လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ် တို့၏ စရိုက်လက္ခဏာများ
သင် ဘာနက္ခတ် ပိုင်ရှင်လဲ ?
မိမိတို့၏ မြန်မာမွေးသက္ကရာဇ်ကို ၃ နဲ့စား၊ ၁ ကြွင်းလျှင် နတ်နက္ခတ်၊ ၂ ကြွင်းလျှင် လူနက္ခတ်၊ ၀ ကြွင်းလျှင် ဘီလူးနက္ခတ်ဟု သတ်မှတ်ရာ၏။
နတ်နက္ခတ်
ထိုနက္ခတ်ပိုင်ရှင်တို့သည် လူဖြောင့်စိတ်တိုများဖြစ်ကြသည်။ မိမိသာမှန်ပါစေ ငြိမ်ခံလေ့မရှိဘဲ မှန်ရာကို အားမနာတမ်း ပြောဆိုဝံ့သည်။ အပြိုင်အဆိုင်ပြုလုပ်ရခြင်းနှင့် တိုက်ခိုက်ရခြင်းကို ပျော်မွေ့သူဖြစ်သည်။
အပြောအဆို လိမ္မာသိမ်မွေ့သလောက် စိတ်ဓာတ်ရေးရာမှာ လွန်စွာ မာကြောသူများဖြစ်သည်။ တဇွတ်ထိုးလည်း လုပ်ကိုင်တတ်သည်။
သစ္စာနှင့်မေတ္တာ ယှဉ်လာလျှင်တောင် သစ္စာကို ဦးစားပေးသူများဖြစ်ပြီး မှန်ကန်မှုကို နှစ်သက်သူများဖြစ်သည်။ နတ်နက္ခတ်တို့၏သဘောမှာ အနေအထိုင်တည်ကြည်ခန့်ငြားသည်။
သို့သော် မကောင်းသောအချက်မှာ တယူသန်စိတ်နှင့် တဇွတ်ထိုးပြုလုပ်တတ်သော စိတ်ဖြစ်သည်။ ထိုစိတ်ကို ထိန်းချုပ်နိုင်မှသာ မိမိအလိုရှိရာကို လှမ်းကိုင်နိုင်သူများဖြစ်လိမ့်မည်။
မိတ်ဆွေအပေါင်းအသင်းမင်သူဖြစ်၍ ထိုသူတို့နှင့်ပတ်သက်လျှင် ကူညီပံ့ပိုးတတ်သည်။ ထို့ကြောင့် အပေါင်းအသင်း ဆရာသမားများ၏ အကူအညီများ မကြာခဏ ရတတ်သည်။ လောဘမကြီးသောသူများ ဖြစ်သော်လည်း လွန်စွာချမ်းသာစိတ်ပြင်းပြသူများ ဖြစ်သည်။ မိမိရှိလျှင်လည်း မနှမြောဘဲ ပေးကမ်းတတ်သူများဖြစ်သည်။
သီချင်းသီဆိုမှု၊ ကခုန်မှုများကိုနှစ်သက်သည်။ စတိုင်ကျကျ နေထိုင်တတ်သည်။ ကိုယ့်ခြေထောက်ပေါ် မရပ်မချင်း မိဘဆွေမျိုးများထံမှ လိုသမျှကို နားပူနာဆာပြုလုပ်တတ်သည်။ အချစ်ရေးတွင်လည်း အပေါင်းအသင်းလောက် မမင်။ ချစ်သူ အိမ်ထောင်ဘက်နှင့် အချိန်တော်တော်များများ အတူမရှိတတ်။ သူငယ်ချင်းအပေါင်းအသင်း နှင့် အပြင်နေရာများတွင် အချိန်ကုန်သည်က များတတ်သည်။
သို့သော် အမှန်တကယ် ချစ်တတ်သူများလည်း ဖြစ်ကြသည်။ မရည်ရွယ်သူများနှင့်လည်း ဖူးစာဆုံလေ့ရှိတတ်ကြသည်။ အပေါင်းအသင်းမင်သူဖြစ်၍ အပေါင်းအသင်းကောင်းလျှင် ကောင်းသလို ကောင်းသည့်ဘက်သို့ရောက်ရှိသွားတတ်ပြီး
မကောင်းလျှင် မကောင်းသကဲ့သို့ မကောင်းမှုဘက်သို့ အားသာသွားတတ်သည်။
စိတ်အရောင်ဆိုးလွယ်သည်။ မိမိရပ်တည်ချက်မှ တခြားသို့ နားယောင်လွယ်သည်။ စိတ်ဓာတ်မာသော်လည်း နားယောင်လွယ်ခြင်းသည် ယုံကြည်လွယ်သည့်အားနည်းချက်ကို ဖြစ်စေသည်။
ထိုနက္ခတ်ပိုင်ရှင်များ လိုက်နာရမည့်အချက်များမှာ —
၁။ လူ့အောက်ကျို့ပေါင်းလေ နက်နဲသော ပညာရပ်များ အများမရနိုင်သော အမည်ကောင်းများ ရရှိတတ်သဖြင့် အောက်ကျို့ပေါင်းပါ
၂။ နားယောင်လွယ် ယုံကြည်လွယ်သူဖြစ်သဖြင့် သူတစ်ပါးကို ယုံကြည်မလွယ်လေ တိုးတက်လေ ဖြစ်သဖြင့် ယုံကြည်မလွယ်ပါနှင့်
၃။အပေါင်းအသင်းများလျှင် များသည့်အလျောက် အကုန်လုံးကိုပေါင်းသင်းခြင်းမပြုဘဲ ရှောင်သင့်သူရှောင် ပေါင်းသင့်သူပေါင်း မရှောင်နိုင်လျှင်လည်း ကိုယ်ပေါင်းစိတ်ခွာအတိုင်းနေထိုင်ရမည်။
၄။ စိတ်ရှည်သည်းခံပါ။ စိတ်ရှည်သည်းခံခြင်းသည် နတ်နက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင် ဖြစ်သည်
လူနက္ခတ်
ထိုနက္ခတ်ပိုင်ရှင်များသည် စကားအပြောအဆို မာသည်။ ပြတ်သားတတ်သည်။ ကွေ့ဝိုက်ပြောရသည်ထက် တည့်တည့် မခြွင်းမချန် ပြောလိုကြသည်။ အပြောမာသော်လည်း စိတ်နှလုံးသိမ်မွေ့သည်။ ကိုယ်ကာယအားဖြင့်လည်း မည်သူ့အပေါ်မှ ရန်ပြုလိုစိတ် မရှိသူများ ဖြစ်သည်။
ဘ၀တွင် သုခနှင့်ဒုက္ခ ယှဉ်လျှင် ဒုက္ခကို ပိုမိုရင်ဆိုင်ရသူများ ဖြစ်သဖြင့် ဘ၀အသိအမြင် ဘ၀အတွေ့အကြုံ များပြားသူများ ဖြစ်သည်။ လက်တွေ့ဆန်သော ဘ၀ကို ဖြတ်သန်းရသူများဖြစ်သဖြင့် စိတ်ကူးယဉ်မှုနည်းပါးသူများဖြစ်ကြသည်။
ဘ၀ပထမ အရွယ်မှစ၍ အခက်အခဲမျိုးစုံကို ကြုံတတ်သူများဖြစ်ပြီး အရွယ်ရလာချိန်တွင် တော်ရုံတန်ရုံကို ခံနိုင်ရည်ရှိသူ စိတ်ထားတတ်သူများဖြစ်နေသည်။
အရာရာကို လေ့လာလိုက်စားလိုစိတ် စူးစမ်းလိုစိတ်ရှိသည်။ ဘ၀တွင်လည်း ပြောင်းလဲခြင်းများစွာ ရှိနေတတ်ပြီး မွေးရပ်မြေမှပြောင်းရွှေ့နေထိုင်ရခြင်း ရုတ်တရက် အိမ်ထောင်ကျခြင်း၊ မိဘများနှင့်ခွဲခွာရခြင်း ညီအစ်ကိုမောင်နှမ ဆွေမျိုးများနှင့် ခွဲခွာရခြင်းများ ကြုံတွေ့ရသူများဖြစ်သည်။
မိမိအပေါ်ကို တင်စီးသောစကား မာန ထောင်လွှားစွာ ပြောဆိုသော စကားများကို အများစုမှာ မခံချင်သူများဖြစ်ပြီး ချက်ချင်းလိုပင် တုံ့ပြန်တတ်သည်။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးလိုသည့် စိတ်ရှိသည်။ သူဆိုးလို့ ကိုယ်လိုက်ဆိုးရင် ကိုယ့်ပါ အပြစ်ရှိသူ ဖြစ်သွားတတ်သဖြင့် ထိုအချက်သည် အဓိက အားနည်းချက်ဖြစ်သည်။
ဥာဏ်ရည်ဥာဏ်သွေး ကောင်းသောသူများလည်း ဖြစ်ပြီး ဘဝပေးပညာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သောသူများလည်း ဖြစ်သည်။ ထူးခြားချက်မှာ အကျဉ်းအကြပ်ထဲတွင်ပင်
အခွင့်အလမ်းကို ရအောင် ရှာဖွေတတ်ကြသည်။ အကြောင်းအရာတစ်ခုခုကို အမြဲတစေ စဉ်းစားနေတတ်သည်။ မိမွေ ဖမွေထက် ကိုယ့်ဒူးကိုယ်ချွန်လိုသူများ ဖြစ်ပြီး ဘဝပေးအရလည်း ထိုကဲ့သို့ ပုံစံမျိုးသာဖြစ်လာတတ်သူများ ဖြစ်သည်။
များသောအားဖြင့် ညီအစ်ကိုမောင်နှမများနှင့် မတဲ့တတ်။ မိသားစုနဲ့ အဆင်မပြေတတ်ပေ။ ချစ်သူရည်စား များပြားတတ်ခြင်း သို့မဟုတ် အချစ်ရေး အိမ်ထောင်ဘက် အပြိုင်အဆိုင် များကို ကြုံတွေ့တတ်ကြသည်။ နောက်ဆုံး ပြိုင်စရာမရှိလျှင် ချစ်သူအချင်းချင်း လင်မယားအချင်းချင်းအပြိုင်စိတ်ဆိုးခြင်း အပြိုင် စိတ်ကောက်တတ်ကြပေသည်။ ဘ၀လုပ်ငန်းများတွင် ပညာရေးလုပ်ငန်းများထက် စီးပွားရေးများတွင် ပိုမိုအကျိုးပေးသူများလည်းဖြစ်သည်။
လိုက်နာရန်အချက်များကတော့ —
၁။ စကားပြောမာကျောသူဖြစ်လျှင် သိမ်မွေ့စွာပြောဆိုပါက စကားပြောပညာနှင့် နဂိုရှိပြီးသား ဘ၀အသိပညာပေါင်းစပ်မိပြီး လူအများ အားကိုးအားထားသူ ဖြစ်လာမည်ဖြစ်ပြီး အောင်မြင်ရေးအတွက်လည်း အထောက်အပံ့များ ဖြစ်ပေလိမ့်မည်။။ ထို့ကြောင့် စကားမာမာပြောခြင်းအားရှောင်ကြဉ်ပါ။
၂။နောက် အတိုက်အခံသဘောမျိုးတွေကို ရှောင်ပါ။ ပြန်လည်တုံ့ပြန်ချင်းထက် ဥပက္ခာပြုလိုက်ခြင်းဖြင့် မထင်မှတ်သော ကျော်ကြားမှု ကောင်းသတင်းများအား ပိုင်ဆိုင်ပေလိမ့်မည်။
၃။စိတ်ကိုငြိမ်အောင် ထိန်းချုပ်ပါ။ ရုတ်တရက် တုံ့ပြန်မပြောခင် စိတ်ကိုငြိမ်အောင် ထိန်းချုပ်ပြီးမှ ပြောဆိုပါက ပိုမိုကောင်းမွန်လိမ့်မည်။
၄။ကိုယ်ကာယအား စိတ်နှလုံးအားဖြင့် ကောင်းမွန်သူဖြစ်သဖြင့် စကားအပြောအဆိုကို ဆင်ခြင်စွာပြောဆိုခြင်းသည်ပင် လူနက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးရောက်ရှိမည့် လမ်းပင်ဖြစ်သည်။
ဘီလူးနက္ခတ်
ထိုနက္ခတ်ပိုင်ရှင်တို့သည် စိတ်ဓာတ်ပြင်းပြသူများဖြစ်ပြီး တိုက်လျှင်နိုင်ရမည် ယှဉ်လျှင်သာရမည်ဆိုသည့် စိတ်ထားမျိုး ရှိတတ်ကြသည်။။အများစုမှာ မခံချင်စိတ်များပြားသူများ ဖြစ်သည်။ အအရာရာကို လေ့လာလိုက်စားသောသူများဖြစ်ပြီး ဟိုစပ်စပ်ဒီစပ်စပ် လုပ်တတ်သောသူများဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်သဖြင့် တစ်ခါတစ်ရံ အလုပ်ကိစ္စများတွင် တစ်၀က်တစ်ပြက်များ ဖြစ်နေတတ်ကြသည်။ ကျေးဇူးတရားကိုသိတတ်သောသူများလည်း ဖြစ်သည် ။
ထိုသူတို့၏ စိတ်ဓာတ်သည် သူကောင်းလျှင် ကိုယ်ကောင်းမည်။ သူမကောင်းလျှင် ကိုယ်မကောင်းနိုင်ဟူသော ကြည့်မှန်သဖွယ် နေထိုင်ကြသည်။ ပေါင်းရသင်းရလွန်စွာခက်သောသူများဖြစ်ပြီး ကွယ်ရာတွင် ဝေဖန်အပြစ်ပြောခံရခြင်းများ ကြုံရတတ်ပြီး ထိုသို့ပြောသည်ကိုလည်း ဂရုစိုက်လေ့မရှိသူများလည်းဖြစ်သည်။
အပေါင်းအသင်းများကိုလည်း ကိုယ့်အပေါ် တကယ်နားလည်သူကိုသာ ရွေးချယ်ပေါင်းလေ့ ရှိသည်။ လူအများနောက်လိုက်ထက် ဆရာလုပ်တတ်ခြင်း အမိန့်ပေးတတ်ခြင်း သြဇာပေးလိုစိတ်များ ရှိသည်။ ထို့ကြောင့် ကိစ္စတော်တော်များများတွင် သိအောင် ကြိုးစားလေ့ရှိကြသည်။
ဤနက္ခတ်ပိုင်ရှင်များသည် သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟူသော စိတ်ထားမျိုးလည်း ရှိပြန်သည်။ တခါတစ်ရံ ဝေခွဲမရသော ကိစ္စများတွင် နောက်ဆုတ်လေ့မရှိ ရှေ့သို့သာ တုံးတိုက်တိုက်ကျားကိုက်ကိုက် ပြုမူတတ်ကြသည်။ ထိုအချက်သည် မှားမှန် ချင့်ချိန်မှု အားနည်းတတ်သော အဓိကအားနဲချက်တစ်ခု ဖြစ်သည်။ ထိုအချက်ကိုတော့ အထူးပြုပြင်ရပေမည်။
သူတို့သည် မည်သည့်နေရာတွင်မဆို ထင်ပေါ်ကျော်ကြားလိုကြသည်။ ငယ်စဉ်အခါတွင် အခက်အခဲများနှင့်ကြုံတွေ့ရတတ်သည်။ ချစ်သူ အိမ်ထောင်ဘက်များနှင့် ပတ်သက်ပြီး ခံစားလွယ် ပေါက်ကွဲလွယ် တတ်သည်။
သို့သော် နှစ်နှစ်ခါခါ ချစ်တတ်သူများ ဖြစ်သည်။ စီးပွားရေးနှင့် ပတ်သက်ပြီး စုပေါင်းလုပ်ခြင်းထက် တစ်ဦးထဲလုပ်ကိုင်လျှင် ပိုမိုကောင်းမွန်ပြီး အများအကျိုး နှင့်သက်ဆိုင်သော လုပ်ငန်းများတွင်အကျိုးလွန်စွာပေးသူများ ဖြစ်သည်။
ထိုနက္ခတ်ပိုင်ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ —
၁။ထင်ပေါ်ကျော်ကြားလိုသော လောဘရှိသဖြင့် ထိုလောဘကိုထိန်းချုပ်ပါ။
၂။မဝေခွဲနိုင်သော ကိစ္စများတွင်တောင် တုံးတိုက်ကျားကိုက် စွန့်စား တတ်သူများ ဖြစ်သဖြင့် အမှားတွေဖြစ်တတ်ပြီး ဘ၀အတက်အကျ မြန်တတ်သည်။ ထို့ကြောင့် ရှည်ကြာသောအောင်မြင်မှု မြဲမြံသော ရပ်တည်မှုများကို အလိုရှိပါက သေချာစဉ်းစားဆင်ခြင်ခြင်း၊ ရှေ့တစ်လှမ်းအတွက် နောက်တစ်လှမ်းဆုတ်၍ အားယူခြင်းများကို ချိန်ဆလုပ်ဆောင်ပါ။
၃။မခံချင်စိတ်များပြားသဖြင့် မခံချင်စိတ်ကြောင့် တစ်ခါတစ်လေ လောကကြီးကိုပင် အရွဲ့တိုက်တတ်ကြသည်။ ထိုမခံချင်စိတ်အား စနစ်တကျ ထိန်းချုပ်ခြင်း မှန်ကန်သောနေရာတွင် အသုံချတတ်ခြင်းသည်ပင် ထိုနက္ခတ်ပိုင်ရှင်များအတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်ပေသည်။
မိမိအိမ်ထောင်ဖတ် ချစ်သူတို့၏ နက္ခတ်ကိုတွက်ပြီး စစ်ဆေးနိုင်ကြပါစေ…
သင်ဆရာ မြင်ဆရာ ကြားဆရာများအား အစဥ်ဦးခိုက်လျှက် 🙏🏻🙏🏻🙏🏻