အသိပညာ

နှောင်ကြိုးမဲ့ သံဃာ သူ‌တော်ကောင်းများနှင့်သာ ဆုံတွေ့ချင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒ

နှောင်ကြိုးမဲ့ သံဃာ သူ‌တော်ကောင်းများနှင့်သာ ဆုံတွေ့ချင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒ

သူတော်ကောင်းစကား နာကြားလိုသည့်အခါတွင် သူတော်ကောင်းတို့ ဟောကြားခဲ့သော တရားများကို နာရ၏။ သူတော်ကောင်းတို့ ရေးသားခဲ့သော စာများကို ရှာဖွေဖတ်ရ၏။သူယုတ်မာများ လွှမ်းမိုးနေသောကာလတွင် သူတော်ကောင်းစကားကိုသာ ကြားလို၏။
သူတော်ကောင်း တရားတို့ကိုသာ နာကြားလို၏။

သူတော်ကောင်းတို့ကိုသာ မြင်တွေ ဖူးမြင် ရှိခိုးချင်ပါ၏။သူတော်ကောင်း ရဟန်းမြတ်များ၏ အကျင့်အကြံ၊ အနေအထိုင်၊ အပြောအဆိုများကို နာရ၊ ကြားရ၊ ဖတ်ရသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ကြည်ညိုမှုများ ဆပွားတိုးခဲ့ရပါသည်။

ရွှေဥမင် ဆရာတော်ဘုရားကြီးအကြောင်းကို ပြောလိုပါသည်။ရွှေဥမင် ဆရာတော်ဘုရားကြီးသည် ပခန်းကြီးမြို့တွင် ကပ္ပိယတစ်ဦးကိုသာ အဖော်ပြု၍ နေတော်မူပါသည်။ ထိုကာလတွင် တောင်ဖီလာဆရာတော်မှာ သာလွန်မင်း၏ မင်းဆရာတော်အဖြစ် ချီးမြှင့်မြှောက်စား ထားခြင်းကို ခံနေရချိန်လည်းဖြစ်သည်။

တစ်နေ့တွင် တောင်ဖီလာဆရာတော်သည် မိမိရေးသားသည့် ဗမ္ဗုဓဇအမည်ရှိသော ဝိနည်းငါးကျမ်း ပါဠိအဋ္ဌကထာနှင့် တောနေ ရွှေဥမင်ဆရာတော်ဘုရားကြီး ရေးသားပြုစုထားသည်ဟု သိရသော ဝိနည်း နိဿယတို့ကို တိုက်ဆိုင်စစ်ဆေးမည်ဆိုကာ လှူဖွယ်ပစ္စည်းများနှင့် ရောက်လာသည်။ ရွှေဥမင်ဆရာ‌တော်ဘုရားကား တပည့်ကပ္ပိယတစ်ဦးနှင့်သာ နေသည်ဖြစ်၍ အသုံးအဆောင်ပစ္စည်းများစွာ မရှိ။ မင်းဆရာတော်ကြွလာသည်ဆိုသဖြင့် မိမိထိုင်နေသည့် စမ္မခဏ် (သားရေနွယ်အခင်း) ကို ခါပြီးနောက် မင်းဆရာကို နေရာပေးလေသည်။

မင်းဆရာတော် တော်ဖီလာက တောနေ ရွှေဥမင်ကို မေးလေသည် “ပရိသတ် ခြွေရံနည်းသည်.. ကြောက်တော် မမူလော”ရွှေဥမင်က ပြန်ဖြေ၏ “ကြောက်၍ပင် ပရိသတ်အနည်းနှင့် နေပါသည်” မည်မျှလှသော အဖြေဖြစ်သနည်း.. ‌ကြောက်၍ ‌တောထဲတွင် အခြွေအရံနည်းစွာ ‌နေသည်ဟု ဆိုလိုက်ခြင်းမှာ၊ မကြောက်တတ်သူတွေက အခြွေအရံများစွာနှင့် မင်းနားခိုနေသည်ဟု အလိုလို အတွေးရောက်စေသည်။ ပညာရှိ ဆုံးမခြင်းနည်း။တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်အား မိမိတွင်ပါလာ‌သာ လှူဖွယ်လက်ဆောင်များကို ကပ်လေ၏။ ဆရာတော်က လှူဖွယ်များကို လက်နှင့် ထိပြီးတိုင်း “သာဓု.. သာဓု.. ရွှေစည်းခုံကို လှူပါ၏” ဟုဆိုကာ ချထားလိုက်လေသည်။

လှူသမျှကို ထိုသို့ချည်းဆိုသဖြင့် တော်ဖီလာဆရာတော် စိတ်တွင် မြင်လိုက်သည်မှာ “ဪ.. ငါကားမင်းဆရာ ဖြစ်နေ၍ ငါ့ပစ္စည်းကို ရွံရှာသဖြင့် ဤသို့ပြုခြင်းဖြစ်မည်” ဟု မှတ်ယူမိလေသည်။ သို့သော် စိတ်မဆိုး။တောင်ဖီလာဆရာတော်သည် ရွှေဥမင်ဆရာတော်ဘုရား ပြုစုထားသော ဝိနည်းနိဿယကို တောင်းယူ ကြည့်လေသည်။ ထို့နောက် “ငါစီရင်သည့် နိဿယသည် ကျယ်သည်။ သူစီရင်သည့် နိဿယကားကျဉ်းသည်။ သည်မျှပင် နောင်လာ နောက်သားတို့ မှီရာဖြစ်လောက်ပြီ” ဟု မှတ်ယူကာ မိမိစီရင်ရေးသားထားကာ ယူဆောင်လာသော ကျမ်းကို စေတီရင်ပြင်တွင် မီးရှို့ပူဇော်ပြီး ပြန်လေသည်။

ရှေးခေတ်ဆရာ‌တော်ဘုရားကြီးများ၏ ပညာရှိသူတော်ကောင်းထုံးတို့ကို မှတ်သားရသည်မှာ လေးစား ကြည်ညိုဖွယ်ဖြစ်ပါသည်။ ဝိနည်းနှင့်အညီ နေထိုင်ကျင့်ကြံတော်မူပြီး လူကြောက်သဖြင့် ‌တောမှီကာ နေထိုင်ကျင့်ကြံတော်မူ သွားသည့် သူတော်ကောင်းကြီးပေါင်းများစွာ ရှိပါသည်။“ဆင်လည်းတစ်မျိုး၊ ခိုးသူလည်းတစ်ထွေ၊ မြွေလည်းတစ်ခြား၊ သူ့မယားတစ်ထူး ဤလေးဦးတို့ကို ယှဉ်ပူးတွဲကပ် မပြုရာ” ဆိုသည့်အတိုင်း ဘေးကြောက်သောကြောင့် သူတော်ကောင်းတို့သည် လူတွေကို ရှောင်ဖယ် လေ့ရှိကြသည်။ အထူးသဖြင့် မင်းဘေးကြောက်သဖြင့် တောရောက်နေသော သူတော်ကောင်းကား များစွာရှိလေသည်။

ဓမ္မအတိုင်း နေထိုင်ကျင့်ကြံသူတို့သည် အဓမ္မဖြစ်လာမည့် အရေးတွေကို ကြိုတွေးထား တတ်ကြသည်။ ထို့ကြောင့်လည်း ဓမ္မနှင့် အဓမ္မတို့ကို ခွဲခြားရှုမြင်ကာ သူ့နေရာနှင့်သူ ထားလေ့ရှိသည်။ သီးသန့် ဖြစ်စေရန်လည်း နေထိုင်တတ်ကြသည်။ ဓမ္မဘက်တော်သားတို့သည် အဓမ္မဘက်တော်သားများက လာရောက်ပူးပေါင်းပြီး ပူးသတ်မည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် အဓမ္မကို အဓမ္မအဖြစ် မှတ်လည်း မှတ်ထားသည်၊ ပြတ်လည်း ပြတ်သားကြသည်။လုံးတော် ဆရာ‌တော်ကြီးက “အမှတ်မထားသူလည်း တစ်ယောက် မပြတ်သားသူလည်း တစ်ယောက် ဤနှစ်ယောက်တို့မှာ နောင်ကို မရှင်းရှိတတ်သည်။ သတိပြု၍ဆင်ခြင်” ဟု မိန့်တော်မူခဲ့ဖူးပါသည်။

သံဃာဆိုသည်မှာ နှောင်ကြိုးနှင့် မဖြစ်ရ၊ နှောင်ကြိုးမဲ့ ဖြစ်ရမည်ဆိုသော တန်ဖိုးရှိလှသည့် ဆုံးမစကား ကိုလည်း ဗိုလ်ကလေး အရှင်ပဏ္ဍိ ဆရာတော်ဘုရားကြီးရေးသားသော “သာသနာတော်အတွက် ကျွန်ုပ်သာ ဥက္ကဋ္ဌဆရာတော်ကြီးဆိုလျှင်” ဆိုသည့် စာအုပ်တွင် တွေ့ရသည်။ ဆရာ‌တော်၏ ဆွေးနွေးတင်ပြချက်မှ ကောက်နုတ်ဖော်ပြရလျှင် နှောင်ကြိုးနှင့် ကိုယ်တော်တွေဆိုသည်မှာ “အရှင်ဘုရား ဒီကုလားထိုင်မှာ ထိုင်ပါ။ ဒီနေရာမှာ လက်မှတ်လေး ထိုးပေးပါ။ ဒီအမိန့်လေးထုတ်ပေးပါ။

တပည့်တော်တို့ ရေးထားတဲ့ ဒီစာလေး ဖတ်ပြပေးပါ ဆိုတာတွေကို လိုက်လုပ်ပေးနေရပြီး ကိုယ့်ရဟန်း သံဃာဘက်က

ဘာမှ ရပ်တည် မလုပ်ပေးနိုင်တာမျိူး” နှောင်ကြိုးမဲ့ ကိုယ်တော်တွေ ဆိုသည်မှာ “မိမိအပေါ်မှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကမျှ ဖိအားပေးတာမျိုး၊ စေခိုင်းတာမျိုးကိုမှ လုပ်မှာ မဟုတ်ဘဲ အားလုံးသော သံဃာတော်များရဲ့ ဆန္ဒကိုကြည့်ပြီး ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဓမ္မဝိနယနနဲ့ အညီသာ လုပ်မှာမျိုး” ဟု ရှင်းလင်းစွာ ဆွေးနွေးထားသည်မှာ ကြည်ညိုစရာ ကောင်းလှပါသည်။ လောကတွင် လူပီသသော သူများနှင့်သာ ပေါင်းသင်းနေထိုင်ရသည်မှာ မင်္ဂလာရှိပါပေ၏။ လူပီသသော သူများဆိုသည် အဘယ်နည်း။

ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ဘုရားကြီးက “ငါးပါးသီလတည်သော လူမှသာ လူပီသသော သူဖြစ်ကြောင်း” မိန့်တော်မူပါသည်။

“လူဆိုတာ ငါးပါးသီလတည်မှ လူပီသတာ။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပေမယ့် လူ့ငရဲသား၊ လူ့ တိရစ္ဆာန်၊ လူ့ပြိတ္တာ အဆင့်က မတက်သူတွေရှိပါတယ်။ လူပီသပါစေ” ဟု မိန့်တော်မူခဲ့ပါသည်။လူမပီသသူများနှင့် ဒွေးရောယှက်တင် နေမိမည်စိုးရိမ်သောကြောင့်လည်း သူတော်ကောင်းတို့သည် လူသူများကိုရှောင်ကာ ဘုရားအလုပ်၊ တရားအလုပ်တို့ကိုသာ ကျင့်ကြံအားထုတ်ကြခြင်း ဖြစ်ပါသည်။ တိုတောင်းလှသော လူ့ဘဝတွင် ဓမ္မဘက်ကာ ရပ်တည်ကာ ဖြူစင်သန့်ရှင်းစွာ နေထိုင်သူများကို အများက ချစ်ခင်လေးစားကြသည်။ အဓမ္မဘက်တော်သား ဖြစ်သွားပြီဟု အထင်ခံရမည်ကို စိတ်မသန့်ဖြစ်ကြသည်။

သို့သော် တစ်ခဏကောင်းစားရေးနောက်ကို လိုက်သူတွေလည်း ရှိပါသည်။ ထိုသူများကာ တစ်ဘဝစံ တွေသာဖြစ်သည်။

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာ ဘိဝံသကလည်း “သူများ မျက်ရည်နှင့် ခြေမဆေးချင်ပါနှင့်။ သူများကို ဒုက္ခပေးပြီးမှ ရရှိမည့် ချမ်းသာမှုမျိုးကို လိုချင်သောသူသည် ရန်သူနှင့် ဆက်ဆံနေရသကဲ့သို့ ရန်မှ မလွတ်နိုင်ချေ” ဟူ၍ ဟောကြားတော် မူခဲ့ပါသည်။ရန်သူနှင့် ဆက်ဆံကာ နေရခြင်းဖြင့် လိပ်ပြာသန့်နိုင်ပါမည်လော။ မည်သူက ရန်သူ၊ မည်သူက မိတ်ဆွေဟု ခွဲခြားဝေဖန်မှုပင် မလုပ်နိုင်လျှင် လောဘ၊ ဒေါသ၊ မောဟ အမှောင်ဖုံးနေပြီဟု ဆိုရမည်။မှော်ဘီ မင်္ဂလာတိုက် ဆရာတော် ဦးသုမင်္ဂလ အဆုံးအမနှင့် နိဂုံးချုပ်ချင်ပါသည်။

ဆရာတော်က “ဦးပဉ္ဇင်းကတော့ ဒီလို သုံးသပ်ရတယ်။ မှားမှန်းတော့ သိနေပြီ။ ပြင်လို့ မရသေးဘူး။ ဒီအတိုင်းပဲ နေကြတော့မလား။ ပြင်ရမှာ ကိုယ် မိုက်မှန်းသိရင် ပြင်ရမှာ။ မှားမှန်းသိရင် ပြင်ရမှာ။ မိုက်တဲ့ လမ်းကိုမှ ရွေးချယ်သွားနေရင်တော့ သေချာပေါ့ ဒယ်အိုးပဲ။ ဘယ်သူတွေ ဒယ်အိုး ရောက်တာ မရောက်တာထက်၊ ကိုယ်က ဒယ်အိုး ရောက်တော့မှာ။ ကိုယ်က အဓိက။

ဒါဖြင့် သာသနာနဲ့တွေ့ခိုက် ဒယ်အိုး သွားကြမှာလား၊ လွတ်အောင်ရုန်းကြမှာလား”သူတော်ကောင်းတရားများ နာကြားရခြင်းမှာ မင်္ဂလာရှိပေစွ။(ရည်ညွှန်းကိုးကား – ၁။ ဟံသာဝတီဆုံးမစာပေါင်းချုပ်၊ ၂။ ရဟန္တနှင့် ပုဂ္ဂိုလ်ထူးများ၊ ဓမ္မာစရိယဦးဌေးလှိုင်၊ ၃။ သာသနာတော်အတွက်ကျွန်ုပ်သာ ဥက္ကဋ္ဌဆရာ‌တော်ကြီး ဆိုလျှင်၊ ဗိုလ်ကလေး အရှင်ပဏ္ဍိတ၊ ၄။ ဦးထိပ်ပန်ရာ ဩဝါဒကထာ၊ မင်းနန်-မော်ကျွန်း)တင်ညွန့် (၂၁.၁၂. ၂၀၂၁)