အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို အလွန်ပျော့တဲ့သူလို့ထင်ထားပါတယ်။ ကျနော်က ဘိုင်ဒန်ဖန်မဟုတ်ပါ။
အခုအနေအထားမှာ အန်ကယ်ဂျိုးဟာပျော့ပျော့လေးနဲ့များအနံ့ပြင်းသလားဆိုတာ တွေးရခက်လာပါတယ်။
ဒီနေ့ပဲ ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးက ဂျပန်နိုင်ငံမှာ အမေရိကန်နျူးကလီးယားလက်နက်တွေ လက်ခံထားဖို့စဉ်းစားသင့်တယ်လို့ ပြောသွားပါတယ်။
ဒီကိစ္စကိုတရုတ်ကယမ်းပုံမီးကျဖြစ်ပါတယ်။ အမေရိကန်နျူးကလီယားလက်တကမ်းရောက်လာမှာကို သူအကြောက်ဆုံးပါ။
ဇာတ်လမ်းကရှင်းရှင်းလေးပါ။ နိုင်ငံအတော်များများက ယူကရိန်းအဖြစ်ကိုသင်ခန်းစာယူပြီး စောစောလေးပြင်သင့်တာပြင်ထားဖို့ တွေးနေကြပါပြီ။
ကျနော်တွေးမိတာကိုပြောပါမယ်။ #ဒီလိုဖြစ်ခဲ့တယ်လို့မပြောပါ။
Scenario တစ်ခုအနေနဲ့တွေးကြည့်ရုံသက်သက်ပါ။ ထပ်ပြောမယ်နော်။ မတူတဲ့ရှုထောင့်ကတွေးကြည့်တာ။ ဒီလိုဖြစ်ခဲ့တာလို့ မပြောဘူး။
ယူကရိန်းဟာ ဘုရင်နဲ့အခြားနယ်စားတွေကိုကာကွယ်ဖို့ ရှေ့မှာချထားခံရတဲ့ ပွန်းတစ်ကောင်လားလို့ ခဏခဏတွေးမိပါတယ်။
ပူတင်ရဲ့အန္တရာယ်ဟာအတော်ကြီးလာတာကို အားလုံးသတိပြုမိပြီးသားပါ။ ၂၀၀၀ ခုနှစ်နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၀ နောက်ပိုင်းမှာ ပူတင်ရောရှီပါ အင်အားတောင့်တင်းလာပြီး အမေရိကန်နဲ့အနောက်အုပ်စုကိုခြိမ်းခြောက်လာပါတယ်။
ကုလသမဂ္ဂမှာလည်း သူတို့နှစ်ယောက်ပေါင်းပြီးအတော်မွှေပါတယ်။
လူလည်ကြီးတစ်ယောက်အနေနဲ့စဉ်းစားရင် ပူတင်နဲ့တိုက်ရိုက်ဖိုက်ရင်အရမ်းနာပါမယ်။ အခုမချိုးချရင်လည်း နောင်ခုတ်ရပိုခက်သွားပါမယ်။
ပူတင်တက်နင်းထားတဲ့ တစ်စုံတစ်ဦးကိုတုတ်နဲ့သံခမောက်ပေးပြီး ပြန်ရိုက်ခိုင်းရင်မဆိုးပါ။
ရုရှားစစ်တပ်ဟာ တကယ့်လက်တွေ့မှာဘယ်လောက်တိုက်ရည်ခိုက်ရည်ရှိတယ်ဆိုတာကို အမေရိကန်ကသိချင်နေတာကြာပါပြီ။
အခုယူကရိန်းကိုကျူးကျော်စစ်မှာ မီဒီယာတွေက ယူကရိန်းဟာအများဆုံးခံ (၄၈) နာရီလို့မှန်းထားရာက အခုထိယူကရိန်းကကြံ့ကြံ့ခံဆဲပါ။
ယူကရိန်းမြို့တော်ကီယက်ဗ်ကျမှာကတော့ ဗေဒင်မေးစရာမလိုပါ။ ဒါပေမဲ့မနေ့ကအခြေအနေအရ ရုရှားတပ်တွေအတော်ခရီးမပေါက်တာကို တွေ့နေရပါတယ်။
မြို့တော်ကီယက်ဗ်ကျသွားခဲ့ရင်တောင် ယူကရိန်းတစ်နိုင်ငံလုံးရဖို့ ဘယ်လောက်တိုက်ယူရမလဲမသိသေးပါ။
ယူကရိန်းတနိုင်ငံလုံးအမြန်ကျသွားမယ်ထင်ရင် ဂျာမနီကလက်နက်ထောက်ပံ့ဖို့ ကြေညာမှာမဟုတ်ပါ။
ဒီစစ်ပွဲမှာ အမေရိကန်ဟာသူ့စစ်သားတစ်ယောက်မှ ပွန်းရာမထင်ပဲ ရုရှားတပ်မတော်ကြီးရဲ့ လက်ရည်ကိုအသေအချာသုံးသပ်ခွင့်ရသွားပါတယ်။
၁၉၉၀ အီရတ်ကကူဝိတ်ကို ကျူးကျော်တဲ့စစ်ပွဲကို ပြန်သတိရမိပါတယ်။ ဆက်ဒမ်ယူစိန်က ရုရှားကိုအထင်ကြီးပြီး ဝယ်ထားတဲ့ လေယာဉ်နဲ့တင့်ကားအားလုံးဟာ ကစားစရာအရုပ်လေးသာသာဖြစ်သွားခဲ့ပါတယ်။
ကျနော်ကြားဖူးတာပြောပြပါမယ်။ ဟုတ်မဟုတ်ကိုမသိပါ။
စစ်အေးခေတ်အပြီးမှာ ဥရောပနိုင်ငံတွေဆီမှာ အမေရိကန်လာချထားတဲ့ ခရုစ်ဒုံးကျည်တွေကိုပြန်ရုပ်သိမ်းပေးရပါတယ်။
အမေရိကန်ကအဲ့ဒီခရုစ်ဒုံးကျည်တွေကို ဘယ်ဂိုထောင်ကိုပို့ရမှန်းမသိပါ။ နည်းပညာအနေနဲ့လည်း ၁၉၇၀ – ၁၉၈၀ နည်းပညာတွေမို့ ဖျက်ဆီးပစ်ရမယ့်သဘောဖြစ်နေပါတယ်။
အဲ့ဒီလိုဒုံးကျည်တွေကို စရိတ်စကအကုန်ခံပြီးဖျက်ဆီးဖို့ခေါင်းခြောက်နေချိန်မှာ ဆဒမ်ဟူစိန်ကပွဲထရှာတော့ အမေရိကန်က သီတင်းကျွတ်မီးရှုးမီးပန်းလွှတ်ပွဲလေးကျင်းပပေးပါတယ်။
တစ်စင်းကိုဒေါ်လာသန်းချီတန်တဲ့ ခရုစ်ဒုံးကျည်တွေကို တစ်မိနစ်တစ်လုံးလောက်စစ်သင်္ဘောပေါ်ကလွှတ်ပြီး ဆဒမ်ဟူစိန်ရဲ့ပွဲကို စည်ကားအောင်ကျင်းပပေးခဲ့ပါသတဲ့။
အဲ့ဒီ #စစ်ပွဲကုန်ကျစားရိတ်ကို ဆော်ဒီနဲ့ကူဝိတ်က အဓိကပေးပါတယ်။
ကိုယ်ပျောက်လေယာဉ်လို့နာမည်ကြီးနေတဲ့ အထူးအဆန်း F117 Nighthawk လေယာဉ်တွေကို ဆော်ဒီမှာအလွှားလွှားပျံပြပါတယ်။
ပွဲပြီးတော့အဲ့ဒီငှက်လိုလိုအထူးအဆန်းလေယာဉ်ပျံတွေမမြင်ဖူးတဲ့ သဲကန္တာရထဲကအာရပ်ကြီးတွေကို အဲ့လေယာဉ်တွေထိုးရောင်းခဲ့ပါတယ်။
ထိုးရောင်းပြီးသိပ်မကြာပါ အဲ့ဒီလေယာဉ်တွေသိပ်အသုံးမကျဘူးလို့အသံထွက်လာခဲ့ပါတယ်။ ၂၀၀၈ နောက်ဆုံးထားပြီးအဲ့လေယာဉ်တွေ အနားပေးခဲ့ရပြီးပါပြီ။
အခုလည်း အန်ကယ်ဂျိုးယူကရိန်းကိုတစ်ခါမှသွားတာမတွေ့ရပါ။ သို့သော်အရှေ့ဥရောပက ဆိုဗီယက်လက်အောက်ကျဖူးတဲ့နိုင်ငံတွေက အန်ကယ်ဂျိုးဆီကိုတပ်လာချပေးဖို့ အလုအယက်ဝိုင်းခေါ်နေကြပါပြီ။
မနေ့က တကမ္ဘာလုံးစတော့ရှယ်ယာဈေးကျချိန်မှာ လက်နက်နည်းပညာကုမ္ပဏီတွေရဲ့စတော့ရှယ်ယာဈေးတွေတက်ကုန်ပါတယ်။
အခုပွဲမှာ ရိုမေးနီးယား၊ ပိုလန်၊ ဟန်ဂေရီစတဲ့နိုင်ငံတွေဟာ အန်ကယ်ဂျိုးနဲ့ပိုနီးစပ်သွားပါတယ်။
ယူကရိန်းနဲ့အရှေ့ဥရောပနိုင်ငံတွေမှာ တရုတ်ဆန့်ကျင်ရေးမီးပွားစလာပါတယ်။ ကုလသမဂ္ဂမှာတရုတ်က ရုရှားဘက်ကမဲမပေးပေမဲ့ ယူကရိန်းကိုမထောက်ခံခဲ့တဲ့ကိစ္စအတွက် တရုတ်ဟာအရေးကြုံလာရင် အားကိုးရသူမဟုတ်လို့ မြင်ကုန်ကြပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ တရုတ်ကိုအတော်ဒေါသထွက်နေကြကြောင်း သတင်းတွေဖတ်ရပါတယ်။
ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ်အန်ကယ်ဂျိုးမျက်နှာကို ဝိုင်းကြည့်နေကြတာတော့အမှန်ပါပဲ။
အားလုံးကအန်ကယ်ဂျိုးနဲ့ပိုနီးစပ်လာကြပါတယ်။ ရုရှားရန်ကကာကွယ်ဖို့ အန်ကယ်ဂျိုးကလက်နက်မျိုးစုံကို စေတနာနဲ့ပြသအုံးမှာပါ။
နောက်တစ်ချက်က စစ်ဖြစ်တယ်ဆိုတာ ကျနော်မနေ့ကပြောသလိုပဲ ငွေစက္ကူပြိုင်မီးရှို့ရတာပါ။
ရှိုးရိုက်သလိုပဲ ‘မင်းခေါ်ငါခေါ်’ ခေါ်ပြီးရိုက်နေရပါပြီ။ မလိုက်နိုင်တဲ့ကောင်ပွဲကထပေးရမှာဖြစ်ပါတယ်။
ရုရှားကအနောက်အုပ်စုနဲ့ဖြစ်တဲ့ပွဲမှာ တရုတ်ကရုရှားကို ကူကောင်းကူပါလိမ့်မယ်။
သို့သော်အန်ကယ်ရှီက ကိုကိုပူတင်ကိုအလကားတော့ကူညီလိမ့်မယ်မထင်ပါ။
လင်မယားရန်ဖြစ်လို့စီးပွားမပျက်ခင်ကတည်းက ဘေးအိမ်ကအပေါင်ဆိုင်က အပေါင်ခံချလံစာအုပ်တွေပြင်နေလေ့ရှိပါတယ်။
မနေ့ကရုရှားရူဘယ်ဈေးထိုးကျပါတယ်။ ရုရှားဗဟိုဘဏ်ကအတိုးနှုန်းတွေကောက်တင်လိုက်ရပါတယ်။
ခရစ်တိုငွေကြေးဈေးကွက်ထဲလူတွေပြေးဝင်ကြပါတယ်။ ရူဘယ်ထက် ဘစ်ကွိုင်ကမှဟုတ်အုံးမယ်လေ။
ရုရှားလေဆိပ်မှာ အနောက်နိုင်ငံကိုပြေးဖို့ ရုရှားနိုင်ငံသားအတော်များများစောင့်နေကြပါတယ်။ ဆန်ရှင်ထိလို့လေယာဉ်မရရင် ပြည်တွင်းမှာပိတ်မိမှာကြောက်ကြတာပါ။
ရုရှားသူဌေးတွေဟာ ဇိမ်ခံသင်္ဘောတွေကို အမြန်ရွှေ့ကြကြောင်းလည်း သတင်းဖတ်ရပါတယ်။
အဲ့ဒီအချိန်မှာပဲ ဂျပန်ကအမေရိကန်နျူးကလီးယားဆောင်ထားရင်ကောင်းမလား အသံစထွက်လာပါပြီ။
မတော်တဆနောက်တပွဲဒီဘက်မှာဖြစ်ခဲ့ရင် ဘာပြောပြောလက်နက်ရှိတဲ့သူကအသာမလား❓
တခါတလေ အန်ကယ်ဂျိုးဟာဘီလီယက်ထိုးတာတော်သလား? လို့လည်းတွေးမိပါတယ်။
အာဖကန်ကနေဘာလို့အစောကြီးအမြန်ဆုတ်တာလဲ❓ပူတင်နဲ့ပွဲဖြစ်ရင်ငွေလိုလာမှာသိလို့ ကြိုပြီးငွေစုတာလား?
ဘယ်လိုပဲဖြစ်ဖြစ်ဒီတစ်ပွဲမှာ ရုရှားအကြီးအကျယ်အထိနာသွားမှာပါ။ စီးပွားရေးအဓိကထိပါမယ်။
စီးပွားရေးထိသွားတာနဲ့ ရေသောက်မြစ်အဖြတ်ခံရတဲ့အပင်လို လှီသွားမှာပါ။
ရေရှည်စစ်ဖြစ်ရင်အမေရိကန်နဲ့အနောက်နိုင်ငံတွေလည်းထိမယ်။ ဒါပေမဲ့တကယ့်ထိခိုက်မှုအများဆုံးက ရုရှားနဲ့ယူကရိန်းပါ။
တရုတ်ကအသံထွက်လာပါတယ်။ ရုရှားဟာသူ့ရဲ့မဟာမိတ်မဟုတ်ပါတဲ့။ စီးပွားရေးပါတနာသာဖြစ်ပါတယ်တဲ့။
အမေရိကန်ဟာစစ်ကိုမဖြစ်စေချင်ခဲ့မှာသေချာပါတယ်။
သို့သော် အန်ကယ်ဂျိုးက ကိုကိုပူတင်ကို ညီလေးရေ အန်ကယ်ကအံတိုနေတာမဟုတ်ဘူး။
အံတောင်မရှိတော့လို့ အံကပ်နဲ့ထမင်းစားနေရတာဆိုပြီး #အံကပ်ကြီးထုတ်ပြနေမှာကို မြင်ယောင်နေမိပါကြောင်း။
Richard Myo Thant
1-March -2022



