ၾကားသိရသမွ်

ယူကရိန်းသမ္မတ သတင်းထုတ်ပြန်ချက်….သူပစ်မှတ်က ကျွန်တော်ပါ ဒါပေမယ့် ကျွန်တော်ကတော့……seemore

ယူကရိန်းသမ္မတ သတင်းထုတ်ပြန်ချက်….သူပစ်မှတ်က ကျွန်တော်ပါ ဒါပေမယ့် ကျွန်တော်ကတော့……seemore

”ယူကရိန်းသမ္မတရဲ့ သတင်းထုတ်ပြန်ချက်

ပထမနေ့မှာ ယူကရိန်းအရာရှိ ၁၀ ဦးအပါအဝင် တပ်သား ၁၃၇ ဦး သေဆုံးခဲ့ပါတယ်။ ရုရှားစစ်သားက ၄၀၀ နီးပါး သေဆုံးပါတယ်။
ပဲ့ထိမ်းဒုံးကျည်အပါအဝင် တာလတ်ပစ်ဒုံး (၂၀၀) နီးပါးနဲ့ ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားရဲ့ အဓိက ပစ်မှတ်က ကျနော်ပါ။ ဒုတိယပစ်မှတ်က ကျနော့်မိသားစုပါ။ ဒါပေမယ့် ကျနော် မြို့တော် ကိယက်ဗ်မှာပဲ ရှိနေပါတယ်”

BNN

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် တပ်ဖွဲ့တွေ ယူကရိန်းစစ်မြေပြင်ကို စေလွှတ်မှာ မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

သူတို့ တပ်ဖွဲ့တွေကို ယူကရိန်းမှာ တိုက်ဖို့ အတွက်တော့ ဥရောပတိုက်ဆီ စေလွှတ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် နေတိုး မဟာမိတ်တွေနဲ့ အရှေ့ဥရောပဆီက မဟာမိတ်တွေကို ကာကွယ်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ နေတိုးနယ်နိမိတ်ကို တလက်မက အစ အထိမခံဘူး၊ အမေရိကန်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချပြီး ကာကွယ်ပြမယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး နေတိုး အဖွဲ့ဟာ အရင်ကထက် ပိုပြီး ညီညွတ်သွားပြီ၊ အမေရိကန်နဲ့ နေတိုး အဖွဲ့ဝင်တွေဟာ စာချုပ်ပါ ကတိကဝတ်တွေအတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုတာ သံသယ ဖြစ်စရာ မရှိဘူးလို့ ဆိုပါတယ်။

နေတိုး အဖွဲ့ဝင် နိုင်ငံတွေထဲက ရုရှားရဲ့ ခြိမ်းခြောက် ခံနေရတယ်ဆိုတဲ့ အရှေ့ဥရောပကအဖွဲ့ဝင် နိုင်ငံတွေမှာ အမေရိကန်ကြည်းတပ်နဲ့ တခြား တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ကြက် ချထားပါတယ်။ အဲဒီ နိုင်ငံတွေထဲမှာ ဘောလ်တစ် နိုင်ငံတွေ ဖြစ်ကြတဲ့ လဗ်ဗီးယား၊ အက်စတိုးနီးယားနဲ့ လစ်သူရေးနီးယားတို့ အပြင် ပိုလန်နဲ့ ရိုမေးနီးယားတို့ ပါဝင်ပါတယ်။

ပူတင်က သွေးသွင်းဖို့ပါ သွေးပိုတွေ ပို့ထားတာ၊ သူ့ရည်ရွယ်ချက်ကို သိတယ်လို့ ဘိုင်ဒန်ပြော

အမေရိကန် သမ္မတ ပူတင်က ရုရှာ သမ္မတ ပူတင်ဟာ ယူကရိန်း နယ်စပ်ကို တပ်ဖွဲ့ဝင်အင်အား ၁၇၅,၀၀၀ နဲ့ စစ်လက်နက် ပစ္စည်းတွေ ပို့ပေးထားသလို သွေးလိုရင် သွင်းနိုင်ဖို့ သွေးပိုတွေပို့ စစ်မြေပြင် ဆေးရုံတွေပါ တည် ပေးထားတာ ဖြစ်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ပူတင်ဟာ စစ်ကြောင့် ကြုံရမယ့် အနိဋ္ဌာရုံတွေကို ရှောင်ရှားနိုင်ဖို့ အတွက် အနောက်အုပ်စုက ဆွေးနွေးဖို့ ကမ်းလှမ်းသမျှ ငြင်းပယ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုလ် တိုက်ခိုက်ခံနေရ

ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုလ်ကို လက်နက်ကြီးတွေနဲ့ အပြင်းအထန်ပစ်ခတ်နေပြီး ပေါက်ကွဲသံတွေ ရာနဲ့ချီပြီးကို ကြားနေရတယ်လို့ သံတမန် သတင်းရပ်ကွက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မာရီယူပိုလ်ဟာ ယူကရိန်းနဲ့ ရုရှား ထောက်ပံ့ထားတဲ့ ဒွန်းညက်စ်ခ် ဒေသက ခွဲထွက်သူပုန်အဖွဲ့တွေနဲ့ ရှေ့တန်းအနီး အက်ဇော့ဗ် ပင်လယ်ကမ်းစပ်က အကြီးဆုံး ဆိပ်ကမ်းမြို့ကြီး တမြို့ ဖြစ်ပါတယ်။ အဲဒီက ဒေသထဲက ခွဲထွက် သူပုန်တွေက နိုင်ငံထူထောင်ထားတာကို ဗလာဒီမီယာ ပူတင်က အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

ရုရှားအနေနဲ့ မာရီယူပိုလ်ကို သိမ်းနိုင်ရင် ပြီးခဲ့တဲ့ ၂၀၁၄ တုန်းက ယူကရိန်းဆီကနေ သူတို့ ခွဲထုတ် ဖဲ့ယူသွားခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ထဲကို ကုန်းလမ်းနဲ့ပါ ဆက်သွယ်လို့ ရသွားမှာ ဖြစ်ပါတယ်။

ရုရှားက စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုဖမ်း

ရုရှားတနံတလျားမှာ ရုရှား ကျူးကျော်စစ်ကို ဆန့်ကျင် ဆန္ဒပြကြ သူတွေထဲက လူ ၇၃၅ ယောက်ထက် မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မြို့ပေါင်း ၄၀ မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ OVD-Info အဖွဲ့က ပြောပါတယ်။ မော်စကို တမြို့တည်းမှာတင် လူပေါင်း ၃၃၀ ကျော်ဖမ်းဆီး ခံခဲ့ရပါတယ်။

မော်စကို မြို့လယ်က ပူရှ်ကင် စကာယာ ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆန့်ကျင် ဆန္ဒပြသူတွေကို ရုရှားရဲတွေက ဖမ်းဆီးနေတဲ့ ပုံတွေလည်း ထွက်လာနေပါတယ်။

အေအဖ်ပီ သတင်းဌာနက ဓာတ်ပုံ သတင်းထောက်က ရိုက်ယူခဲ့တဲ့ ပုံတပုံမှာဆို ယူကရိန်းစစ်ပွဲကို လက်မခံဘူး ပူတင် နုတ်ထွက်လို့ ရေးထားတဲ့ ကတ်ပြား ကိုင်ဆောင်ထားသူကို ရဲတွေက ဖမ်းဆီးနေတာကို တွေ့ရပါတယ်။

ချာနိုဘိုင်းလ်မှာ တိုက်ပွဲပြင်းထန်နေ

ချာနိုဘိုင်းလ် အရင်က နျူကလီးယား ဓာတ်ပေါင်းဖို ရှိခဲ့တဲ့ နေရာ အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အဲဒီနေရာက လုံခြုံစိတ်ချရမှု ရှိရဲ့လားဆိုတာ မပြောနိုင်ကြောင်း ယူကရန်း သမ္မတ အကြံပေး မီခါယလို ပိုလ်ဒိုလ်ယတ်ခ်က ပြောပါတယ်။

တိုက်ပွဲတွေအပြီး ချာနိုဘိုင်းလ် ဓာတ်ပေါင်းဖိုဟောင်းကို မထိန်းချုပ် နိုင်တော့ဘူးလို့ ပြောပါတယ်။

ရုရှား တင့်ကားတွေ ချာနိုဘိုင်းလ် စက်ရုံဟောင်း အပြင်ဘက်မှာ တပ်ချထားတဲ့ ဗီဒီယိုတခုကိုလည်း ဘီဘီစီက တွေ့ရှိ အတည်ပြုနိုင်ခဲ့ပါတယ်။

ချာနိုဘိုင်းလ်မှာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က အဲဒီက ဓာတ်ပေါင်းဖို ၄ လုံးထဲက ၁ လုံးပေါက်ကွဲပြီး သမိုင်းတလျှောက် အဆိုးဆုံး နျူကလီးယား မတော်တဆမှု ဖြစ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲရိုဖလုတ် လေကြောင်း ယူကေမှာ ဆင်းသက်ခွင့် ပိတ်

ယူကေ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်က ယူကေက ဘဏ်တွေမှာ ရုရှားတွေ ငွေ အပ်နှံနိုင်တဲ့ ပမာဏကို ကန့်သတ်မယ်လို့ ပြောလိုက်သလို လူနဲ့ အဖွဲ့အစည်း ၁၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်းမယ်လို့ ပြောလိုက်ပါတယ်။

ရုရှား လေကြောင်းလိုင်း အဲရိုဖလုတ်ကိုလည်း ယူကေကို မပျံသန်းရလို့ ပိတ်ပင်လိုက်ပြီး နည်းပညာပိုင်းနဲ့ပတ်သက်လို့ တင်ပို့ ရောင်းချနေတာတွေကိုလည်း တင်းကြပ်မယ်လို့ ပြောပါတယ်။

ဘယ်လာရုစ်ကိုလည်း အလားတူ ပိတ်ဆို့ အရေးယူမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

လန်ဒန်မှာနေတဲ့ ရုရှားသူကြွယ်ကြီးတွေ အတွက်လည်း ပုန်းရှောင်စရာ မြေရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကိယဗ်မြို့ပြင်နားအထိ ရုရှားတပ်တွေ ရောက်လာ

ရုရှား လေထီးတပ်သားတွေဟာ ကိယဗ် မြို့ကနေ ၁၅ – ၂၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ အန်တိုတော့ဗ် လေတပ်စခန်းကို ဒီနေ့ အစောပိုင်းကတည်းက ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

ယူကရိန်းအရန်တပ်ဖွဲ့တွေက အဲဒီကို တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်၊ အနောက် အုပ်စု ထောက်လှမ်းရေးတွေ မှန်းဆထားတဲ့အတိုင်း လျင်လျင်မြန်မြန် ထိုးစစ်ဆင် ခဲ့တာ ဖြစ်ပြီး တချို့နေရာတွေမှာ မှန်းဆထားတာထက်တောင် ပိုပြီး မြန်နေတာ တွေ့ရပါတယ်။

ရုရှား သံချပ်ကာကားတွေကလည်း ဘယ်လာရုစ် တောင်ပိုင်းနယ်စပ်ကနေ ခရိုင်းမီးယား ကျွန်းဆွယ် မြောက်ပိုင်းအထိ တနံတလျားမှာ တော်တော်ကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။ ရုရှားတပ်တွေ ရဲ့ နောက်တဆင့် ထိုးစစ်က ဘယ်လို ဖြစ်လာနိုင်သလဲ။

အခြေစိုက် စခန်းတခု တည်လိုက်နိုင်ပြီ ဖြစ်တာကြောင့် လေထီးတပ်တွေက ရှေ့ကို တိုးလာတဲ့ ရုရှား သံချပ်ကာ တပ်တွေနဲ့ ချိတ်ဆက်နိုင်တဲ့ အထိ စောင့်ကြဦးမလား ဒါမှမဟုတ် အဲဒီ စခန်းကနေပဲ မြို့တော် ကိယဗ်ကို ထိုးစစ်ဆင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ မကြာခင် အတော်အတွင်းမှာ သူတို့ရဲ့ နောက်ခြေလှမ်းကို တွေ့လာရမယ့် သဘောရှိပါတယ်။

BBC