NUG ကို တရားဝင်အသိအမှတ်ပြုဖို့ သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုးပြီ
မြန်မာပြည်သူများ အားလုံး ညီညွတ်စွာ အတူတကွ ရပ်တည်နိုင်မှသာ စစ်အာဏာသိမ်းအဖွဲ့ကို တွန်းလှန်နိုင်ပြီး လက်ရှိတွင်ဖြစ်နေသော သရဲမရဲစီးကာ သတ်ဖြတ်နေမှုများကို အဆုံးသတ် ပေးနိုင်မည် ဖြစ်သည်ဟု
ဒက္ကားမြို့ ထုတ် ဒေလီစတား သတင်းစာမှ ဆောင်းပါးရှင် Tasneem Tayeb ၏ “Can Myanmar Unite to Stop the Tatmadaw? အား စထရိတ်တိုင်း သတင်းစာမှ တဆင့် ပြန်လည် ဖေါ်ပြ ခဲ့သည်။
ယခုနှစ် ဇူလိုင်လ အတွင်း စစ်တပ်သည် ကနီ မြို့နယ်အတွင်း ရှိ ၎င်းတို့အား ဆန့်ကျင်တိုက်ခိုက်နေသော အင်အားစုများကို လက်စားချေ သည့် အနေဖြင့် သ တ် ဖြ တ်မှုများ ကျူးလွန်လာခဲ့ကြသည်။
အဆိုပါ ဒေသတွင် PDF တပ်များ၏ တိုက်ခိုက်ခဲ့မှုများ ခံလာရသည့် အတွက် စစ်တပ် က ကနီ မြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာ ဖြစ်သော ယင်၊ ဇီးပင်ကွင်း၊ တောင်ဘောက် နှင့် ရှစ်ခိုးတက် သို့ ဝင်ရောက်လာပြီး
တအိမ် တက်ဆင်း ရှိသမျှ လူများ ကို ဆွဲချကာ သေနတ်ဒင်၊ အုတ်ခဲကျိုးများ ဖြင့် ရိုက်နှက်ပြီး မသေမရှင် ဖြစ်နေသူများ ပါ မကျန် အကုန် မြေမြှုပ် အစဖျောက်ခဲ့ကြသည်။
နောက်ပိုင်းတွင် ကျေးရွာ လေးရွာမှ အလောင်း လေးဆယ်ခန့်ကို ပြန်လည် တူးဖေါ်နိုင်ခဲ့ကြသည်။ ထိုအထဲတွင် ဇီးပင်တွင် ကြိုးနှင့် တုတ်ပြီး နာရီပေါင်းများစွာ ကြာအောင် ရိုက်နှက် နှိပ်စက်ခံထားရသည့် ဒဏ်ရာဗရပွ နှင့် အသက် ၆၀ လူကြီး တဦး၏ ရုပ်အလောင်းလည်း ပါဝင်နေသည်။
ထိုလူကြီး၏ အသက်မဲ့နေသော ခန္ဓာကိုယ် ပေါ်မှ ပြန်၍ ရေးသားရန်ပင် မသင့်တော်သော နှိပ်စက်ညှင်းပမ်းမှုမျိုး ကို သူ၏ အသက်ရှင်ခဲ့သည့် နောက်ဆုံး နာရီပိုင်း အတွင်း ခံစားသွားရသည်မှာ သေချာနေပေသည်။
ထိုသို့ သ တ် ဖြ တ် မှုကြီး ကျူးလွန်ခဲ့ကြသည့် စစ်သားများသည် အသက် ၁၇-၁၈ ပတ်ဝန်းကျင်သာ ရှိသေးသည် ဟု သိရသည်။
ဤအဖြစ်ကြီးအပေါ် စစ်ကောင်စီမှ ဇော်မင်းထွန်းပင် ငြင်းဆိုနိုင်စွမ်း မရှိတော့ဘဲ “မိမိတို့အား ရန်သူလို ဆက်ဆံလာသည့် အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံ ပိုင်ခွင့်ရှိသည်” ဟု ဆိုသည်။ (ဇော်မင်းထွန်း၏ ခုခံ ပိုင်ခွင့် ဆိုသည်က လူများကို ကြိုးနှင့် တုတ်ပြီး မြေမြှုပ်သတ်ပြစ်ခြင်းမျိုးကို ဆိုလိုပုံရသည်။ )
၎င်း၏ အပြောကို ကြည့်ရုံဖြင့် နိုင်ငံ၏ ရှေ့လျှောက် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ အတွက်က ရင်လေးဖွယ် နမိတ်ဆိုးများ ကျရောက်လာတော့မည် ဆိုသည်ကို ပြဆိုနေခြင်းပင် ဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်နေ့မှစ၍ ကရင် ပြည်နယ် မြဝတီ အနီးရှိ လေးကေ့ကော် မြို့သစ်အား လေကြောင်းမှ စတင် တိုက်ခိုက်လာကြသည်။
ယခုအခါ ယခင်ကကဲ့သို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်းမျိုး မဟုတ်တော့ဘဲ လူနေမြို့ရွာများကို ဗုံးကြဲတိုက်ခိုက်လာသည်အထိ အဆင့်တိုးမြှင့်လာခဲ့ခြင်းလည်း ဖြစ်သည်။
လူတသောင်း ကျော်ခန့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြပြီး ထိုအထဲမှ ထက်ဝက်ခန့်သည် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံအတွင်း ပြေးဝင်လာခဲ့ကြရသည်။
၎င်းတို့ အာဏာသိမ်းပြီးချိန်မှစ၍ ကန့်ကွက် ဆန္ဒပြသူပေါင်း ၁,၃၀၀ ကျော် အသတ်ခံခဲ့ရပြီး ဖြစ်သည်။ ထိုအထဲတွင် မရည်တွက် နိုင်သော လူမမယ် ကလေးသူငယ်များ ပါဝင်ခဲ့ပြန်သည်။
SAVE THE CHILDREN မှ ကယားပြည်နယ် အတွင်း ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။
SAVE THE CHILDREN မှ ပြုစုထားသော စာရင်းဇယားများ အရ အနည်းဆုံး ၄၃ ဦး ခန့် ရှိသည်ဟု သိရသည်။
စစ်တပ်သည် လက်လှမ်း မီသမျှ သတ်ဖြတ်ရုံမျှပင် အားမရသေး၊ ဒဏ်ရာရရှိသွားသူများ ဆေးကုသ မခံနိုင်အောင် ဆေးရုံ ဆေးခန်းများ ကိုလည်း ပိတ်ဆို့ စစ်ဆေးခဲ့ကြသည်။
နောက်ပိုင်း တွင် အပြီးအပိုင် တပ်စွဲထားခဲ့ကြသည်။
၎င်းတို့၏ လုပ်ရပ်များကို နိုင်ငံတကာ အသိုက်အဝန်း မှ ရှုတ်ချလာခဲ့ကြပြီး အမေရိကန် အပါအဝင် နိုင်ငံ အချို့ က ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုလုပ်လာခဲ့သော်လည်း နည်းနည်း နှင့် ကျဲကျဲ ဝိုင်းသည် ဆိုရုံမျှသာ ဖြစ်သဖြင့် နောက်ကျ သွားခဲ့ရပြီ ဖြစ်သည်။
မြန်မာပြည်သူတို့အား ၁၉၆၂ နောက်ပိုင်းမှ စ၍ တပ်မတော်ဟု ခေါ်သော စစ်တပ်သည် တောက်လျှောက် အနိုင် ကျင့် ဗိုလ်ကျခဲ့သော်လည်း လက်ရှိနည်းလမ်းများထက် ပို၍ နိုင်ငံတကာမှ အရေးယူ ခဲ့ခြင်းမျိုး မရှိပေ။ ၎င်းတို့ အဖို့က ကြွယ်ဝသည်ထက် ကြွယ်ဝ ချမ်းသာလာခဲ့ကြသည်။
မြန်မာ လူထု သည် နိုင်ငံအကျိုး အနာဂတ် မျိုးဆက်များ၏ အကျိုးအတွက် ထိုသို့ သော အနေအထား မျိုး ဖြင့် စည်းလုံးနိုင်ကြပါ့မလားဟူသော မေးခွန်းသာ မေးရန် ကျန်ပေတော့သည်။
နောက်ထပ် ရရှိသော သတင်းများအရ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် စွဲဆိုထားသော များပြားလှသည့် အမှုများ အနက်မှ နှစ်မှု အပေါ် စီရင်ချက် ချရမည့် အရေးအား ဇန်နဝါရီ ၁၀ ရက်အထိ ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။
ဤသည်ကလည်း တရုတ်အနေဖြင့် သံတမန်ရေးအရ အပြည့်အဝ ထောက်ခံ မှု ရလိုလျှင် ယခု အတိုင်းတော့ မဖြစ် Something must give in return သဘော ဖိအားပေးနေပုံရ၍ ဖြစ်မည်။
မည်သို့မည်ပုံ ပြန်လုပ်ပေးရမည်ကိုလည်း စဉ်းစား၍ မရ ဖြစ်နေသည်၊ လက်ရှိ အနေအထားက ယိမ်းယိုင်နေသရွေ့ စစ်ကောင်စီ သည် မည်သို့မျှ အလျော့ပေး၍ မရ ဟု စဉ်းစားထားဟန် ရှိနေသည်။
မင်းအောင်လှိုင်ကတော့ သူ၏ ညွှန်ကြားမှု ဖြင့် လက်အောက်ခံ တပ်များက လေကြောင်းမှ ၎င်း၊ လက်နက် ကြီးများဖြင့်၎င်း၊ ကရင်တိုင်းရင်းသားများ အား သတ်ဖြတ်နေသည့် အချိန်တွင် သူသည် လူအများ ကြားတွင် လူလုံး ပြနေနိုင်သည့် အဖြစ်ကိုလည်း အံ့ဩမဆုံး မြင်တွေ့နေရပေသည်။
လာမည့် ၂၀၂၂ ခုနှစ်အတွက် ဒေါ်လာ ဘီလီယံ ၇၇၀ ဘတ်ဂျက် အသုံးပြုမည့် အမေရိကန် အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပြီး အဆိုပါ NDAA ဥပဒေတွင် NUG အစိုးရကို တရားဝင် ဖြစ်စေရေးနှင့် ဝန်ကြီးဌာန ၂ ခုကို ထောက်ပံ့ကူညီမည့် ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရှိရသည်။
သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၂၇ ရက်နေ့ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၈ ရက်နေ့)တွင် အဆိုပါ NDAA ဘတ်ဂျက်ဥပဒေကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ရာ ဥပဒေမှာ တရားဝင် အသက်ဝင်လာပြီဖြစ်သည်။
ယင်းဥပဒေတွင် NUG အစိုးရကို တရားဝင်ဖြစ်စေရေး အမေရိကန်အစိုးရက ဆောင်ရွက်ရန်နှင့် စစ်ကောင်စီ၏ တရားဝင်မှု မရရှိစေရေး အမေရိကန် အစိုးရက လုပ်ဆောင်ရန်တို့လည်း ပါဝင်ကြောင်း သိရှိရသည်။
NDAA ဥပဒေ ပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆောင်ရွက်ချက်ကို အမေရိကန်အစိုးရက အမေရိကန်လွှတ်တော်သို့ အစီရင်ခံတင်ပြရမည်ဆိုသော ပြဋ္ဌာန်းချက်ပါဝင်ကြောင်း သိရှိရသည်။
ထိုဥပဒေ အတည်ပြုနိုင်ရေး အတွက် ဦးဆောင်ဦးရွက် ပြုခဲ့သူမှာ နိုင်ငံတော် အတိုင်ပင်ခံ ၏မိတ်ဆွေကြီး ဆီးနိတ် ရီပတ်ဘလီကင် လူနည်းစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနယ်ပင် ဖြစ်သည်။
အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင် မက်ကောနယ်
၎င်းမှ (၁) စစ်ကောင်စီ အား ထိ ရောက်စွာ ပြစ်ဒဏ် ခတ်နိုင်ရေး၊ (၂) အမျိုးသား ညီညွတ်ရေး အစိုးရအား တရားဝင် အသိ အမှတ် ပြုနိုင်ရေး၊ (၃)ဒီမိုကရေစီ အုပ်ချုပ်မှု ပြန်လည် ထွန်းကားရေး နှင့် (၄) အမျိုးသား ရင်ကြားစေ့မှု မြေတောင် မြှောက်ပေးနိုင်ရေး (၅) တရုတ် နှင့် ရုရှားတို့၏ လုပ်ရပ်များ သုံးသပ်ရေး အစီအစဉ်များ အားလုံးအကောင်အထည် ဖေါ်နိုင်ရန် အစိုးရမှ မည်သို့မည်ပုံ ပြင်ဆင်ထားသည်ကို ရက်ပေါင်း ၆၀ အတွင်း ကွန်ဂရက်သို့ ပြန်လည် တင်ပြရမည် ဖြစ်သည်။
အမေရိကန်အစိုးရက လွှတ်တော်သို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်ချက် အစီရင်ခံတင်ပြသည့်အခါ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရမူဝါဒ၊ လုံ ခြုံရေးရည်ရွယ်ချက်တွေကိုထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်များကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊
အမေရိကန်အစိုးရ၏ လက်ရှိထောက်ပံ့ပေးနေသည်များကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ တရုတ်၊ ရုရှားတို့၏ မြန်မာနှင့်ပတ်သက်သည့်မဟာဗျူ ဟာအကျိုးစီးပွားကို ထည့်သွင်းဖော်ပြရမည်ဟု ပြဌာန်း ထားကြောင်း သိရှိရသည်။
“အမေရိကန်အစိုးရလုပ်နေတာတွေက NUG ကို ဘယ်လိုထောက်ပံ့မှုတွေ ပေးပြီး NUG ကို ဘယ်လိုတရားဝင်ဖြစ်အောင် လုပ်ပေးနေ လဲဆိုတာကို ထည့်သွင်းဖော်ပြရမယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ တရားဝင်မှု မရအောင် ဘယ်လိုလုပ်နေလဲဆိုတာကိုလည်း ထည့်သွင်းဖော်ပြရမယ်လို့ ထည့်သွင်းပြဌာန်းထားတာပါပဲ” ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးရဲမျိုးဟိန်းက ၎င်း၏ လူမှုကွန်ရက်တွင် ယင်း NDAA ဥပဒေနှင့်ပတ်သက်၍ ဒီဇင် ဘာလ ၁၈ ရက်နေ့တွင် ထုတ်ဖော်သုံးသပ် ရေးသားထားသည်။
ထို့ပြင် လာမည့် ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံအတွက် အမေရိကန် အစိုးရက ဒေါ်လာ ၁၃၆ သန်း ၁ သိန်း ၂ သောင်း၊ ၇ ထောင်ထက် မလျှော့နည်းဘဲသုံးစွဲရန်၊ သုံးစွဲခွင့်ပြုသည့် ဏ္ဍများတွင် NUG ၏အုပ်ချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ အစီအစဉ်များကို အထောက်အကူပြုနိုင်ရေး သုံးစွဲရမည်ဖြစ်ပြီး
CDM များအတွက်လည်းသုံးစွဲနိုင်ကြောင်း ဥပဒေတွင်ပါရှိကြောင်း၊ NUG ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စဟုဆိုရာတွင် လူ့အခွင့်အရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာန နှစ်ခု၏ စီမံအုပ်ချုပ်ဆောင်ရွက်မှု အစီအစဉ်များကို အမေရိကန်က ထောက် ပံ့ပေးရန်ဖြစ်ကြောင်း သိရှိရသည်။
NDAA ဥပဒေတွင် ကမ္ဘာ့ရေးရာများနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံလုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲမည်ဖြစ်ပြီး ဒေါ်လာ ၄ ဘီလီယံ ဥရောပဒေသ ကာကွယ်ရေးဆိုင်ရာအတွက် အသုံးပြုမည်ဖြစ်ကြောင်း ၊ ပစိဖိတ်ဒေသ ကာကွယ်ရေးဆိုင်ရာများအတွက် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရှိရသည်။
တနည်းအားဖြင့် ဆိုလျှင် ယင်း ဥပဒေသည် NUG အား ထိရောက်စွာ အကူအညီ ပေးပြီး ပြည်သူများ ဆင်နွှဲနေသော တော်လှန်ရေးကြီး အောင်မြင်ရန် လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ထိုသို့ အမေရိကန်၏ တက်ကြွစွာ ပါဝင်လာနိုင်သည့် အတိုင်းအတာ ကို လေးနက်စွာ သုံးသပ်နိူင်မည်ဆိုက စစ်ကောင်စီ အောက်တွင် လှေကြုံစီးနေသူများ အဖို့ မိမိတို့ ရပ်တည်ရာ ရပ်တည်ကြောင်းကို စဉ်းစားရတော့မည့် အချိန်ဆိုက်ရောက်လာပြီ ဖြစ်သည်။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai