လိုက်နဲ့ ခေတ်ဆိုး ခေတ်ပျက်ကြီးထဲ တကိုယ်ရေလုံခြုံမှုတွေ စော်ကားခံနေရတဲ့ ကာလတွေမှတ်လားဗျ။

“ဦးလေး…ဦးလေး..”

ဟော…နေတိုင်းလာနေတဲ့…ကောင်လေး

“ဘာလဲကွ..ဟေ..မင်းငါ့ဆိုင်ရှေ့နေတိုင်း..ဘာလာရှုပ်တာလဲကွ…ဟေ..”

“ဟာ…ကျနော်ရှုပ်မလို့..မဟုတ်ပါဘူး..ဦးလေးရာ ဦးလေးဆိုင်က စာအုပ်လေးတစ်အုပ် ဝယ်ချင်လိုု့..” “ဘာကွ…မင်းက..”

“ဟုတ်တယ်…ဦးလေးရ…ဟိုစင်ပေါ်ကစာအုပ်လေ” ကောင်လေးလက်ညှိုးထိုးပြတဲ့ နေရာကဒီကောင်နေတိုင်း လာကြည့်နေကြနေရာပဲ…။

“ကျနော်က…စာအုပ်ကလေး..သူများဝယ်သွားပြီလားလို့ လာလာကြည့်တာပါ ဦလေးရ…အဲဒီစာအုပ်လေး လာကြည့်ပြီးစျေးရောင်းရင် အားရှိတယ် ဦးလေးရ”….”ဟေ…ဟုတ်လား..မင်းကအလာကြီးပါလား…ဘာစာအုပ်တုန်း..”

ကောင်လေးဆိုင်ထဲ ဝင်လာပြီး စာအုပ်စင်ကို လက်ညှိုးထိုးပြတယ်..သူအရပ်နဲ့ကမမှီ။

“ဒါလား…ဆိုတော့ သူခေါင်းညိမ့်ပြတယ်”

ကြည့်လိုက်တော့ စာအုပ်မျက်နှာဖုံးသရုပ်ဖော်ပုံက ဦးထုပ်နောက်ပြန် ဆောင်းထားတဲ့ ကောင်လေးတစ်ယောက် ခွေးကြီးတစ်ကောင်ပေါ် မှီအိပ်ပြီး ကောင်းကင်ကိုငေးနေတဲ့ပုံနဲ့…..

“ဗိုလ်အေးမောင်…ဘာသာပြန်ထားတဲ့ ‘တွမ်’ကောင်လေးတစ်ယောက်ရဲ့ ကလေးဘဝစွန့်စားခန်း တွေအကြောင်းရေးထားတဲ့ စာအုပ်..။

“ကျနော်…ဦးလေးနဲ့ နဲနဲညှိလို့ရမလား”

“ဘာကွ…မင်းစကားကဘာလဲ…ကလေးက ကလေးစကား ပြောကွ..”

ညှိတယ်ဆိုတဲ့စကား ကျုပ်အမုန်းဆုံး။

“ဒီလို…ဦးလေးရာ …ဒီစာအုပ်က ကျနော်မနှစ်က ကျောင်းစာကြည့်တိုက်မှာ တဝက်လောက်ဖတ်ထား ပြီးသားဗျ…ဒီနှစ်ကျောင်းထွက်ထားရတော့ ကျနော် ဆက်ဖက်ခွင့်မရ…ဒီတော့အပိုင်ဝယ်ဖတ်မယ် ဦးလေးရာ…ဒါပေမယ့်..စာအုပ်က ၁၅၀၀ ဆိုတော့ ကျနော်ချက်ခြင်း မဝယ်နိုင်သေးလို့ပါ”

“ဒီတော့…ဘာဖြစ်လဲ”

ကျုပ်နဲနဲတော့ စိတ်ဝင်စားလာပြီ…

“ဒီတော့…ကျနော်..တနေ့ကို ၅ဝသွင်းမယ်…ဦးလေးရာ ပုံမှန်ပေးသွားရင်ဆယ်ရက်ကို ၅၀၀ ရက်၃၀ ဆိုရင် စာအုပ်ဖိုး ပြည့်ပြီ…တစ်လတော့…ကြာမယ်ဦလေးရာ”

အံမယ်…ဒီကောင်လေးက…အလာကြီး…သူ့တွက်ချက်မှုနဲ့သူဗျ…ကျုပ်ကောင်လေးကိုတဖြည်းဖြည်း…စိတ်ဝင်စားလာတယ်..”

“ငါ…စဉ်းစား…”

ကျုပ်စကားတောင်မဆုံးသေးဘူး

“ဟုတ်တယ်…ကျနော့်ကို စဉ်းစားပေး…ဦးလေးရာ မနက်ဖြန် ကျနော်ပြန်လာမယ်…အခုတော့…ရေခဲချောင်းတွေ အရေပျော်ကုန်မှာစိုးလို့…သွားရောင်းလိုက်ဦးမယ်ဗျာ…”

ပြောပြောဆိုဆိုနဲ့….ရေခဲချောင်းပုံးကောက်လွယ်ပြီး…ထွက်သွားတဲ့…ကောင်လေးရဲ့…ဂလိုင်သံလေးက နေပူပူထဲ…တဖြည်းဖြည်း…ဝေးဝေးသွားလေရဲ့”

“အဖေလည်း…ဦးလေးလိုပဲ စာအုပ်တွေ အများကြီးရှိတယ်…သူလည်းဖတ်တယ် ကျနော်တို့ ညီအကိုတွေကိုလည်း ပေးဖတ်တယ်….”

ကျုပ်ကို စဉ်းစာဖို့ပြောထားပြီး နောက်နေ့ ကောင်လေးရောက်လာတယ် ဆိုင်းမဆင့်ဗုံမဆင့်… သူ့အဖေအကြောင်းစပြောတာပဲ။

“အော်…မင်းအဖေက ဘာမှမလုပ်ဘဲ စာတွေချည်း ဖတ်နေတာလားကွ…ဟေ…”

အဖေတစ်ယောက်လုံး ရှိရက်နဲ့ သားလုပ်သူကရေခဲချောင်းရောင်းနေရတယ်ဆိုတော့….ကောင်လေး အဖေကဘာလဲ…။

“ဟာ…မဟုတ်ဘူးဗျ ဦးလေးရ အဖေက ကျနော်၁ဝနှစ်သားကတည်းက ညဖက်ကြီး ရဲတွေလာခေါ်သွားတာဗျ…ခုထိအိမ်ပြန်မရောက်လာသေးဘူး…ဦးလေးရာ..”

“ရပ်ကွက်ထဲကပြောတာတော့ နင့်အဖေက နိုင်ငံရေးသမားတဲ့..”

“အမေလည်း ကျနော်တို့ကို ကြိုးစားပြီး ကျောင်ထားတာပဲ…ဒီနှစ်တော့ အောက်ကအငယ်တွေကို ဦးစားပေးမယ်ဆိုလို့ ကျနော်ကျောင်းထွက်ပြီ ပိုက်ဆံရှာတာဗျ..”

ပြောပြောဆိုဆိုနဲ့ သူ့အကြည့်က လမ်းပေါ်က ကျောင်းသားလေးတွေဆီ..ငေးလို့။

“အဖေရှိတုန်းက …တေဇ..ရွှေသွေး..မိုးသောက်ပန်း..အပတ်စဉ်ဖတ်ရတယ်ဗျ..”

သူ့အပြောတွေမှာ ကျုပ်အတွေးနယ်ချဲ့နေတုန်း

“ဦးလေး…စဉ်းစားပြီးပြီလား..”

“အေး…ငါသဘောတူတယ်ကွာ”

ကောင်လေးမျက်နှာ ဝင်းလက်သွားတယ် ပြီးတော့ ပြုံးလာတယ် ။

“ရော့”

ကျုပ်လက်ထဲ ..ငါးကျပ်တန် အနွမ်းလေးတွေ လာထဲ့ပေးတယ် စုစုပေါင်း ၅၀ ကျပ်..။

“ဒီနေ့က စမှတ်ပေးနော်…ကျနော်အလုပ်လုပ်ပြီး ဝယ်ဖတ်တဲ့ စာအုပ်လေး အဖေ့ဆီလည်းပို့ပေးချင် လို့ပါ ဦးလေးရာ”

ကျုပ်စာရင်းမှတ်နေတာ တစ်ချက်ကြည့်ပြီး ကောင်လေးဆိုင်အပြင်ကို ထွက်သွားလေရဲ့…ထုံးစံအတိုင်း ဂလိုင်လေးတလှုပ်လှုပ်နဲ့ပေါ့…။

“ဦးလေး…ဦးလေး…”

မောကြီးပန်းကြီး ချွေးတွေသန်တွေနဲ့ နေခင်း ၂နာရီလောက်ကြီး ကောင်လေးပေါက်ချလာတယ်..။

“ဟေ့ကောင်…ဘာဖြစ်လာတာလည်း…ဟင်…မျက်နှာမှာလည်း ဒါဏ်ရာ တွေနဲ့ပါလားကွ..”

“ဟုတ်တယ်..ဦးလေးရာ ဒီနေ့ ကျနော် ပိုက်ဆံပိုလိုချင်တာနဲ့ ရေခဲချောင်း တွေအပိုယူပြီး တာလေးဘက်သွားရောင်းတာ ဟိုဘက်ပိုင်းက ကောင်တွေက နယ်ကျော်တယ် ဆိုပြီး ဝိုင်းလိုက်ကြတာဗျာ ”

“မင်း…လည်းတယ်ခက်ပါလား…ကျောင်းရှေ့မှာရောင်းနေတာ အဟုတ်သားနဲ့ကို..”

“ကျောင်းရှေ့မှာ အဆင်မပြေတော့ဘူး ဦးလေးရ ပညာရေးဝန်ကြီးက ဆရာ၊ဆရာမတွေ သက်သာရောင်းရမယ် ဆိုပြီး ကျောင်းထဲမှာ စျေးရောင်းခိုင်းတယ်တဲ့ …ကျနော့် ဆရာကြီးဦးစောမာရကူး ရေခဲချောင်းရောင်းနတာတွေ့တော့ ကျနော်စိတ်မကောင်း လိုက်တာဦးလေးရာ …”

“ဟေ…မင်းလည်း ချိုတကူးပဲကွ ကိုယ့်ဒုက္ခကိုယ် ဒုက္ခလို့မမြင်နိုင်ပဲကွ…”

“ကဲ..ထားတော့..အခုမင်းကိစ္စက..”

“ကျနော့်ရေခဲချောင်းပုံး မှောက်သွားတယ် ဦးလေးရာ ထွက်ပြေးရင်းနဲ့ ကျနော်လျော်ရတော့မယ်.”

“….အဲ..ဒီတော့…”

“ဦးလေးဆီမှာ စုထားတဲ့ စာအုပ်ဖိုးလေးတွေ ကျနော့်ကိုခဏပြန်ပေးပါလား ဦးလေးရာ”

အင်း…ကျုပ်..ထင်တော့ထင်သား..။

ဒီကောင်…ကျုပ်လာပြီးအကြံအဖန် လုပ်တာလားမသိ..။

“မင်း…လူလည်မလုပ်နဲ့ နော်..”

“ကျနော် ညာတာမဟုတ်ပါဘူး ဦးလေးရာ မယုံရင်ဒီမှာကြည့် ..”

ပြောပြောဆိုဆိုနဲ့ ပိန်လိန်နေတဲ့ သူ့ရေခဲချောင်းပုံးလေးကို ဖွင့်ပြတယ်။

“ဟုတ်ပ…ကြေမွနေတဲ့…ရေခဲချောင်းတွေ။

“ရော့…မင်းစုထားတဲ့…ငွေ…၁၀၀၀”

“ဟာ…အကုန်ပြန်မယူဘူး ဦးလေး ၅ဝဝပဲ”

ငွေတွေကို ရေပြီး ကျုပ်လက်ထဲ ၅ဝဝပြန်ထည့်ပေးတယ်..။

“စာအုပ်…ရဖို့ ၁ဝရက် နောက်ဆုတ်သွားတာပေါ့ ဦးလေးရာ..”

ကျုပ်ဆီကပြန် ထုတ်သွားတဲ့ငွေ ၅ဝဝကို ရေခဲချောင်းပုံးလေးထဲ ထည့်ပြီး ကောင်လေးထွက်သွားတော့မှ…

“ဟေ့…မင်းနာမည် ဘယ်လိုခေါ်လဲကွ”

ကျုပ်လှမ်းအော်မေးလိုက်တော့…

” ထွန်းမင်းအောင်…အားလုံးက…အထွန်း လို့ခေါ်တယ် ဦးလေးရေ..”

ကျုပ်ကို လှမ်းအော်ပြောပြီး နေပူကျဲကျဲထဲထွက်သွားလေရဲ့….ဒီတစ်ခါတော့ကောင်းလေး…အဲ….အထွန်း…ခြေလှမ်းတွေ လေးကန်နေသလားလို့….။

ဒီလိုနဲ့ ရက်တွေတဖြည်းဖြည်း ရက်တွေ ကုန်လာလိုက်တာ ဒီနေ့…အထွန်းနဲ့ ကျုပ်သဘောတူထားတဲ့……စာအုပ်ဖိုးပြည့်တဲ့နေ့…။

ဒီနေ့ အထွန်း..၅၀ သွင်းရင် ၁၅ဝဝပြည့်ပြီ…။

မနက်အစောကြီးနိုးနေတော့…ဘုရားရှိခိုးပြီး

ဆိုင်ကို စောစောလေးထွက်လာ လိုက်တယ်။

ဇန်နဝါရီ ပထမပတ် ဆိုတော့ နှင်းတွေမြူတွေ ပိန်းပိတ်အောင် မှောင်နေတုန်းပဲ..။

အလင်းလေးစသန်းတာနဲ့ ကျုပ်ဆိုင်တံခါးဖွင့်တာနဲ့က ကွက်တိ..။

“ဟော…ဟိုမှာ …အထွန်းရယ်…ကျုပ်ဆိုင်ဘက်ကို တရွေ့ရွေ့ လာနေတာလေ”

ကျုပ်ထင်တယ်…ဒီကောင်လေး ညကစိတ်ကူးတွေယဉ်ပြီး အိပ်ပျော်ပုံမရဘူး

သူ့လုပ်အားနဲ့ ရင်းပြီးရတဲ့ စာအုပ်ကလေး ကိုဆက်ဖက်ရတော့မယ် ဆိုတဲ့အတွေးနဲ့ ဒီကောင်ရင်ခုန်နေမှာပဲ…။

ကျုပ်ဆိုတဲ့လူကလည်း အချောင်မလိုချင်တဲ့ စိတ်ဓာတ်ဆို သိပ်တန်ဖိုးထားတာဗျ..။

ညက တညလုံးလည်း ဒီကောင်လိုချင်တဲ့ စာအုပ်ကို ကျုပ်တထိုင်ထဲ ဖတ်ပလိုက်တယ်။

စာအုပ်ထဲက ဇာတ်ကောင် “တွမ်ဆောရား…ရဲ့စွန့်စားခန်းတွေကို ကျုပ်စိတ်ကူးနဲ့ ရုပ်ရှင်ရိုက်ပစ်လိုက်တယ်…အထွန်းလည်း စွန့်စားခန်းတွေကို လူငယ်ပီပီ သဘောကျမှာပဲလေ..။ အထွန်းကို တာဝန်ယူတတ် တာဝန်ခံတတ်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ဖို့ ကျုပ်လည်း ဝိုင်းကူမှပါလေ။

“…..ဦးလေး….”

“တစ်ယောက်ထဲ စိတ်ကူးနေလိုက်တာ အထွန်း အနားရောက်လာတာ သတိမထား လိုက်မိဘူး…”

…ဟင်…အထွန်း…လည်းမဟုတ်ပါလား။

အထွန်းနဲ့ အတော်ဆင်တဲ့ ကောင်လေးတစ်ယောက် အထွန်းထက်တော့ နဲနဲ ငယ်မယ့်ပုံ…။

“မင်း..က..ဘယ်သူ….”

“ကျနော်…အထွန်းရဲ့ ညီလေးပါ..ဦးလေး”

“အထွန်းရော…သူနေမကောင်းဘူးလား…”

ကျုပ်အမေးကို ကောင်လေးမဖြေ….

မျက်ရည်တွေတလှိ့မ်လှိမ့် ကျနေတဲ့ မျက်နှာပေါ်မှာ ကျုပ်ရင်ထဲ…ထိတ်ကနဲ…

” အကိုကြီး…. မနေ့က …ရထားပေါ် ရေခဲချောင်း…လိုက်ရောင်းရင်း…တွဲအကူးမှာ…ရထားကြိတ်ပြီး…ညကသေပြီ..ဦးလေးရယ်…”

“…ဟာ…..ဟာ…ဟာ…

ကျုပ်ရင်ဘက်ကြီးတစ်ခုလုံးပွင့်ထွက် သွားမတတ်…ကျုပ်နားကိုကျုပ်မယုံနိုင်…”

“မင်း…ဒါ..စောစောစီးစီး…နောက်စရာ…မဟုတ်ဘူးကွနော်…”

ကျုပ်အသံတွေ…မောဟနဲ့……ဒေါသသံပါနေတယ်..။

“ဒီမှာ…သူမသေခင်…ဦးလေးကို ပေးဖို့မှာသွားတဲ့…စာအုပ်ဖိုး…”

ကျုပ်လက်ထဲကို ကောင်လေးလာထည့် ပေးတာ ၅ဝတန် အကြေအနွမ်းလေး တစ်ရွက်။

“ဦးလေး….အသုဘကို …လာဖို့ အမေကမှာလိုက်တယ်…ကျနော်သွားတော့…မယ်…”

အထွန်းရဲ့ ညီဘာတွေ ဆက်ပြောသွားမှန်း ကျုပ်…မကြားနိုင်တော့….။

ကျုပ် …နဝေတိမ်တောင်နဲ့…လက်ထဲက..၅ဝတန်လေးကို…….

အထွန်း……..နေတိုင်းလာပေးနေကြ ပိုက်ဆံတွေ ကြားထဲထည့်လိုက်တယ်…။

၁၄၅၀ က ညကတည်းက အထွန်းလိုချင် တဲ့စာအုပ်ကြားထဲ ညှပ်ထားပြီးသား။

“ရော့….မင်းစုထားတဲ့ငွေ…၁၅၀၀..လို့ပြောပြီး အထွန်းရဲ့လုပ်အားကို..ဂုဏ်ပြုမယ်ဆိုတဲ့…

ကျုပ်စိတ်ကူး…ခုတော့…”

ကျုပ်အတွေးတွေ ဆို့နင့် ….လာရင်းက

အထွန်းဖတ်ပြီးရင်…သူ့အဖေဆီပို့ပေးမယ့်….စာအုပ်လေးရဲ့….”ရေခံစာမျက်နှာ”…ကို

ကျုပ်လှန်လိုက်တယ်…။

“အချောင်မလိုချင်တဲ့…

အထွန်းအတွက်…..

ဦးလေးရဲ့…ဂါရဝ”

ကျုပ်ပါးပြင်ပေါ်က မျက်ရည်ပေါက်တွေ မရည်ရွယ်ဘဲ…

“ရေခံစာမျက်နှာပေါ်”….လွင့်ကျလာတယ်….။

ဆော့ပင်အနီနဲ့….ရေးထားတဲ့စာတွေက

ကျုပ်မျက်ရည်တွေနဲ့ စာရွက်တစ်ခုလုံး ပြန့်လို့

ရဲရဲနီ….ကျုပ်မျက်လုံး အိမ်တွေဝေဝါး…

ကျုပ်နားတွေမကြားတော့…..ကျုပ်ပတ်ဝန်းကျင်က အချောင်မလိုချင်တဲ့…လူငယ်လေးတစ်ယောက်ကို …..သေမင်းဟာ…..အကောင်းကြိုက်လွန်းပြန်ပေါ့…..။

လေးစားစွာဖြင့်

အောင်ကျော်