ယနေ့ခေတ်လူငယ်အများစုအနေဖြင့် ငွေစုဖို့စဉ်းစားတဲ့အခါတိုင်း သောကများတတ်ကြပါတယ်။ ဝယ် စရာပစ္စည်းတွေ၊သွားစရာဆိုင်သစ်တွေပေါများနေတဲ့ခေတ်ကြီးမှာ ဘာမှမသုံးစွဲဘဲနေပါက ခေတ်နောက်ကျနေခဲ့မှာလည်းအမှန်ပါပဲ။
ထို့ ကြောင့် လူငယ်တွေအနေနဲ့ ငွေစုခြင်းကို စိတ်ညစ်စရာအလုပ်လို့ ထင်လာကြပါတယ်။
အခုဖော်ပြမယ့်နည်းလမ်းလေးတွေကတော့ အသုံးအစွဲတွေကို အများကြီး လျှော့ချဖို့မလိုဘဲ ငွေစုနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။
(၁) ၂၀/၈၀ နည်းလမ်း
ထိုနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့ သင့်အနေနဲ့အောက်ပါအချက်များကို ပြင်ဆင်ထားရပါမယ်။ -သင့်မှာ ဘဏ်ကြွေးနဲ့အခြားကြွေးမြီများကင်းရှင်းရပါမယ်။
စီးပွားရေးလုပ်ငန်းအသေးစားတစ်ခုမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့လိုပြီး သင့်လစာရဲ့ ၂၀ရာနှုန်းခန့်ကိုစုဆောင်းနိုင်ရပါမယ်။
ကျန်တဲ့ လစာ၈၀ရာနှုန်းကိုတော့ စိတ်ကြိုက်သုံးဖြုန်းလို့ရပါတယ်။ -သင်သတိပြုရမယ့်အချက်ကတော့ ဖြုန်းဖို့ထက် စုဖို့အရင်ဆုံးစဉ်းစားပါဆိုသလိုပဲ ပထမဆုံး စုဆောင်းဖို့စဉ်းစားပါ။
ကျန်သောငွေကိုသာ သုံးရမှာဖြစ်ပါတယ်။ -တကယ်လို့ သင့်အနေနဲ့ ၂၀ရာနှုန်းစုဖို့ခက်ခဲနေသေးတယ်ဆိုပါက ၁၀ရာနှုန်း သို့မဟုတ် ၅ရာနှုန်းခန့်ကိုသာ စတင်စုဆောင်းပါ။သို့မှသာ ငွေစုတဲ့အလေ့အထကို စတင်ပျိူးထောင်ဖြစ်မှာ ဖြစ်ပါတယ်။
(၂)၆၀/၁၀/၁၀/၁၀/၁၀ နည်းလမ်း
ဒီနည်းလမ်းကတော့ -သင့်လစဉ်အသုံးစရိတ်များအတွက် ၆၀ရာနှုန်း -သင့်ပင်စင်ချိန်အတွက် ၁၀ရာနှုန်း -ရေရှည်စုဆောင်းငွေအတွက် ၁၀ရာနှုန်း-အရေးပေါ်ကိစများနှင့် သာရေးနာရေးများအတွက် ၁၀ရာနှုန်း-အပျော်အပါးအတွက် ၁၀ရာနှုန်းဆိုပြီး သင့်တစ်လစာဝင်ငွေကို အချိူးကျ ခွဲေ၀ စုဆောင်းဖို့ပဲ ဖြစ်ပါတယ်။
သင့်နေစဉ် လစဉ် အသုံးစရိတ်တွေဖြစ်သော အစားအသောက်၊အသုံးအဆောင်၊လမ်းစရိတ်နှင့် အဝတ်အစားစသည်တို့အတွက် ၆၀ရာနှုန်းကို သုံးစွဲနိုင်ပါတယ်။
ကားဖိုး၊အိမ်ပြင်စရိတ်၊အကြွေးဆပ်ဖို့စသည်တို့ကတော့ ရေရှည်စုဆောင်းငွေထဲက သုံးစွဲရမှာ ဖြစ်ပါတယ်။ နေမကောင်းချိန်ဆရာဝန်ပြဖို့၊ကားပြင်ဖို့နှင့်မွေးနေ့စသော ကိစရပ်များအတွက် ၁၀ရာနှုန်းသော ငွေကိုချန်ထားရခြင်းဖြစ်ပါတယ်။
တကယ်လို့ သင့်မှာ လတ်တလောအကြွေးဆပ်ဖို့ရှိနေပါက ပင်စင်ယူချိန်အတွက် စုဆောင်းထားသော ၁၀ရာနှုန်းကို အကြွေးဆပ်ဖို့ အသုံးပြုနိုင်ပါတယ်။
(၃)၁၀ရာနှုန်း နည်းလမ်း
ဒီနည်းလမ်းကတော့ ရိုးရှင်းပါတယ်။သင့်လစာရဲ့ ၁၀ရာနှုန်းခန့်ကိုသာစုဆောင်းရမှာဖြစ်လို့ သင့်ရဲ့ သွားလာစားသောက်မှုတွေ ရှော့ပင်းထွက်ချင်တာတွေကို ထိခိုက်စေမှာမဟုတ်ပါဘူး။
တစ်ပြားမှမစုမိတာထက်စာရင်တော့လည်း တစ်လကို ၁၀ရာနှုန်းလောက်တော့စုဆောင်းထားသင့်ပါတယ်။
စိတ်မထိမ်းနိုင်ဘဲ သုံးမိမှာ စိုးတယ်ဆိုရင်တော့လည်း ထိုငွေကို ဘဏ်ထဲမှာ လစဉ်စုဆောင်းသင့်တယ်နော်။တစ်လ၁၀ရာနှုန်းကနေ ၁၅ရာနှုန်း ၂၀ရာနှုန်းစသည်ဖြင့် တိုးပြီး စုဆောင်းသွားနိုင်ပါတယ်။
(၄)တစ်ဝက်သုံး-တစ်ဝက်စုနည်းလမ်း
-ဒီနည်းလမ်းကတော့ သင်ရှာသမျှ တစ်လစာဝင်ငွေကို ၂ပိုင်းပိုင်းပြီး ၁ပိုင်းကို နေ့စဉ်လိုအပ်ချက်များအတွက် အသုံးပြုပြီး ကျန်၁ပိုင်းကို လစာထုတ်တာနဲ့ တလက်စတည်းဘဏ်ထဲမှာထည့်ထားဖို့ ဖြစ်ပါတယ်။
လစာရဲ့ တစ်ဝက်ခန့်ကိုသာ တစ်လလုံးသုံးဖို့ဆိုတာ ထင်ထားသလောက်တော့မလွယ်ပါဘူး။ဒါပေမယ့် စိတ်မပူပါနဲ့။သင့်လက်ထဲ အသုံးစရိတ်ပြတ်ပြီဆိုပါက ဘဏ်ကနေ နည်းနည်းချင်းစီထုတ်သုံးနိုင်ပါတယ်။
သို့ပေမယ့် တကယ်လိုအပ်တဲ့ အကြောင်းအရာအတွက် ငွေသုံးခြင်းဖြစ်ဖို့တော့ လိုပါတယ်။ဒီနည်းလမ်းက လက်ဖွာသူတွေအတွက် တကယ်ကို အသုံးကျပါလိမ့်မယ်။
(၅)စာအိတ် ၄ အိတ်နည်းလမ်း
-ပထမဦးဆုံးအနေဖြင့် သင့်ရဲ့တစ်လစာဝင်ငွေအတိအကျကို တွက်ချက်ပါ။ -ထို့နောက် သင့်အထွေထွေကုန်ကျစရိတ်ပမာဏအတွက် ဖယ်ပါ။
ပြီးတာနဲ့ သင်ဒီတစ်လအတွင်း ဝယ်ဖို့ဆုံးဖြတ်ထားတဲ့ အရာတွေရှိပါက ထိုအတွက် ကုန်ကျမယ့်ငွေကို ဖယ်ပါ။(ဥပမာ skin care, အိတ် ဖိနပ်အသစ်,ဖုန်း အဝတ်အစား )တကယ်လို့ ထူးထူးခြားခြားဝယ်စရာ ဘာမှမရှိဘူးဆိုပါက ထိုငွေကိုစုဆောင်းပါ။
ထိုငွေပမာဏဟာ တစ်လစာဝင်ငွေရဲ့ ၁၀ရာနှုန်းကနေ၂၀ရာနှုန်းထိဖြစ်သင့်ပါတယ်။ -ကဲ လာပါပြီ။ကျန်တဲ့ ငွေပမာဏကို လေးပိုင်းပိုင်းပြီး စာအိတ်လေးအိတ်ထဲအချိူးကျထည့်ပါ။
ဒါဆိုရင်တော့ တစ်ပတ်ချင်းစီအသုံးပြုနိုင်ဖို့ ၄ပတ်စာ စာအိတ်၄အိတ်ရပါပြီ။တစ်ပတ်အတွင်း ရုပ်ရှင်ကြည့်ဖို့၊အပြင်သွားဖို့ စတာတွေကို ထိုစာအိတ်ထဲက ငွေဖြင့်သာအသုံးပြုပါ။
စာအိတ်ထဲက ရှိတဲ့ပမာဏထက်တော့ ပိုသုံးလို့မရပါဘူး။လမကုန်ခင်ငွေပြတ်တတ်တဲ့ ကိုကို မမ များအတွက် အသုံးဝင်မယ့်နည်းလမ်းကောင်းတစ်ခုပါပဲ။
(၆)ဖွားဖွားရဲ့နည်းလမ်း
-လွယ်ကူရိုးစင်းတဲ့နည်းလမ်းတစ်ခုပါပဲ။အဖွားတို့ခေတ်ကမိသားစုတွေမှာအသုံးပြုခဲ့တဲ့ ငွေကိုအချိူးကျခွဲဝေအသုံးပြုတဲ့နည်းလမ်းကောင်းလေးပါ။
သင် တစ်လအတွင်း ငွေသုံးဖြစ်မယ့် အကြောင်းအရာတွေကို ကဏ္ဍတစ်ခုစီလိုက် ခွဲခြားပါ။ဥပမာ စားစရိတ်၊ဖုန်းဘေလ်၊အဝတ်အစားဖိုး၊ဆေးဝါး၊လမ်းစရိတ်၊အပျော်အပါးစသည်ဖြင့်ပေါ့။
သင့်တစ်လစာဝင်ငွေကို အထက်ပါ ကဏ္ဍအရေအတွက်အလိုက် တစ်ပုံစီခွဲပါ။ထိုတစ်ပုံစီလိုက်ကို စာအိတ်အသီးသီးတွင်ထည့်ပြီး စာအိတ်ပေါ်တွင် ခေါင်းစဉ်တပ်ထားပါ။
ထိုစာအိတ်အလိုက် ကုန်ကျစရိတ်များကိုသုံးစွဲပါ။အရေးကြီးတဲ့အချက်ကတော့ စာအိတ်တစ်ခုစီမှာ ငွေကုန်ပြီဆိုတာနဲ့ တခြားစာအိတ်ကနေထုတ်မသုံးဖို့ပါပဲ။
ဥပမာ အပျော်အပါးအတွက် စာအိတ်ထဲမှာ ပိုက်ဆံကုန်နေပြီဆိုပါက နောက်ထပ်လစာမရခင်အထိ အပျော်အပါးကိစ္စများကိုရပ်တန့်ထားပါ။
သို့ပေမယ့် မဖြစ်မနေသုံးရမယ့်ကိစအတွက် ဥပမာ စားစရိတ်အတွက်ပိုက်ဆံကုန်နေပြီဆိုပါက သိပ်အရေးမကြီးတဲ့ စာအိတ်ထဲကနေယူသုံးလို့ရပါတယ်။
ကဲ အထက်ပါနည်းလမ်း ၆ လမ်းထဲက သင်နှင့်အသင့်တော်ဆုံးငွေစုနည်းက ဘာများဖြစ်မလဲ။