တိရစ္ဆာန်တွေပေါ် ကြင်နာတရားထားတတ်ဖို့ဆိုတာ အသက်အရွယ်မရွေး၊ လူတန်းစားမရွေးရှိသင့်တဲ့ စိတ်ထားပါပဲ။ ကလေးတွေကို တိရစ္ဆာန်တွေအပေါ် ကြင်နာတတ်ဖို့ ငယ်ငယ်လေးကတည်းက သင်ကြားပေးဖို့လည်း လိုအပ်ပါတယ်။ အခုနောက်ပိုင်း တိရစ္ဆာန်တွေ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ သတင်းတွေမြင်တွေ့ရတာ စိတ်မချမ်းမြေ့စရာကောင်းလှပါတယ်။ ဒါပေမဲ့ လူတိုင်းနီးပါး တိရစ္ဆာန်တွေအပေါ်ကြင်နာတရားမထားတတ်ဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ တချို့တလေလောက်ပါပဲ။ တိရစ္ဆာန်တွေကို ကူညီစောင့်ရှောက်ကယ်တင်ပေးနေတဲ့အဖွဲ့အစည်းတွေလည်း ရှိနေတဲ့အပြင် တိရစ္ဆာန်လေးတွေကို ကယ်တင်ပေးနေတဲ့ အကြင်နာတရားထားတတ်တဲ့ လူကြီး၊ လူငယ်တွေလည်းတွေ့နေရပါတယ်။
photo credit
photo credit
မကြာသေးခင်ကလည်း မလေးရှားနိုင်ငံက ကလေးလေးတစ်ဦးဟာ ရေမြောင်းထဲရောက်နေတဲ့ ကြောင်ပေါက်လေးကို ကယ်တင်ပေးခဲ့တဲ့အတွက် တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းက ကျေးဇူးတင်လို့မဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီအမည်မသိကလေးလေးဟာ ကြောင်ပေါက်လေးကို ကယ်တင်ဖို့အတွက် မိုးသည်းထန်စွာရွာသွန်းထားတဲ့ ရေမြောင်းထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။ ကြောင်ပေါက်လေးကို ကယ်တင်ခဲ့တဲ့ ကလေးလေးရဲ့အတုယူလောက်စရာလုပ်ရပ်ကို ပြဖို့အတွက် The Malaysia Animal Association က ပုံတွေနဲ့တကွ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။
photo credit
photo credit
“ကြောင်ပေါက်လေးရဲ့ဘဝကို ကယ်တင်ဖို့အတွက် ရေမြောင်းထဲဝင်ရဲတဲ့ ဒီကလေးလေးရဲ့လုပ်ရပ်တွေက အရမ်းလေးစားလောက်စရာပါ။ ကလေးလေးတစ်ယောက်ဆီက တိရစ္ဆာန်အပေါ် လူသားဆန်မှုကို အခြားသူတွေ သိမြင်လာစေဖို့ သရုပ်ပြနေသလိုပါပဲ”လို့လည်း ရေးသားထားပါတယ်။ ကလေးတွေရဲ့ဘေးကင်းရေးအတွက်တော့ ရေမြောင်းထဲ ဝင်တဲ့လုပ်ရပ်ကတော့ အတော်လေးအန္တရာယ်များပါတယ်။ ဒါပေမဲ့ ဒီကလေးလေးကတော့ ရေမြောင်းထဲ ရောက်နေတဲ့ ကြောင်ပေါက်လေးရဲ့အသက်ကို သတ္တိရှိစွာနဲ့ စွန့်စားကယ်တင်ပေးခဲ့ပါတယ်။
photo credit
photo credit
ဒါ့အပြင် ကြောင်ပေါက်လေး ဘာမှဖြစ်မသွားခင် အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကလေးလေးရဲ့မွန်မြတ်တဲ့အပြုအမူနဲ့ကြင်နာတတ်တဲ့စိတ်ထားလေးက တကယ်ကို စံနမူနာယူထိုက်ပါတယ်။ The Malaysia Animal Association က ဒီသတ္တိရှိတဲ့ကလေးလေးကို ကျေးဇူးတင်ခဲ့တဲ့အပြင် လက်ဆောင်လည်း ပေးချင်ခဲ့ပါတယ်။ ကလေးလေးကို လက်ဆောင်ပေးရမယ်ဆိုရင် သူတို့အဖွဲ့အစည်းက ဝမ်းသာပျော်ရွှင်ရမယ်လို့ ဆိုပါတယ်။ သူတို့အဖွဲ့အစည်းကို ဆက်သွယ်ပြီး ကလေးကို ပေးမယ့်လက်ဆောင်ကို ကလေးကိုယ်တိုင်ဖြစ်ဖြစ်၊ သူ့ရဲ့အုပ်ထိန်းသူဖြစ်ဖြစ်လာယူပေးဖို့ လူမှုကွန်ယက်မှာ ပြောထားပါတယ်။