ၾကားသိရသမွ်

“အာဏာရှင်လက်ထက်မှာ အနုပညာအလုပ် အားလုံးကို CDM ပဲ”လို့ မင်းမော်ကွန်း ဆို…

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အစည်းအရုံးဝင်အဖြစ်မှ မိမိသဘော ဆန္ဒဖြင့် နုတ်ထွက်သွားသူများ စာရင်းကို ရုပ်ရှင်အစည်းအရုံးမှာ တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။

ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်သူများ စာရင်းမှာ သရုပ်ဆောင် ဇော်ဦး၊ မင်းမော်ကွန်း၊ ဒါရိုက်တာ ကိုပေါက်၊ စတီးလ် (ဒွေးမေတ္တာ)၊ သည်ခေတ်နေတို့ အပါအဝင် မော်ဒယ် မေမြတ်နိုး၊ ဇာတ်ပို့ ဇာတ်ရံ ဆင်မ၊ ခင်လှိုင်၊ ကိုဘင်း၊ နှိုင်းယှဉ်မြင့်မိုရ်၊ အိတုံ စတဲ့ အနုပညာရှင်များစွာ ပါဝင်ပါတယ်။

အဆိုပါ ထုတ်ပြန်ထားတဲ့ စာရင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မင်းမော်ကွန်းက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ရေးသား ပြောထားပါတယ်။

ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ထားတဲ့ နုတ်ထွက်သူ စာရင်း

“Blacklist ကပ်ထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သိစေရန်။ စစ်အစိုးရ လက်ထက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ အဖြစ်ကနေပြီး NGO စစ်စစ်ဖြစ်အောင် ကြိုးစားထားလို့ အောင်မြင်ပြီးခါမှ မကြာသေး အခုချက်ချင်းကြီး အာဏာရှင် ပြန်ဖြစ်သွားတာတော့ ခင်ဗျားတို့ မရှက်လည်း လုပ်ကြပေါ့လေနော်”

“ကျနော်တို့ကတော့ ရုပ်ရှင်သမား အများစု ဆန္ဒနဲ့ မညီဘဲ ဘယ်သူ့ဥက္ကဋ္ဌတင်တင် ဘာစာထုတ်ထုတ်၊ ဘယ်လို အကြောင်းပြချက် ကိစ္စမျိုးကိုမှ လက်မခံနိုင်တာ အမှန်ပါ။ ဒါကြောင့် နုတ်ထွက်ခဲ့ခြင်း ဖြစ်ပါတယ်။ Personal တခုမှ မပါကြောင်းနှင့် အစည်းအရုံးဝင်ဖြစ်ခဲ့သမျှ အချိန်တွေမှာလည်း ကိုယ့်အချိန်တွေ အစည်းအရုံးကို ပေးပြီး Fund ရှာပေးခဲ့ရုံက လွဲလို့ ဘာတခုမှပြန်ပြီး အကူအညီတောင်းခြင်း၊ အကာအကွယ် ရယူခြင်းကို ဘယ်ဥက္ကဋ္ဌ လက်ထက်မှာမှ မရခဲ့၊ မယူခဲ့၊ မတောင်းဆိုခဲ့ပါ။ နောက်ဆုံး ဦးဇင်ဝိုင်း လက်ထက်အထိပါပဲ”လို့ မင်းမော်ကွန်းက ဆိုပါတယ်။

မင်းမော်ကွန်းဟာ ကလေးဘဝကတည်းက ကလေးသရုပ်ဆောင် လုပ်ခဲ့တာ ဖြစ်ပြီး၊ ၅၀၅-က အမှု ရုပ်သိမ်းခဲ့ရင်တောင် အာဏာရှင် လက်ထက်မှာ အနုပညာအလုပ် အားလုံးကို CDM ပဲလို့ ဆိုပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း

“သရုပ်ဆောင်အလုပ်က ကျနော့် အသက် ၅ နှစ် ချမ်းမြေ့ဆိုတဲ့ နာမည်နဲ့ ကလေးသရုပ်ဆောင် ဇာတ်ကားပေါင်းများစွာ ရိုက်ခဲ့တဲ့အချိန်ကစပြီး မင်းမော်ကွန်း ဖြစ်လာတဲ့အထိ အခု အသက် ၄၃ နှစ်ထိတန်ဖိုးထားလုပ်ခဲ့တဲ့ ကျနော့် ပညာရပ် အသက်မွေးဝမ်းကြောင်းပါ”

“၅၀၅ ရုပ်သိမ်းရင်တောင် အာဏာရှင် လက်ထက်မှာတော့ ပိုက်ဆံ ဘယ်လောက်ပေးပေး သူတို့ ခွင့်ပြုမှ၊ ဆင်ဆာပေးမှ လုပ်ရမယ့် အနုပညာအလုပ် အားလုံးကို CDM ပါ။ သူတို့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုတော့ အနုပညာ လက်နက်ကို ကိုင်ဆွဲပြီး ပိုက်ဆံ မပါလည်း ဆက်လုပ်ပါမယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံးကိုလည်း ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်ပြီး ဘယ်တော့မှ ပြန်မဝင်ပါဘူးလို့ မင်းမော်ကွန်းက ဆိုပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း

“အဲ့ဒီတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အာဏာရှင် လက်အောက်ခံများကိုလည်း အဓိက သိစေချင်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်ပြီး ဘယ်တော့မှ ပြန်မဝင်ပါဘူး။ အခုလို စာကပ်ထားတာကိုလည်း ဂရုမစိုက်ပါဘူး”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ဇွန်လ ၄ ရက်နေ့က ခန့်စည်သူအား ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ် တင်မြှောက်ပြီးနောက် အဓိက သရုပ်ဆောင်၊ ဇာတ်ပို့ ဇာတ်ရံ၊ ဇာတ်လမ်း/ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ တည်းဖြတ်၊ စက်မှု၊ ရုပ်ရှင်နှင့်ပြဇာတ် နောက်ခံတေးဂီတ၊ ဗီဒီယို စတဲ့ အလွှာအသီးသီးမှ အနုပညာရှင်များ နုတ်ထွက်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ဇွန်လ ၇ ရက်နေ့မှာပဲ ရုပ်ရှင်အစည်းအရုံး ယာယီ ဥက္ကဋ္ဌ ရာထူးကနေ သရုပ်ဆောင် ခန့်စည်သူ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

Crd…

Zawgyi
















Crd…