ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်မှာ ပါဝင်မယ့်သူတွေကို အရေးယူမယ်လို့ SAC က သတင်းထုတ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၂၅ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် Silent Strikes (အသံတိတ်သပိတ်) မှာ လက်ခုပ်တီးခြင်း၊ ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်တွ ပြုလုပ်ပြီး ပါဝင်မယ့်သူတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-SAC က အရေးယူမှာဖြစ်ကြောင်း ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
CRPH၊ NUG တို့နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကနေ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ Silent Strikes (အသံတိတ်သပိတ်) ပြုလုပ်ဖို့အတွက်လူမှုကွန်ရက်စာမျက်နှာမှာ လှုံ့ဆော်တိုက်တွန်းတာတွေရှိနေပြီး ပြည်သူတွေအနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့ရင် အရေးယူခံရမှာဖြစ်တယ်လို့ SAC က အသိပေးလိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ အဲ့ဒီလှုံဆော်မှုတွေကို တစ်နည်းနည်းနဲ့ ပါဝင်လုပ်ဆောင်ပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့ရင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ပုဒ်မ ၅၀၅ (က) နဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၃၃(က) တို့နဲ့ တည်ဆဲဥပဒေအရ အရေးယူနိုင်တယ်လို့ SAC က ဆိုထားပါတယ်။
ဒါ့အပြင် ပြစ်မှုနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းခြင်းဆိုင်ရာပစ္စည်းတွေ၊မရွှေ့ပြောင်းခြင်းဆိုင်ရာပစ္စည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းနိုင်ပြီး ပြစ်မှုထင်ရှားခဲ့ရင်တော့ နိုင်ငံပိုင်အဖြစ်သိမ်းယူမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က Silent Strikes(အသံတိတ်သပိတ်) ပြုလုပ်တုန်းမှာလည်း SAC တပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တဲ့အပြင် ဈေးဆိုင်ခန်းတွေကိုလည်း
ဖျက်ဆီးသိမ်းယူပြီး ခြိမ်းခြောက်တာတွေ ရှိခဲ့ဖူးပါတယ်။
Unicode