ၾကားသိရသမွ်

ဇာတ်ကားကို ဇာတ်ကားမှန်းမသိပဲ ဝေဖန်နေတဲ့ လူတွေအတွက် ဒါရိုက်တာကြီး ဝင်ရှင်းပြီ

ဒီ Post ကိုအထက်လမ်းအောက်လမ်း အယူဝါဒပိုင်း ကိုယ်ထင်ရာပြောနေသူများအတွက်ရေးရပါသည်။

ဇာတ်လမ်းကြည့် ပရိသတ်များကို မရည်ရွယ်ပါ

အချိန်မတော် အိပ်နေခါမှ ကျတော့်ကို ဒီဇာတ်ကားအတွက်ပညာပိုင်း မျှဝေသူ သင်ပြပေးသူ ဆရာသမားတစ်ဦးမှ ဖုန်းဆက်လာပါတယ်။ မင်းရှင်းမှရတော့မယ်တဲ့။

ပြသနာက အထက်လမ်းတွေ အောက်လမ်းတွေ ကိစ္စ ။

ဘာနဲ့တူသလဲဆိုတော့ Avatar ကိုကြည့်ပြီး အဲ့ထဲက ဂြိုလ်ကိုရှာသလို၊ Spider man ကြည့်ပြီး အဲ့ပင့်ကူရှာသလိုပဲဖြစ်နေကြပြီ။

စပြီး စာတန်းထိုးကတည်းက ဘယ်ဂိုဏ်း ဘယ်ပုဂ္ဂိုလ်မှမရည်ရွယ်ဘူးရေးထားတာ မဖတ်မိဘူးထင်မိတယ်။

 

ဘာလို့ ကိုယ်ထင်ရာပေတံတွေကိုင်ပြီး ကိုယ်ထင်တာအမှန်ထင်နေကြပါသလဲက စရမှာပဲလေ။ ဒါဇာတ်လမ်းပါ။ အကုန်ချပြလို့မရပါဘူး။ အကုန်ရှင်းပြလို့မရပါဘူး။

လမ်းဘေးမှာချရောင်းတဲ့ ၃အုပ်တစ်ထောင်ထဲက အင်းအိုင်ဆွဲနည်းတွေဖတ်ပြီး အင်းအိုင် ပညာရှင်မဖြစ်သလို၊

ကဝေသာရကျမ်းဖတ်ကြည့်ယုံနဲ့လဲ အောက်လမ်းဆရာကြီးမဖြစ်ပါဘူး။ ကပ္ပလင်္ကာရကျမ်းတွေဖတ်ပြီး မကျင့်ကြံပဲ တန်းဆွဲယုံနဲ့ ဆရာလည်းဖြစ်မလာပါဘူး။

ဖတ်ကောင်းယုံရေးထားတဲ့ ၀တ္ထုဇာတ်လမ်း စာအုပ်တွေဖတ်ပြီး ကဝေမှန်ရင် စုန်းမှန်ရင် လေထဲ အဝတ်လှမ်းထားသလို စက်ကြိုးတွေဆွဲထားမယ်

ထင်နေသူတွေကလည်း အတော်ဆိုးသလို၊ ဘာတွေညာတွေ ကိုယ်ထင်တာ ကိုယ်သိရာ ဂိုဏ်းပညာတွေနဲ့ လိုက်တိုင်းတာလည်းအတော်လေးဆိုးပါတယ်။

ကျတော်ဒီဇာတ်ကားရိုက်ဖို့အတော်လေးအားထုတ်တဲ့အထဲမှာ ဂိုဏ်းတွေရဲ့ သဘောတရားတွေလေ့လာထားပြီးသားပါ။ အစွန်းလွတ်အောင် အကုန်ရှောင်နိုင်သလောက်ရှောင်ထားတာကို သတိထားမိမှာပါ။

ဘာလို့များ ဇာတ်လမ်းကို ဇာတ်လမ်းလိုမကြည့် ပုံကြီးချဲ့ ကိုယ်သိတဲ့ ပေတံတစ်ခုထဲနဲ့တိုင်းကြပါသလဲ။

အပင်းသွင်း ဘူးသွင်းလောက်သာ စာအုပ်ထဲပါတာဖတ်ဖူး သိဖူးပြီး စက်ကြိုးမချည် ဆရာမသိအောင်တိုက်တဲ့ အတိုက်ပညာအကြောင်းလည်း ဆရာတွေဆီမေးလို့ လေ့လာကြပါဦးလို့။

ကိုယ်သိသလိုနဲ့ ရမ်းသန်းမဝေဖန်ကြပါနဲ့ဦး။ မိတ်ဆွေတို့က အကုန်သိနေရင်တော့ တစ်မျိုးပေါ့ဗျာ။

စုန်းမျိုး ၁၀၁ ပါးရဲ့ ပညာအစုံက ကဝေသာရကျမ်းထဲကလောက်ပဲလို့ သတ်မှတ်ပြီးဖတ်ဖူးရင်တော့မသိ။ကံတွေ ဝဋ်ကြွေးတွေပါလာရင် ဆရာတွေ ပညာမတိုးတာတွေ အများကြီးပါ။ အခုလည်း

ဒီတိုင်းပဲ ဇာတ်လမ်းလိုပဲ ကြည့်ကြပါ။ Avengers ကားထဲကလိုတွေပေါ့ အပြင်မှာအဲ့လိုလူတွေရှိတယ်ထင်အောင် ရိုက်ပြထားတာလေ၊ ရှိတယ်မရှိဘူး ကျတော်လည်းမသိဘူးလေ။

ခင်ဗျားတို့က Avengers ကားထဲကလိုတွေ ရှိတယ်ကြိမ်းသေသိနေသလိုပဲ။ ဘာပဲဖြစ်ဖြစ် ကြည့်ကောင်းတယ်မလား။

ဒီတော့မောင်ဘုန်းဟာ ဘယ်ဂိုဏ်းဝင်အဖြစ်မှမရိုက်ပြထားသလို၊ ဘယ်ဆရာဆီမှလည်း ဆေးပေါက်ပြီး ဆေးစောင့်တို့ ဓားပိုင် ကြိမ်ပိုင်တို့ ထားတာ မဟုတ်တာကိုလည်း အစကတည်းက တွေ့မှာပါ။

တစ်အိမ်ထဲစုန်းနဲ့မနေနိုင်ဘူးဆိုတာကလည်း ဘယ်သူသတ်မှတ်ထားပါသလဲ၊

မေတ္တာရှင်ကြီးမောင်ဘုန်းအဖြစ်ရိုက်ထားတာကို သေချာမြင်အောင်ကြည့်စေလိုပါတယ်။ ကျတော် လူပျိုလောက်က

နာမည်ကြီးဂိုဏ်းဆရာကြီးအိမ်မှာ သူ့မိန်းမဆေးရုံကအပြန်မှာ အပမှီတာ(ဖုတ်ဝင်ပါလာတာလည်း) ကိုယ်တိုင်မြင်ဖူးပါတယ်။

အဲ့အိမ်မှာ ၃-၄ ရက် အဲ့ဖုတ်က နေထိုင်ခဲ့ပါတယ်။ စာအုပ်တွေထဲ ပါသလို ညဖက်အစာထစားသလိုပေါ့ဗျာ။

အဲ့ဆရာကြီးရဲ့ ပညာအစောင့်တွေက အဲ့ဖုတ်ကို မတားပါဘူးဗျာ။ နောက်သိတော့ ကျတော်တို့ သူငယ်ချင်းတွေ ညစောင့်အိပ်ခဲ့ရတာပါ။

အဲ့ကိစ္စ အာမခံဖို့က ဆရာကြီးရဲ့သမီးလည်း ခုထိ အသက်ရှိပါသေးတယ်။ ရန်ကုန် သမိုင်း ရွှေထီးအိမ်ယာမှာနေပါတယ်။

ပြီးတော့အထက်လမ်းဆရာနဲ့ အောက်လမ်းဆရာမတွေ ညားနေတာလည်း မြင်ဖူးကြုံဖူးပါတယ်။

သီလရှင်ဘ၀နဲ့ ကလေ၀မကြီးတွေကျွတ်လွတ်နေတာလည်း မြင်ဖူးကြုံဖူး စကားပါပြောဖူးပါတယ်။

မွေးရာပါ ပညာသည်ဗူး ပါတဲ့ သူနဲ့လည်း ခုထိခင်မင်နေဆဲပါ။ သူဆိုခုထိ ဘုရားတရားနဲ့ပါ။

အောက်လမ်းမှန်ရင် ဘုရားမရှိခိုးဘူးလည်းရှိတာပဲပေါ့နော်။ သူမကတော့ သာမန်လူပါပဲ။ အလုပ်အကိုင်နဲ့ပါပဲ။

သူတတ်တာ ဆရာတွေသိတဲ့ စာအုပ်ထဲကလို ခေါင်းမှာ အမောက်ပါတယ်ထင်နေလို့လား။

သူလူကြားထဲနေနေတာ ဘယ်သူမှ သူတတ်တာ မသိပါဘူး။ ကျနော်ကိုယ်တိုင် ကျတော့်ဆရာရှေ့ ခေါ်မိတ်ဆက်ပေးဖူးပါတယ်။ အဲ့ဆရာဆို ခုထိ ထိုကလေးမ စုန်းပညာဗူးရှိတာမသိပါဘူးဗျာ။

ဒီဇာတ်ကားထဲမှာပါတဲ့ အောက်လမ်းအပိုင်းတွေ ရှင်းပြပေးတာ တကယ့်အောက်လမ်းပညာရှင်တွေဆီကပါ။

နာမည်ခံ ပညာရှင်ပါဆိုသူတွေဆီကမဟုတ်ပါဘူး။ သူတို့ ဘယ်သူမှန်းမသိတဲ့သူတွေဆီကနေ မျှဝေတာကိုရခဲ့တာပါ။

ပြသနာများမယ်မှန်းသိလို့ကို ဘယ်ဂိုဏ်းရဲ့ သဘောတရားကိုမှ မတူအောင် သေချာလေးရှောင်ပြီး ကျတော့်ဆရာ ဆရာဘရဲ့ ဝိဇ္ဇာဓရ စေတစ်လုံး မူအတိုင်းသာ ကိုယ့်ဘ၀ကိုယ်တည်ဆောက်နေတဲ့ ပုံစံနဲ့သာ ဖြစ်ရပ်မှန်တွေပေါ်ကနေ မောင်ဘုန်းကို ဇာတ်ဆင်ထားခဲ့တာပါ။

ပြီးတော့လည်းသူ့တပည့်ဟာ သူ့ဆရာဆီက ပညာခံယူထားသူမဟုတ်ပါဘူး။

ဗေဒင်ပညာလောက်သာ သင်ယူနေ လေ့လာနေတဲ့အဆင့်ပါ။

ဒါကြောင့် သူ့တပည့်အရက်သောက်တာ လူငယ်ဆန်တာ ပြသနာတက်တာလေးတွေ ပါနေရတာပါ။

အေးထွန်းတစ်ယောက်သာ ဆေးပေါက်ထားတဲ့ သူ့တပည့်ဦးပါ။

ကျတော့်တည်ဆောက်ထားတဲ့ဇာတ်လမ်းမှာ အဖြေတွေဟာရှေ့ဖြစ်ဖြစ် နောက်ဖြစ်ဖြစ်မှာပါတာချည်းပါ။ အကျိုးအတွက် အကြောင်းကို တည်ဆောက်ပေးထားမြဲပါ။

နောက်ဆုံးကတော့ ဒါဟာ အထက်လမ်းအကျင့်ကိုကျင့်ယူနေတဲ့လူတစ်ယောက်ရဲ့ ကြည့်ကောင်းအောင် ပြန်တည်ဆောက်ထားရတဲ့ အနုပညာပြတဲ့ ဇာတ်လမ်းပါ။

ဘယ်ဂိုဏ်းဂဏရဲ့ ပေတံတွေ ကျင့်စဉ်တွေ ကုပုံတွေ ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲက လိုတွေ မထင်ကြပါနဲ့လို့သာပြောလိုသာတည်း။

မည်သည့် မန့်ကိုမှ ပြန်ဖြေရှင်းမည်မဟုတ်ပါ။ နားမလည် နှစ်ခါဖတ်ပါ။

သင်တို့အယူအဆကြောင့် အေးချမ်းနေတဲ့ အထက်လမ်းဂိုဏ်းတွေကြား ပရုတ်ဆီမလူးမိပါစေနဲ့။ ဒါဇာတ်လမ်းတစ်ခုပါ။

အထက်လမ်း အောက်လမ်း သင်ခန်းစာပို့ချနေတာမဟုတ်ပါဘူးဗျာ။

အိပ်ရေးပျက်ရချင်းအမှတ်တရ

သန်းထိုက်(ရွှေရိပ်)

Source from ThanHtike’fb