ၾကားသိရသမွ်

“နေအိမ် ချိတ်ပိတ်ခံရပြီးနောက် စိတ်ထိခိုက်သေဆုံးသွားတဲ့ မိခင်ဖြစ်သူရဲ့ နာရေးကို လမ်းပေါ်မှာပဲ ပြုလုပ်ခဲ့ရတဲ့ မိသားစု”

အိမ်အသိမ်းခံရပြီး ကျွန်တော့် အမျိုးသမီးရဲ့ အမေက အဲဒီအပေါ်မှာ စိတ်ထိခိုက်သွားတယ်။ တစ်ပတ်လောက် အကြာမှာတော့ အခြေအနေမကောင်းဘဲ ဆေးရုံ ရောက်တယ်၊ ဆေးရုံမှာပဲ ဆုံးသွားရောပေါ့၊ ဒီစိတ်နဲ့ပဲ လို့ တောင်ငူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမခက ပြောပါတယ်။

ကွယ်လွန်သူ ဒေါ်ခင်ဝင်းက ပဲခူးတိုင်း တောင်ငူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမခရဲ့ ယောက္ခမပါ။ ဦးမိုးမခ ကိုယ်တိုင်ကတော့ စစ်အာဏာ သိမ်းတဲ့နေ့ကတည်းက စစ်တပ်က လာရောက်ဖမ်းဆီးဖို့ ကြိုးစားနေတဲ့အတွက် တိမ်းရှောင်နေရပါတယ်။

ဒေါ်ခင်ဝင်းဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေအိမ် ချိပ်ပိတ်ခံရပြီးနောက် နေစရာမရှိတော့တဲ့ ဘဝ ရောက်သွားပြီးနောက် ကျန်းမာရေးထိခိုက်လာလို့ ဆေးရုံတက်ရပြီး ဆေး ရုံပေါ်မှာတင် အသက်ဆုံးခဲ့ပါတယ်။ သူ့မှာ ဆီးချို ရောဂါအခံ ရှိပေမယ့် ‌အဲဒီရောဂါက မပြင်းထန်ဘူးလို့ ဦးမိုးမခက ပြောပါတယ်။

ဒေါ်ခင်ဝင်း ကွယ်လွန်ချိန်မှာ နာရေးအတွက် နောက်ထပ်အခက်ကြုံရတဲ့အကြောင်း ဦးမိုးမခက ဆက်ပြောပြပါတယ်။

ဒီဘက် အိမ်ဘေးနားက လွတ်တဲ့နေရာမှာ နာရေး စျာပန လုပ်ဖို့ ပြင်ဆင်မယ်ဆိုပြီး လုပ်တော့ ဒီမှာပြင်ဆင်လို့ မရဘူးတဲ့၊ ဒီအိမ်က ချိပ်ပိတ်ထားတယ်ဆိုတော့၊ အဲဒါဆိုရင် လမ်းပေါ်မှာ ပြင်လို့ရမလားဆိုတော့ ရပ်ကွက်က လက်ခံရင် ရမယ်ပေါ့။ ရပ်ကွက်ကလည်း အားလုံး ဝိုင်းပြီး ကူညီပါတယ် နာရေးကို။

၂၀ ရက်နေ့မှာ ဆုံးတယ်။ ၂၂ ရက်နေ့မှာ သင်္ဂြိုဟ်တယ်။ ဒီလမ်းပေါ်မှာပဲ ထားပြီးတော့ ဒီလမ်းပေါ်မှာပဲ သင်္ဂြိုဟ်တယ်၊ ရက်လည်ကိုလည်း လမ်းပေါ်မှာပဲ ဘုန်းကြီး ဆွမ်းသွတ်တာတွေ လုပ်လိုက်ရတယ်။

ဒီလို အဖြစ်မျိုး ကြုံဖူး ကြာဖူးကြသူ ရှိနိုင်မှာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်မှာ အရင်တုန်းက မကြုံဖူး မကြားဖူးတဲ့ ဒုက္ခ အမျိုးမျိုးကို ပြည်သူတွေ ကြုံလာကြရပါတယ်။

ဒေါ်ခင်ဝင်းနဲ့ သူ့ခင်ပွန်း ဦးကျော်ညွန့်တို့ ပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးနဲ့ အထည်ဆိုင်ကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ သွားရောက်ချိပ်ပိတ် ခဲ့တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ သူတို့ ပိုင်ဆိုင် နေထိုင်လာခဲ့တဲ့ နေအိမ်ဖြစ်ပြီ ဦးမိုးမခနဲ့ သက်ဆိုင်မှု မရှိသလို သူ့နာမည်ပေါက်လည်း မဟုတ်ဘူးလို့ ဦးမိုးမခက ပြောပါတယ်။

အိမ်မှာ အိမ်ရှင်တွေ နေထိုင်နေတဲ့အချိန်မှာ စစ်တပ်အင်အား ရဲအင်အားအမြောက်အမြားနဲ့လာရောက်ပြီး အိမ်ရှင်တွေကို ဆင်းခိုင်း၊ ချိပ်ပိတ်သွားတာ ဖြစ်လို့ သူ့မိသားစုက ပိုင်ဆိုင်သမျှ ငွေလေးကိုပဲ ဆုပ်ကိုင်ပြီး ဘာမှ မသယ်နိုင်ဘဲ အိမ်က ဆင်းပေးခဲ့ကြရတယ်လို့ ဦးမိုမခက ပြောပါတယ်။

လာချိပ်ပိတ်တဲ့ အချိန်က အိမ်မှာ သူ့ရဲ့ ဇနီး၊ သမီးငယ် နှစ်ယောက်နဲ့ ဇနီးရဲ့ မိခင် ဖခင်၊ ဇနီးရဲ့ အဒေါ်တို့ ရှိနေခဲ့ကြတယ်လို့ ဦးမိုးမခက ပြောပါတယ်။ သူအနီးအနားမရှိတဲ့အချိန်မှာ သူ့မိသားစု လုံခြုံရေးကို အလွန် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

BBC