မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ အိမ်မဆောက်ခင်ပြုလုပ်လေ့ရှိသည့်အချက် (၇) ချက်
အရွယ်ရောက်ပြီးလူတစ်ယောက်ချင်းစီရဲ့ စိတ်ကူးအိပ်မက်တွေတိုင်းမှာလည်း ကိုယ်ပိုင် အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ဖို့ဆိုတဲ့အိပ်မက်က မပါမဖြစ်ပါဆဲပါပဲ။
အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်တယ်ဆိုတဲ့နေရာမှာလည်း ခေတ်အခြေအနေအထားတွေအရ တချို့က မြေဝယ်ပြီး အိမ်ကို ကိုယ်တိုင်ဆောက်တယ်။
တချို့က ဆောက်ပြီးသား အိမ်ဝယ်တယ်။ တချို့က တိုက်ခန်းဝယ်တယ်။ တချို့ကျတော့လည်း အလုပ်ရှုပ်မခံနိုင်လို့ ကိုယ်လိုချင်တဲ့ပုံစံကို ကန်ထရိုက်အပ်တယ် စသဖြင့် နည်းလမ်းမျိုးစုံနဲ့ အကောင်အထည်ဖော်လေ့ရှိကြပါတယ်။
ဒါပေမယ့် ကိုယ်ဆံဖြူသွားကျိုး အိုမင်းမစွမ်းဖြစ်တဲ့အချိန်ထိနေထိုင်မယ့် အိမ်ကို အိမ်တလုံးပိုင်ရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့တော့ အလျင်စလိုဖြစ်သလို ဝယ်ယူတာမျိုးမဟုတ်ဘဲ
ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် ကိုယ့်စိတ်တိုင်းကျဖြစ်အောင် အဘက်ဘက်ကနေ ထောင့်စေ့အောင် ပြုလုပ်နိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်…။
ဒီလိုပြုလုပ်တဲ့နေရာမှာလည်း ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့စကားအတိုင်းပဲ ရှေးက လူကြီးသူမတွေ အိမ်ဆောက်ရင် ပြုလုပ်ခဲ့ကြတဲ့နည်းလမ်းများစွာထဲက အဓိကကျတဲ့ အချက်တချို့ကို ဝေမျှပေးချင်ပါတယ်။
၁။ မြေသန့်ခြင်း
ကိုယ်ဝယ်ယူတဲ့မြေဟာ ပိုင်ရှင်ဘယ်နှစ်ယောက်ပြောင်းခဲ့ပြီး အရင်က ဘယ်လိုမြေမျိုးဖြစ်ခဲ့မှန်း ရာဇဝင်ကို အရင်လိုက်လေ့လာပြီးမှ ဝယ်ယူနိုင်ရင်တော့ အကောင်းဆုံးပါ…
ကိုယ့်စိတ်ကြိုက် မြေဝယ်ပြီးပြီ။ အဲဒီမြေပေါ်မှာလည်း အိမ်ဆောက်နေဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မိမိနေထိုင်တဲ့မြေပေါ်မှာ
သူတပါးက မကောင်းတဲ့အစီအရင်မျိုး လုပ်မထားနိုင်အောင် မကောင်းတဲ့အမှောင့်ပယောဂတွေ ကပ်မနေနိုင်အောင် ရှေးယခင်ကတော့ အဲဒီမြေပေါ်မှာ နွားနဲ့အရင်ထွန်ရပါတယ်။
မကောင်းသူမကောင်းသားတွေက ထွန်ကို ကြောက်တတ်ကြလို့ပါတဲ့။ ပြီးရင် ပြောင်းစေ့နဲ့နှမ်းစေ့ စတိပမာဏကို ယူပြီး အဲဒီမြေပေါ်မှာ ကျဲပက်ပေးလေ့ရှိပါတယ်။
နှမ်းက စီးပွားလာဘ်လာဘတိုးတက်အောင်ဖြစ်ပြီး ပြောင်းစေ့ကတော့ ဒီနေရာကို ပြောင်းရွှေ့လာတယ်ဆိုတဲ့ အဓိပ္ပါယ်ကြောင့်ဖြစ်ပါတယ် ။
ပြီးရင်တော့ ရဟန်းသံဃာတွေကို ပင့်ဖိတ်ပြီး ပရိတ်ရွတ်ရပါတယ်။ ဒါကိုပဲ မြေသန့်တယ်။ မြေနှင်တယ် စသဖြင့် အမျိုးမျိုးခေါ်လေ့ရှိကြပါတယ်။
၂။ ပန္နက်ရိုက်ခြင်း
အိမ်ကြီးအိမ်ကောင်းတစ်ဆောင်ဆောက်လုပ်တော့မယ်ဆိုရင် ရှောင်ရန်ဆောင်ရန် အချက်တွေက အရမ်းကိုမှ များပြားလွန်းပါတယ်။
အဲဒီထဲကမှ အဓိကကျပြီး မဖြစ်မနေလုပ်ရမယ့်အချက် နောက်တချက်ကတော့ ပန္နက်ရိုက်ခြင်းပဲဖြစ်ပါတယ်.. ပန္နက်ရိုက်တယ်ဆိုတဲ့နေရာမှာလည်း
ကိုယ်အားတဲ့နေ့မှာ ကိုယ်ကြိုက်တဲ့လူရဲ့အကူအညီကို ယူပြီး ရိုက်လိုက်တာမျိုးမဟုတ်ဘဲ တတ်သိနားလည်တဲ့လူတွေနဲ့တိုင်ပင် မေးမြန်းတွက်ချက်ပြီး အိမ်ပိုင်ရှင်ရဲ့နေ့နံ၊
အိမ်ဆောက်မည့် လ စတာတွေအပေါ်မူတည်ပြီး နေ့ကောင်းရက်သားရွေးရပါတယ်။ ရက်ရွေးတဲ့အခါမှာလည်း တန်ခူးသာကျော်၊ ထွန်းပေါ်ကဆုန်၊ နယုန်ညွန့်စ၊
အောင်လှ ဝါဆို၊ သာလို ဝါခေါင် စသဖြင့် သူ့လနဲ့ သူ့ရက် ရှိကြပါတယ်… ဥပမာ တန်ခူးလမှာ အိမ်ဆောက်မယ်ဆို သောကြာနဲ့တနင်္လာရက်တွေကို ရွေးရမယ်လို့ ဆိုပါတယ်။
နောက်ပြီး ပန္နက်ကြိုးကိုင်ရတဲ့လူဟာလည်း နီးစပ်ရာလူမဟုတ်ဘဲ တိုးတက်ကြီးပွားစေမယ့် အတိတ်နိမိတ်ကိုဆောင်မယ့် အိမ်ရှင်ရဲ့နေ့နံအလိုက် ဘယ်လိုနေ့သားကမှ ပန္နက်ရိုက်ရမယ်၊
ပန္နက်ကြိုးကိုင်ရမယ်ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။မြန်မာတို့အယူအရ နဂါးခေါင်းအလှည့်ကလည်း ပန္နက်ရိုက်မယ့်နေရာမှာ အရေးကြီးပါတယ်။
ဒါကိုလည်း တော်ကျွတ် မုန်းရှေ့၊ နပြာတွဲတောင်၊ ပေါင်း ကူး ဆုန် နောက်၊ န ဝါ ဝါ မြောက် ဆိုပြီး အတိုကောက်မှတ်သားထားလေ့ရှိပါတယ်။
အိမ်ဆောက်မယ့်လက ဝါဆိုလဆိုရင် နဂါးခေါင်းမြောက်ဘက်လှည့်တဲ့အတွက် ပန္နက်ရိုက်တဲ့လူက အနောက်ဘက်ကနေပြီး အရှေ့ဘက်ကို မျက်နှာမူပြီး ရိုက်ရပါတယ်။
အခုပြောနေတာက သာမန်အိမ်တလုံးဆောက်ရင် လုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံအယူအဆတွေပဲ ရှိပါသေးတယ်။ တည်ဆောက်မယ့်အဆောက်အဦးက
သာသနာ့အဆောက်အအုံ ဒါမှမဟုတ် ကြီးကျယ်ခမ်းနားတဲ့အဆောက်အအုံဆိုရင် ပန္နက်တင်မင်္ဂလာအခမ်းအနားဆိုပြီး အကြီးအကျယ်လုပ်ကြတာလည်း မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာတစ်ခုပဲဖြစ်ပါတယ်..။
၃။ တိုင်ထူခြင်း
အိမ်တစ်အိမ်စပြီးဆောက်တော့မယ့်ဆိုရင် ပထမဆုံးအနေနဲ့ အိမ်မှာပါဝင်တဲ့ အိမ်ကို ထောက်ကန်မယ့် တိုင်တွေကို အရင်ဆုံး မြေကြီးမှာ စိုက်ရပါတယ်။
တိုင်တွေကိုမထူခင် အမွေးနံ့သာပါတဲ့ရေကို သပြေခက်နဲ့ ဖြန်းပေးရပါတယ်။ အိမ်တိုင်တွေထဲကမှ အရေးကြီးဆုံးဖြစ်တဲ့ ခေါင်တိုင်နဲ့ဥယျာဉ်တိုင်တို့ကို ထူတဲ့အခါ
ငှက်ပျောဖီး၊ သပြေညွန့်၊ မြေစာညွန့်တွေကို ကြိုးနဲ့ချည်ပြီးထောင်ရပါတယ်။ အဲဒီနှစ်တိုင်ထဲကမှ ဥယျာဉ်တိုင်ကို အရင်ဆုံးထောင်ရပါတယ်။
ဥယျာဉ်တိုင်ဆိုတာ အိမ်ဦးခန်းတိုင်ကိုဖယ်ပြီး အဲဒီတိုင်ရဲ့နောက်က လက်ဝဲ လက်ယာတိုင်တွေကို ခေါ်တာပဲဖြစ်ပါတယ်…။
၄။ အသား(သစ်သား)ရွေးခြင်း
အုတ်နဲ့အင်္ဂတေနဲ့ တိုက်ဆောက်မယ်ဆိုရင်တော့ ဒီအဆင့်က ဖယ်ထားခဲ့ရမယ့်အဆင့်ပဲဖြစ်ပါတယ်.. ဒါပေမယ့် ရှေးယခင်ခေတ်တုန်းကတော့ ဘုရင်မိဖုရားတွေနေထိုင်တဲ့ နန်းတော်ကြီးတွေက အစ
သစ်သားကို အဓိက သုံးပြီးတည်ဆောက်ကြတာမို့ ဒီအဆင့်က အရေးအကြီးဆုံးအဆင့်တဆင့်ဖြစ်ခဲ့ပါတယ်။ အိမ်ဆောက်မယ့်သစ်ကို မင်္ဂလာယူပြီး သစ်ကြိုပွဲတွေတောင် လုပ်လေ့ရှိပါတယ်။
အိမ်ဆောက်ရာမှာ သုံးဖို့မသင့်တဲ့အသားတွေကို မှားယွင်းရွေးချယ်တည်ဆောက်မိရင် အိမ်ရှင်နဲ့အိမ်သားတွေကို ထိခိုက်တတ်တယ် စီးပွားလာဘ်လာဘတွေ ဆုတ်ယုတ်တတ်တယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။
ဒါကြောင့် ကျီးအာ၊ နတ်သက်၊ ပုခက်လွှဲ၊ တော်လဲ၊ သစ်ကြိတ်၊ သစ်တွဲလဲဆိုတာမျိုးတွေ၊ မအူ၊ မိကျောင်း၊ သခွပ်၊ ဆီး၊ သပြေ၊ ကလော၊ သစ်ဆိမ့်၊ လက်ပံ စတဲ့ အသားတွေကို ရှောင်ပြီးတည်ဆောက်ကြပါတယ်….။
၅။ အိမ်အလှည့်ရွေးခြင်း
အိမ်ပိုင်ရှင်ရဲ့နေ့နံကို လိုက်ပြီး သူဆောက်တဲ့အိမ်က ဘယ်အရပ်ကို မျက်နှာမူရမယ်၊ ဘယ်အရပ်ကို မျက်နှာမူပြီးမဆောက်ရဘူးဆိုတာမျိုး ရှိပါသေးတယ်။
ဒါကလည်း အခုခေတ်အနေအထားအရ လိုက်နာကျင့်သုံးဖို့ခက်နိုင်တဲ့အချက်တချက်ပါပဲ။လမ်းတစ်လမ်းရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းမှာ အိမ်တွေ တန်းစီတည်ဆောက်ထားကြတာမို့
မိမိအိမ်ဆောက်တဲ့အခါမှာလည်း အများနည်းတူ လိုက်ဆောက်ကြရမှာပါ။ ကိုယ်ကမှ အရှေ့လှည့်အိမ်ကို လိုချင်တယ်။ တောင်ဘက်လှည့်တာကမှ ကိုယ့်အတွက် ပိုအကျိုးရှိစေမယ်ဆိုရင်တော့
မြေဝယ်ကတည်းက ကြိုတင်ပြီး ဘေးပတ်ဝန်းကျင်က အိမ်တွေရဲ့အလှည့်အနေအထားကို လေ့လာထားသင့်ပါတယ်။ ရှေးမြန်မာတွေရဲ့ အယူအဆအတိုင်းဆိုရင်တော့
အိမ်ပိုင်ရှင်နဲ့ ဘူမိကျတဲ့အရပ်ကို အိမ်မျက်နှာလှည့်မဆောက်ကြပါဘူး။ ဘူမိကျတဲ့အရပ်ဆိုတာ ညံ့တဲ့အရပ်ကို ပြောတာပါ။ အဲဒီဘူမိကျတဲ့အရပ်မှာတော့ အိမ်သာကို ဆောက်လေ့ရှိကြပါတယ်။
အိမ်မျက်နှာလှည့်နဲ့ပတ်သက်ပြီး နောက်ထပ်သတိထားရမှာတခုကတော့ လမ်းမကို ကျောပေးပြီး အိမ်မဆောက်မိဖို့ပဲဖြစ်ပါတယ်…။
၆။ လှေကားထူခြင်း
ပထမဆုံးအနေနဲ့ အိမ်ကို အကြမ်းထည်အရင်ဆောက်ပြီး များသောအားဖြင့် နှစ်ထပ်ဆောက်လေ့ရှိတဲ့ မြန်မာအိမ်ကြီးအိမ်ကောင်းဟာ များသောအားဖြင့် လှေကားထူမယ့်နေ့မှာတော့
လှေကားထူပွဲ ( လှေကားတင်) ဆိုပြီး ပြုလုပ်ကြလေ့ရှိပါတယ်…. အဲဒီနေ့မှာ ရဟန်းသံဃာတွေကို ပင့်ဖိတ်ဆွမ်းကျွေးတာတွေလုပ်ပြီး စပါးတောင်း၊ ဝါးတောင်း၊ ပဲတောင်း၊
ဆီအိုး၊ ငါးပိအိုး ၊ မီးခွက်၊ ကွမ်းအစ်အသစ် အသစ်တွေကို အသုံးပြုပြီး အိမ်အရာမြောက်အောင် စီမံကြလေ့ရှိပါတယ်။ လှေကားဆံ ခေါ် လှေကားထစ်အရေအတွက်ကိုလည်း မ ဂဏန်းထားရပြီး
လှေကားတထစ်နဲ့တထစ်ကြားအကွာအဝေးကိုလည်း သေချာတွက်ချက်ပြီးမှ လှမ်းလို့တက်လို့ကောင်းအောင် ၂၄ လက်မအကွာအဝေးနဲ့ ကလေးများတဲ့အိမ်ဆိုရင်တော့
လက်မ ၂၀၊ ၂၂ လက်မလောက် ထားပြီး ပြုလုပ်ကြတာကို တွေ့ရှိရပါတယ်…။
၇။ အိမ်သစ်တက်ခြင်း
ဒါကတော့ ကျန်တဲ့အချက် ခြောက်ချက်ထက် လိုက်ပြီးလုပ်ရလွယ်တဲ့ ခုချိန်ထိလည်း လိုက်နာကျင့်သုံးနေကြဆဲဖြစ်တဲ့ ထုံးတမ်းအစဉ်အလာတခုပါပဲ။
မြန်မာ့ယဉ်ကျေးမှုအရတင်မဟုတ်ဘဲ တခြားလူမျိုးခြား ဘာသာခြားတွေမှာလည်း ဒီလိုဓလေ့ထုံးစံတွေရှိကြပါတယ်။ မြန်မာ့ဓလေ့ထုံးစံမှာ ထူးခြားတာကတော့
သံဃာတွေကို ပင့်ဖိတ်ပြီး ပရိတ်ပဌာန်းတွေရွတ်ဖတ်လို့ အိမ်သစ်ကို ကြိုဆိုကြခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ ဆောက်ပြီးသားအိမ်ဝယ်ယူတဲ့လူတွေလည်း လိုက်ပြီးလုပ်ဆောင်နိုင်ပါတယ်။
အခုပြောသွားတဲ့အချက်တွေဟာ ရှေးကျတဲ့ အယူအဆများ၊ တချို့လည်း လိုက်လုပ်ရတဲ့ခက်တဲ့အယူအဆများ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
မြို့ကြီးပြကြီးတွေမှာ ဒီအချက်တွေကို လိုက်မလုပ်ကြတောပေမယ့် နယ်မြို့တွေ ကျေးလက်ဒေသတွေမှာတော့ အိမ်ဆောက်ရင် ဒီအချက်တွေက ချန်ထားလို့မရတဲ့ မဖြစ်မနေလုပ်ဆောင်နေကြဆဲဖြစ်တဲ့ အချက်တွေပဲဖြစ်ပါတယ်..
မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ ရှေးယခင်က အိမ်တလုံးဆောက်တော့မယ်ဆိုရင် ဘယ်လောက်ထိ အသေးစိတ် အနုစိတ်ပြီး ဂရုတစိုက်လုပ်ဆောင်ခဲ့ကြတယ်ဆိုတာကို ဗဟုသုတ အနေနဲ့မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
အိမ်တစ်လုံးကို ကိုယ်တိုင် ဆောက်နိုင်မယ် ဆောက်ဖြစ်မယ်ဆိုရင် ဒီအချက်လက်လေးတွေဟာ အထောက်အကူဖြစ်စေဖို့ရန်အတွက် ရည်ရွယ်ပါတယ်…။
Credit original uploader

ျမန္မာ့ရိုးရာယဥ္ေက်းမႈထုံးတမ္းအစဥ္အလာအရ အိမ္မေဆာက္ခင္ျပဳလုပ္ေလ့ရွိသည့္အခ်က္ (၇) ခ်က္
အရြယ္ေရာက္ၿပီးလူတစ္ေယာက္ခ်င္းစီရဲ့ စိတ္ကူးအိပ္မက္ေတြတိုင္းမွာလည္း ကိုယ္ပိုင္ အိမ္ေလးတစ္လုံးပိုင္ဆိုင္နိုင္ဖို႔ဆိုတဲ့အိပ္မက္က မပါမျဖစ္ပါဆဲပါပဲ။
အဲဒီစိတ္ကူးအိပ္မက္ကို အေကာင္အထည္ေဖာ္တယ္ဆိုတဲ့ေနရာမွာလည္း ေခတ္အေျခအေနအထားေတြအရ တခ်ိဳ႕က ေျမ၀ယ္ၿပီး အိမ္ကို ကိုယ္တိုင္ေဆာက္တယ္။
တခ်ိဳ႕က ေဆာက္ၿပီးသား အိမ္၀ယ္တယ္။ တခ်ိဳ႕က တိုက္ခန္း၀ယ္တယ္။ တခ်ိဳ႕က်ေတာ့လည္း အလုပ္ရႈပ္မခံနိုင္လို႔ ကိုယ္လိုခ်င္တဲ့ပုံစံကို ကန္ထရိုက္အပ္တယ္ စသျဖင့္ နည္းလမ္းမ်ိဳးစုံနဲ႔ အေကာင္အထည္ေဖာ္ေလ့ရွိၾကပါတယ္။
ဒါေပမယ့္ ကိုယ္ဆံျဖဴသြားက်ိဳး အိုမင္းမစြမ္းျဖစ္တဲ့အခ်ိန္ထိေနထိုင္မယ့္ အိမ္ကို အိမ္တလုံးပိုင္ရင္ၿပီးေရာဆိုတဲ့ သေဘာမ်ိဳးနဲ႔ေတာ့ အလ်င္စလိုျဖစ္သလို ၀ယ္ယူတာမ်ိဳးမဟုတ္ဘဲ
ကိုယ္တတ္နိုင္ရင္ တတ္နိုင္သေလာက္ ကိုယ့္စိတ္တိုင္းက်ျဖစ္ေအာင္ အဘက္ဘက္ကေန ေထာင့္ေစ့ေအာင္ ျပဳလုပ္နိုင္ရင္ အေကာင္းဆုံးပဲျဖစ္ပါတယ္…။
ဒီလိုျပဳလုပ္တဲ့ေနရာမွာလည္း ေရွးထုံးလည္းမပယ္နဲ႔ ေစ်းသုံးလည္း မႂကြယ္နဲ႔ဆိုတဲ့စကားအတိုင္းပဲ ေရွးက လူႀကီးသူမေတြ အိမ္ေဆာက္ရင္ ျပဳလုပ္ခဲ့ၾကတဲ့နည္းလမ္းမ်ားစြာထဲက အဓိကက်တဲ့ အခ်က္တခ်ိဳ႕ကို ေဝမၽွေပးခ်င္ပါတယ္။
၁။ ေျမသန္႔ျခင္း
ကိုယ္၀ယ္ယူတဲ့ေျမဟာ ပိုင္ရွင္ဘယ္ႏွစ္ေယာက္ေျပာင္းခဲ့ၿပီး အရင္က ဘယ္လိုေျမမ်ိဳးျဖစ္ခဲ့မွန္း ရာဇ၀င္ကို အရင္လိုက္ေလ့လာၿပီးမွ ၀ယ္ယူနိုင္ရင္ေတာ့ အေကာင္းဆုံးပါ…
ကိုယ့္စိတ္ႀကိဳက္ ေျမ၀ယ္ၿပီးၿပီ။ အဲဒီေျမေပၚမွာလည္း အိမ္ေဆာက္ေနဖို႔ ဆုံးျဖတ္ၿပီးၿပီဆိုရင္ေတာ့ မိမိေနထိုင္တဲ့ေျမေပၚမွာ
သူတပါးက မေကာင္းတဲ့အစီအရင္မ်ိဳး လုပ္မထားနိုင္ေအာင္ မေကာင္းတဲ့အေမွာင့္ပေယာဂေတြ ကပ္မေနနိုင္ေအာင္ ေရွးယခင္ကေတာ့ အဲဒီေျမေပၚမွာ ႏြားနဲ႔အရင္ထြန္ရပါတယ္။
မေကာင္းသူမေကာင္းသားေတြက ထြန္ကို ေၾကာက္တတ္ၾကလို႔ပါတဲ့။ ၿပီးရင္ ေျပာင္းေစ့နဲ႔ႏွမ္းေစ့ စတိပမာဏကို ယူၿပီး အဲဒီေျမေပၚမွာ က်ဲပက္ေပးေလ့ရွိပါတယ္။
ႏွမ္းက စီးပြားလာဘ္လာဘတိုးတက္ေအာင္ျဖစ္ၿပီး ေျပာင္းေစ့ကေတာ့ ဒီေနရာကို ေျပာင္းေရႊ႕လာတယ္ဆိုတဲ့ အဓိပၸါယ္ေၾကာင့္ျဖစ္ပါတယ္ ။
ၿပီးရင္ေတာ့ ရဟန္းသံဃာေတြကို ပင့္ဖိတ္ၿပီး ပရိတ္ရြတ္ရပါတယ္။ ဒါကိုပဲ ေျမသန္႔တယ္။ ေျမႏွင္တယ္ စသျဖင့္ အမ်ိဳးမ်ိဳးေခၚေလ့ရွိၾကပါတယ္။
၂။ ပႏၷက္ရိုက္ျခင္း
အိမ္ႀကီးအိမ္ေကာင္းတစ္ေဆာင္ေဆာက္လုပ္ေတာ့မယ္ဆိုရင္ ေရွာင္ရန္ေဆာင္ရန္ အခ်က္ေတြက အရမ္းကိုမွ မ်ားျပားလြန္းပါတယ္။
အဲဒီထဲကမွ အဓိကက်ၿပီး မျဖစ္မေနလုပ္ရမယ့္အခ်က္ ေနာက္တခ်က္ကေတာ့ ပႏၷက္ရိုက္ျခင္းပဲျဖစ္ပါတယ္.. ပႏၷက္ရိုက္တယ္ဆိုတဲ့ေနရာမွာလည္း
ကိုယ္အားတဲ့ေန႔မွာ ကိုယ္ႀကိဳက္တဲ့လူရဲ့အကူအညီကို ယူၿပီး ရိုက္လိုက္တာမ်ိဳးမဟုတ္ဘဲ တတ္သိနားလည္တဲ့လူေတြနဲ႔တိုင္ပင္ ေမးျမန္းတြက္ခ်က္ၿပီး အိမ္ပိုင္ရွင္ရဲ့ေန႔နံ၊
အိမ္ေဆာက္မည့္ လ စတာေတြအေပၚမူတည္ၿပီး ေန႔ေကာင္းရက္သားေရြးရပါတယ္။ ရက္ေရြးတဲ့အခါမွာလည္း တန္ခူးသာေက်ာ္၊ ထြန္းေပၚကဆုန္၊ နယုန္ညြန္႔စ၊
ေအာင္လွ ဝါဆို၊ သာလို ဝါေခါင္ စသျဖင့္ သူ႔လနဲ႔ သူ႔ရက္ ရွိၾကပါတယ္… ဥပမာ တန္ခူးလမွာ အိမ္ေဆာက္မယ္ဆို ေသာၾကာနဲ႔တနလၤာရက္ေတြကို ေရြးရမယ္လို႔ ဆိုပါတယ္။
ေနာက္ၿပီး ပႏၷက္ႀကိဳးကိုင္ရတဲ့လူဟာလည္း နီးစပ္ရာလူမဟုတ္ဘဲ တိုးတက္ႀကီးပြားေစမယ့္ အတိတ္နိမိတ္ကိုေဆာင္မယ့္ အိမ္ရွင္ရဲ့ေန႔နံအလိုက္ ဘယ္လိုေန႔သားကမွ ပႏၷက္ရိုက္ရမယ္၊
ပႏၷက္ႀကိဳးကိုင္ရမယ္ဆိုတာမ်ိဳးေတြလည္း ရွိပါေသးတယ္။ျမန္မာတို႔အယူအရ နဂါးေခါင္းအလွည့္ကလည္း ပႏၷက္ရိုက္မယ့္ေနရာမွာ အေရးႀကီးပါတယ္။
ဒါကိုလည္း ေတာ္ကၽြတ္ မုန္းေရွ႕၊ နျပာတြဲေတာင္၊ ေပါင္း ကူး ဆုန္ ေနာက္၊ န ဝါ ဝါ ေျမာက္ ဆိုၿပီး အတိုေကာက္မွတ္သားထားေလ့ရွိပါတယ္။
အိမ္ေဆာက္မယ့္လက ဝါဆိုလဆိုရင္ နဂါးေခါင္းေျမာက္ဘက္လွည့္တဲ့အတြက္ ပႏၷက္ရိုက္တဲ့လူက အေနာက္ဘက္ကေနၿပီး အေရွ႕ဘက္ကို မ်က္ႏွာမူၿပီး ရိုက္ရပါတယ္။
အခုေျပာေနတာက သာမန္အိမ္တလုံးေဆာက္ရင္ လုပ္ေလ့ရွိတဲ့ ဓေလ့ထုံးစံအယူအဆေတြပဲ ရွိပါေသးတယ္။ တည္ေဆာက္မယ့္အေဆာက္အဦးက
သာသနာ့အေဆာက္အအုံ ဒါမွမဟုတ္ ႀကီးက်ယ္ခမ္းနားတဲ့အေဆာက္အအုံဆိုရင္ ပႏၷက္တင္မဂၤလာအခမ္းအနားဆိုၿပီး အႀကီးအက်ယ္လုပ္ၾကတာလည္း ျမန္မာ့ရိုးရာ ထုံးတမ္းအစဥ္အလာတစ္ခုပဲျဖစ္ပါတယ္..။
၃။ တိုင္ထူျခင္း
အိမ္တစ္အိမ္စၿပီးေဆာက္ေတာ့မယ့္ဆိုရင္ ပထမဆုံးအေနနဲ႔ အိမ္မွာပါ၀င္တဲ့ အိမ္ကို ေထာက္ကန္မယ့္ တိုင္ေတြကို အရင္ဆုံး ေျမႀကီးမွာ စိုက္ရပါတယ္။
တိုင္ေတြကိုမထူခင္ အေမြးနံ့သာပါတဲ့ေရကို သေျပခက္နဲ႔ ျဖန္းေပးရပါတယ္။ အိမ္တိုင္ေတြထဲကမွ အေရးႀကီးဆုံးျဖစ္တဲ့ ေခါင္တိုင္နဲ႔ဥယ်ာဥ္တိုင္တို႔ကို ထူတဲ့အခါ
ငွက္ေပ်ာဖီး၊ သေျပညြန္႔၊ ေျမစာညြန္႔ေတြကို ႀကိဳးနဲ႔ခ်ည္ၿပီးေထာင္ရပါတယ္။ အဲဒီႏွစ္တိုင္ထဲကမွ ဥယ်ာဥ္တိုင္ကို အရင္ဆုံးေထာင္ရပါတယ္။
ဥယ်ာဥ္တိုင္ဆိုတာ အိမ္ဦးခန္းတိုင္ကိုဖယ္ၿပီး အဲဒီတိုင္ရဲ့ေနာက္က လက္ဝဲ လက္ယာတိုင္ေတြကို ေခၚတာပဲျဖစ္ပါတယ္…။
၄။ အသား(သစ္သား)ေရြးျခင္း
အုတ္နဲ႔အဂၤေတနဲ႔ တိုက္ေဆာက္မယ္ဆိုရင္ေတာ့ ဒီအဆင့္က ဖယ္ထားခဲ့ရမယ့္အဆင့္ပဲျဖစ္ပါတယ္.. ဒါေပမယ့္ ေရွးယခင္ေခတ္တုန္းကေတာ့ ဘုရင္မိဖုရားေတြေနထိုင္တဲ့ နန္းေတာ္ႀကီးေတြက အစ
သစ္သားကို အဓိက သုံးၿပီးတည္ေဆာက္ၾကတာမို႔ ဒီအဆင့္က အေရးအႀကီးဆုံးအဆင့္တဆင့္ျဖစ္ခဲ့ပါတယ္။ အိမ္ေဆာက္မယ့္သစ္ကို မဂၤလာယူၿပီး သစ္ႀကိဳပြဲေတြေတာင္ လုပ္ေလ့ရွိပါတယ္။
အိမ္ေဆာက္ရာမွာ သုံးဖို႔မသင့္တဲ့အသားေတြကို မွားယြင္းေရြးခ်ယ္တည္ေဆာက္မိရင္ အိမ္ရွင္နဲ႔အိမ္သားေတြကို ထိခိုက္တတ္တယ္ စီးပြားလာဘ္လာဘေတြ ဆုတ္ယုတ္တတ္တယ္လို႔လည္း ယုံၾကည္ခဲ့ၾကပါတယ္။
ဒါေၾကာင့္ က်ီးအာ၊ နတ္သက္၊ ပုခက္လႊဲ၊ ေတာ္လဲ၊ သစ္ႀကိတ္၊ သစ္တြဲလဲဆိုတာမ်ိဳးေတြ၊ မအူ၊ မိေက်ာင္း၊ သခြပ္၊ ဆီး၊ သေျပ၊ ကေလာ၊ သစ္ဆိမ့္၊ လက္ပံ စတဲ့ အသားေတြကို ေရွာင္ၿပီးတည္ေဆာက္ၾကပါတယ္….။
၅။ အိမ္အလွည့္ေရြးျခင္း
အိမ္ပိုင္ရွင္ရဲ့ေန႔နံကို လိုက္ၿပီး သူေဆာက္တဲ့အိမ္က ဘယ္အရပ္ကို မ်က္ႏွာမူရမယ္၊ ဘယ္အရပ္ကို မ်က္ႏွာမူၿပီးမေဆာက္ရဘူးဆိုတာမ်ိဳး ရွိပါေသးတယ္။
ဒါကလည္း အခုေခတ္အေနအထားအရ လိုက္နာက်င့္သုံးဖို႔ခက္နိုင္တဲ့အခ်က္တခ်က္ပါပဲ။လမ္းတစ္လမ္းရဲ့ ဟိုဘက္ျခမ္း ဒီဘက္ျခမ္းမွာ အိမ္ေတြ တန္းစီတည္ေဆာက္ထားၾကတာမို႔
မိမိအိမ္ေဆာက္တဲ့အခါမွာလည္း အမ်ားနည္းတူ လိုက္ေဆာက္ၾကရမွာပါ။ ကိုယ္ကမွ အေရွ႕လွည့္အိမ္ကို လိုခ်င္တယ္။ ေတာင္ဘက္လွည့္တာကမွ ကိုယ့္အတြက္ ပိုအက်ိဳးရွိေစမယ္ဆိုရင္ေတာ့
ေျမ၀ယ္ကတည္းက ႀကိဳတင္ၿပီး ေဘးပတ္၀န္းက်င္က အိမ္ေတြရဲ့အလွည့္အေနအထားကို ေလ့လာထားသင့္ပါတယ္။ ေရွးျမန္မာေတြရဲ့ အယူအဆအတိုင္းဆိုရင္ေတာ့
အိမ္ပိုင္ရွင္နဲ႔ ဘူမိက်တဲ့အရပ္ကို အိမ္မ်က္ႏွာလွည့္မေဆာက္ၾကပါဘူး။ ဘူမိက်တဲ့အရပ္ဆိုတာ ညံ့တဲ့အရပ္ကို ေျပာတာပါ။ အဲဒီဘူမိက်တဲ့အရပ္မွာေတာ့ အိမ္သာကို ေဆာက္ေလ့ရွိၾကပါတယ္။
အိမ္မ်က္ႏွာလွည့္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္သတိထားရမွာတခုကေတာ့ လမ္းမကို ေက်ာေပးၿပီး အိမ္မေဆာက္မိဖို႔ပဲျဖစ္ပါတယ္…။
၆။ ေလွကားထူျခင္း
ပထမဆုံးအေနနဲ႔ အိမ္ကို အၾကမ္းထည္အရင္ေဆာက္ၿပီး မ်ားေသာအားျဖင့္ ႏွစ္ထပ္ေဆာက္ေလ့ရွိတဲ့ ျမန္မာအိမ္ႀကီးအိမ္ေကာင္းဟာ မ်ားေသာအားျဖင့္ ေလွကားထူမယ့္ေန႔မွာေတာ့
ေလွကားထူပြဲ ( ေလွကားတင္) ဆိုၿပီး ျပဳလုပ္ၾကေလ့ရွိပါတယ္…. အဲဒီေန႔မွာ ရဟန္းသံဃာေတြကို ပင့္ဖိတ္ဆြမ္းေကၽြးတာေတြလုပ္ၿပီး စပါးေတာင္း၊ ဝါးေတာင္း၊ ပဲေတာင္း၊
ဆီအိုး၊ ငါးပိအိုး ၊ မီးခြက္၊ ကြမ္းအစ္အသစ္ အသစ္ေတြကို အသုံးျပဳၿပီး အိမ္အရာေျမာက္ေအာင္ စီမံၾကေလ့ရွိပါတယ္။ ေလွကားဆံ ေခၚ ေလွကားထစ္အေရအတြက္ကိုလည္း မ ဂဏန္းထားရၿပီး
ေလွကားတထစ္နဲ႔တထစ္ၾကားအကြာအေဝးကိုလည္း ေသခ်ာတြက္ခ်က္ၿပီးမွ လွမ္းလို႔တက္လို႔ေကာင္းေအာင္ ၂၄ လက္မအကြာအေဝးနဲ႔ ကေလးမ်ားတဲ့အိမ္ဆိုရင္ေတာ့
လက္မ ၂၀၊ ၂၂ လက္မေလာက္ ထားၿပီး ျပဳလုပ္ၾကတာကို ေတြ႕ရွိရပါတယ္…။
၇။ အိမ္သစ္တက္ျခင္း
ဒါကေတာ့ က်န္တဲ့အခ်က္ ေျခာက္ခ်က္ထက္ လိုက္ၿပီးလုပ္ရလြယ္တဲ့ ခုခ်ိန္ထိလည္း လိုက္နာက်င့္သုံးေနၾကဆဲျဖစ္တဲ့ ထုံးတမ္းအစဥ္အလာတခုပါပဲ။
ျမန္မာ့ယဥ္ေက်းမႈအရတင္မဟုတ္ဘဲ တျခားလူမ်ိဳးျခား ဘာသာျခားေတြမွာလည္း ဒီလိုဓေလ့ထုံးစံေတြရွိၾကပါတယ္။ ျမန္မာ့ဓေလ့ထုံးစံမွာ ထူးျခားတာကေတာ့
သံဃာေတြကို ပင့္ဖိတ္ၿပီး ပရိတ္ပဌာန္းေတြရြတ္ဖတ္လို႔ အိမ္သစ္ကို ႀကိဳဆိုၾကျခင္းပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကိုေတာ့ ေဆာက္ၿပီးသားအိမ္၀ယ္ယူတဲ့လူေတြလည္း လိုက္ၿပီးလုပ္ေဆာင္နိုင္ပါတယ္။
အခုေျပာသြားတဲ့အခ်က္ေတြဟာ ေရွးက်တဲ့ အယူအဆမ်ား၊ တခ်ိဳ႕လည္း လိုက္လုပ္ရတဲ့ခက္တဲ့အယူအဆမ်ား ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။
ၿမိဳ႕ႀကီးျပႀကီးေတြမွာ ဒီအခ်က္ေတြကို လိုက္မလုပ္ၾကေတာေပမယ့္ နယ္ၿမိဳ႕ေတြ ေက်းလက္ေဒသေတြမွာေတာ့ အိမ္ေဆာက္ရင္ ဒီအခ်က္ေတြက ခ်န္ထားလို႔မရတဲ့ မျဖစ္မေနလုပ္ေဆာင္ေနၾကဆဲျဖစ္တဲ့ အခ်က္ေတြပဲျဖစ္ပါတယ္..
ျမန္မာ့ယဥ္ေက်းမႈဓေလ့ထုံးစံအရ ေရွးယခင္က အိမ္တလုံးေဆာက္ေတာ့မယ္ဆိုရင္ ဘယ္ေလာက္ထိ အေသးစိတ္ အႏုစိတ္ၿပီး ဂ႐ုတစိုက္လုပ္ေဆာင္ခဲ့ၾကတယ္ဆိုတာကို ဗဟုသုတ အေနနဲ႔မၽွေဝေပးျခင္းသာ ျဖစ္ပါတယ္။
အိမ္တစ္လုံးကို ကိုယ္တိုင္ ေဆာက္နိုင္မယ္ ေဆာက္ျဖစ္မယ္ဆိုရင္ ဒီအခ်က္လက္ေလးေတြဟာ အေထာက္အကူျဖစ္ေစဖို႔ရန္အတြက္ ရည္ရြယ္ပါတယ္…။
Credit original uploader



