ဒီဇင်ဘာ ၂၉ ရက် အနောက်အရပ်တွင် သောကြာဂြိုဟ် (ဗီးနပ်စ်)နှင့် ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ)တို့စစ်ထိုးမည်
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ ညနေခင်းမှာတော့ အနောက်ဘက်မိုးကုတ်စက်ဝိုင်းအနီးက ဓနုရာသီကြယ်စုများအတွင်းမှာ သောကြာဂြိုဟ်(ဗီးနပ်စ်)၊ ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ) နဲ့ ဂြိုဟ်သိမ်ဂြိုဟ်ပဲ့လေး ပလူတိုတို့တွေ့ဆုံကြမှာဖြစ်ပါတယ်။

နေဝင်ပြီးစအချိန် အနောက်ဘက်မိုးကုတ်စက်ဝိုင်းရဲ့ ၁၂ ဒီဂရီအမြင့်လောက်မှာသာမန်မျက်စိဖြင့်ရှာဖွေကြည့်ရှုနိုင်ပါတယ်။
ဗီးနပ်စ်(သောကြာဂြိုဟ်)ဟာ ဒီဇင်ဘာလဆန်းပိုင်းက အတောက်ပဆုံးလင်းလက်ခဲ့ပြီး ယခုအချိန်မှာတော့ အနောက်ဘက်မိုးကုတ်စက်ဝိုင်းဆီသို့နိမ့်ဆင်းသွားနေပြီ ဖြစ်ပါတယ်။
မကြာမီ(၂၀၂၂ ဇန်နဝါရီ ၉ ရက်) မှာ နေ နှင့် ကမ္ဘာအကြားဖြတ်သန်းမှုပြုမှာဖြစ်ပြီး ဖေဖော်ဝါရီ မတ်လလောက်မှာအရှေ့အရပ်မှ(နေမထွက်မီအချိန်)ပြန်လည်ပေါ်ထွက်လာမှာဖြစ်ပါတယ်။အလင်းအား ၄.၄ မဂ္ဂနီကျူ့နဲ့လင်းလက်တောက်ပလျက်ရှိပါတယ်။

မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ်ကတော့ နေကို ၈၈ရက်လျှင်တပတ်နှုန်းနဲ့လျှင်မြန်စွာလှည့်ပါတ်နေရတဲ့အတွက် ရံဖန်ရံခါလမ်းကြောင်းရှည်ထွက်လာမှသာမိုးကုတ်စက်ဝိုင်းအထက်သို့တက်လာတတ်ပါတယ်။
အရှေ့ဘက်လမ်းကြောင်းရှည်ထွက်လာလျှင်နေဝင်ပြီးစအချိန်မှာအနောက်အရပ်၌ ပေါ်ထွက်လာတတ်ပြီး အနောက်ဘက်လမ်းကြောင်းရှည်ထွက်ချိန်မှာတော့ နေမထွက်မီ အရှေ့အရပ်မိုးကုတ်စက်ဝိုင်းအနီး တွေ့ရတတ်ပါတယ်။

ဗုဒ္ဓဟူးဂြိုဟ်ဟာ ဇန်နဝါရီလ ၇ ရက်နေ့မှာ မကာရရာသီအထိတက်လှမ်းလာမှာ(တနည်း) အရှေ့ဘက်လမ်းကြောင်းရှည်ထွက်လာမှာဖြစ်ပါတယ်။
ဆိုလိုတာကတော့ သောကြာဂြိုဟ်နဲ့ ဗုဒ္ဓဟူးဂြိုဟ်တို့ အထက် အောက် နေရာပြောင်းကြမှာဖြစ်ပါတယ်။ မြန်မာ့နက္ခတ္တဗေဒမှာတော့ ဂြိုဟ်စစ်ထိုးတယ်လို့ခေါ်ဆိုကြမှာပါ။

၄င်းဂြိုဟ်နှစ်ခု နီးကပ်မှုဖြစ်စဥ်အနီးမှာ ပလူတိုဂြိုဟ်သိမ်လေးလည်းကပ်ရှိနေဦးမှာပါ။ ပလူတိုဟာ ယခင်က ဂြိုဟ်ကြီး ၉ လုံးမှာ ပါဝင်ခဲ့ပေမဲ့ ၂၀၀၆ ခုနှစ်မှာ ဂြိုဟ်သိမ်တစ်ခုအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ပလူတိုဆိုတဲ့အမည်ကတော့ ရောမနတ်ဘုရားပုံပြင်ထဲမှယမမင်း (Hades)အမည်ကို မှည့်ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဗီးနပ်စ်ကတော့လှပတဲ့ နတ်သမီးအမည်ဖြစ်ပြီး၊ မာကျူရီကတော့ခြေမြန်တော်တပ်သားနတ်ဘုရားအမည်ကိုပေးထားခြင်းသာဖြစ်ပါတော့တယ်။
သန့်ဦး(အာကာသနှင့်စကြဝဠာသင်ထောက်ကူ)



