ၾကားသိရသမွ်

လှေမောင်းမကျွမ်းကျင်မှုကြောင့် ထိုင်းမင်းသမီး တိုင်မို မတော်တဆ ရေထဲပြုတ်ကျသေဆုံးဟု ရဲတပ်ဖွဲ့ ရှင်းလင်း

ထိုင်းသရုပ်ဆောင် ရုပ်ရှင်မင်းသမီး တိုင်မိုနိဒါးဟာ လှေမောင်းသူ မကျွမ်းကျင်မှုကြောင့် မတော်တဆ ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးရတာလို့ နွန်ထပူရီရဲတပ်ဖွဲ့က ပြောပါတယ်။

တိုင်မိုနိဒါး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က လူ ၇၇ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး စီစီတီဗွီကင်မရာ ၆၀ လုံးနဲ့ ဗွီဒီယိုဖိုင် ၂၀ ဖိုင်ကိုပါ စစ်ဆေးခဲ့ပြီး အားရမှုရှိကြောင်း၊ လှေပေါ်ပါ အဖော်တွေရဲ့ ထွက်ဆိုချက်တွေအရ အမှုကို ပုံဖော်လို့ရပြီလို့ နွန်ထပူရီခရိုင်ရဲစခန်း ဒုရဲမှူးကြီး ဥဒွန်းယွမ်းကျရွန်းက မတ်လ ၈ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

စပိဘုတ်လှေမောင်းသူ ရောဘတ်ရဲ့ ဖွင့်ဟဝန်ခံချက်အရ သူဟာ လှေမမောင်းတတ်ဘဲ စမ်းသပ်မောင်းနှင်ခြင်းသာဖြစ်ကြောင်း၊ လှေမောင်းတာလည်း သတ်မှတ်နှုန်းထက် အရှိန်ပိုမြင့်နေတာ စစ်ဆေးတွေ့ရှိကြောင်း၊ လှေဦးခုန်တက်သွားတဲ့အခိုက် လှေအမြီးပိုင်းမှာ အပေါ့သွားနေတဲ့ မင်းသမီး တိုင်မိုဟာ ရုတ်တရက် ရေထဲပြုတ်ကျသွားတာလို့ ဆိုပါတယ်။

အဲဒီမတိုင်ခင်က တိုင်မိုဟာ လှေရဲ့ဝမ်းပိုင်းမှာ ထိုင်ရင်းက အပေါ့သွားချင်တယ်လို့ပြောပြီး အမြီးပိုင်းကို လျှောက်သွားကြောင်း၊ လှေအမြီးပိုင်းမှာ ဆဲမ်း ဆိုသူ အမျိုးသားက လဲလျောင်းရင်း ဖုန်းကစားနေပြီး တိုင်မိုက သူ့ခြေနှစ်ဖက်ကို အားပြု ကိုင်ခွင့်တောင်းခဲ့ကြောင်း၊ ကိစ္စပြီးလို့ ထလိုက်စဉ် လှေကခုန်တဲ့အချိန်နဲ့ ကိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျသွားတာလို့ ဆိုပါတယ်။

သူ့ရဲ့ပေါင်ပေါ်က ဒဏ်ရာကတော့ ရေထဲမကျခင်ရတာလား၊ ရေထဲကျပြီးမှ ရတာလားဆိုတာကို မှုခင်းဆေးသိပ္ပံနည်းနဲ့ စစ်ဆေးနေကြောင်း၊ သူ့အလောင်းကို ကျူလာလောင်ကွန်း ဆေးတက္ကသိုလ်နဲ့ ရာမဓိပတိဆေးရုံက ဓာတ်ခွဲစစ်ဆေးနေပြီး နောက်အပတ်ထဲမှာ အမှုတွဲအားလုံး ခြုံငုံနိုင်လိမ့်မယ်လို့ ဒုရဲမှူးကြီးက ပြောပါတယ်။
လှေပေါ်က အဖော်တွေဟာ အရက်သောက်ထားတာ ရှိခဲ့ကြောင်း၊ ဖန်ခွက်ကို ရေထဲပစ်ချလိုက်တာကတော့ အပြစ်ရှိမှာ စိုးရိမ်လို့ လုပ်ရတာလို့ ပြောပါတယ်။
လူမှုကွန်ရက်တွေမှာ ပြောဆိုနေကြသလို တိုင်မိုဟာ အထူးပုဂ္ဂိုလ်အတွက်

ဖျော်ဖြေပေးဖို့ အလုပ်ကိစ္စ လက်ခံတယ် ဆိုတာတော့ ဘာမှအထောက်အထားမရှိကြောင်း၊ လှေပေါ်ပါသူတွေ အားလုံး မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိ၊ လူသတ်မှုမြောက်တဲ့ သက်သေမရှိကြောင်း၊ ဒါကြောင့် တပါးသူ သေကံရောက်သည်အထိ ပေါ့ဆစွာ လှေခုတ်မောင်းမှုပဲ မြောက်တယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က လှေပိုင်ရှင် ဟိုက်စိုးပေါနဲ့ ရောဘတ်တို့ကို ရဲတပ်ဖွဲ့က လိုင်စင်သက်တမ်းကုန် လှေကို အသုံးပြုမှု၊ လှေမောင်းလိုင်စင်မရှိဘဲ (ခွင့်ပြုချက်မရဘဲ လှေမောင်းမှု) တို့နဲ့ ကနဦး စွဲချက်တင်ထားပါတယ်။

သတင်းဌာနတွေကလည်း အမှုမှန်ပေါက်ပေါက်ရေးအတွက် မြစ်ထဲသွားပြီး လှေအမြီးပိုင်းမှာ ဆောင့်ကြောင့်ထိုင်ပြီး အပေါ့သွားလို့ ရ မရ၊ ပြုတ်ကျပြီးရင် ပန်ကာဒလက်က လူကို ထိနိုင်ခြေရှိ၊ မရှိ စမ်းသပ်ခဲ့ကြပြီး လှေကျွမ်းကျင်သူတွေကိုပါ မေးမြန်းကြည့်ရာမှာ ရဲပြောသလို မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

တိုင်မိုဟာ အသားကပ်ဘောင်းဘီနဲ့ ဂါဝန်ရှည်ပါ ဝတ်ဆင်ထားတာကြောင့် လှေအမြီးပိုင်းမှာ ဘယ်လိုမှ အပေါ့သွားလို့ မရနိုင်ကြောင်း၊ သူမဟာ နိုင်ငံကျော်မင်းသမီးဖြစ်ပြီး အဲသလိုကြုံရာမှာ အပေါ့သွားလေ့ မရှိကြောင်း ရင်းနှီးသူတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။

သင်္ဘောကျင်းမှာ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ပြီး တိုင်မိုကို ရေထဲလိုက်ရှာရာမှာ ပါဝင်ခဲ့သူ တဦးကလည်း သူ့တသက် လှေအမြီးပိုင်းကနေ အပေါ့သွားတယ်ဆိုတာ တခါမှ မကြားဘူးကြောင်း၊ ဖြစ်လည်းမဖြစ်နိုင်၊ ကျောက်ဖရားမြစ်က အနက်ကြီးမဟုတ်လို့ ရေနစ်သေမှု မရှိသလောက်ပဲ၊ လှေပေါ်ကလူတွေ ထွက်ဆိုချက်ကို မယုံကြည်ဘူးလို့ ပြောပါတယ်။

ပြည်သူ့ဟစ်တိုင် ရှေ့နေတဦးဖြစ်သူ “သမ့်” ကလည်း တိုင်မိုသေဆုံးရတဲ့အပေါ် မသင်္ကာစရာတွေ အများကြီး တွေ့ရှိကြောင်း၊ တိုင်မိုဟာ ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသမီးတယောက် ဖြစ်တာကြောင့် အမှုမှန်ပေါ်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

တိုင်မိုရဲ့မိခင်ဖြစ်သူ နန်းဖနိဒါဟာ ဒီကနေ့ မတ်လ ၉ ရက်မှာ နွန်ထပူရီရဲစခန်းကို ရောက်လာစဉ် သတင်းထောက်တအုပ်ကြီးနဲ့ တိုးပြီး တယောက်တပေါက် ဝိုင်းမေးကြတာကြောင့် သတိမေ့မျောမတတ် ဖြစ်ခဲ့ရတယ်လို့ Amarin TV သတင်းမှာ ဖော်ပြပါတယ်။

သူလှေခါးပေါ်တက်စဉ် သတင်းထောက်တွေ လိုက်လာရာမှာ သူက မေးခွန်းတွေ အများကြီးမေးရင် လှေခါးပေါ်က ခုန်ချမယ်လို့ ခြိမ်းခြောက်တာကြောင့် သတင်းထောက်တွေက ဝိုင်းဝန်း ချော့မော့ခဲ့ရပါတယ်။ သူဟာ သွေးတွေတက်နေကြောင်း၊ ခေါင်းလဲ မူးနောက်နေကြောင်း ပြောတာကြောင့် ရှူဆေးပေးပြီး စိတ်ပြေမှ သတင်းထောက်တွေကို စကားပြောပါတယ်။

တိုင်မိုမိခင်ဟာ လျော်ကြေး ဘတ်သန်းပေါင်း ၃၀ ကိစ္စ တီဗွီအင်တာဗျူးတခုမှာ ဖြေကြားအပြီး ပရိသတ်တွေရဲ့ ဆဲဆိုဝေဖန်မှုတွေ ခံနေရသလို အတိတ်ကကိစ္စ၊ အတွင်းရေးတွေပါ ဖော်ထုတ်ခံနေရတာကြောင့် စိတ်ဖိစီးနေတာ ဖြစ်ပါတယ်။

ဒီကနေ့ ရဲစခန်းကိုလာရတဲ့ အကြောင်းကတော့ ရဲတပ်ဖွဲ့ရဲ့ ချိန်းဆိုချက်အရဖြစ်ကြောင်း၊ လှေပိုင်ရှင်သူဌေး ဟိုက်စိုးပေါနဲ့ ရောဘတ်တို့ရဲ့ နောက်ဆုံးဖွင့်ဟချက် မသိရကြောင်း၊ ဆိုရှယ်မီဒီယာလည်း မသုံးတော့ကြောင်း၊ သူတို့က အမေ့ခြေအစုံကို ဦးခိုက်တောင်းပန်ခဲ့လို့ ရာနှုန်းပြည့် ခွင့်လွှတ်တယ်လို့ ထပ်လောင်းပြောဆိုပါတယ်။
အမှုကိစ္စ ရဲတပ်ဖွဲ့က သူလုပ်စရာရှိတာ လုပ်နေကြောင်း၊ အမေ့မှာ ရှေ့နေငှါးထားပြီး နောက်ဆိုရင် သတင်းထောက်တွေနဲ့ တိုက်ရိုက်မေးဖြေ လုပ်တော့မှာမဟုတ်ဘဲ ရှေ့နေကနေတဆင့်သာ ဖြေပေးမယ်လို့ ပြောပါတယ်။

အမှုမှန်ပေါ်ပေါက်ရေး တဖက်က ဆောင်ရွက်နေတဲ့ လူထုအကျိုးဆောင်ရှေ့ (သမ့်) ကိုတော့ စိတ်ဆိုးကြောင်း၊ ခြေအစုံလာကန်တော့တောင်မှ ၁၀၀ ရာခိုင်နှုန်း ခွင့်မလွှတ်ဘူးလို့ ပြောပါတယ်။

(ဒီမတိုင်ခင် ရှေ့နေသမ့်က – တိုင်မိုအမှုမှန်ပေါ်ပေါက်ရေးအတွက် ဘယ်သူမဆို သတင်းထောက်တွေ မေးတာကို တိုင်မိုမိခင်ထံ ခွင့်တောင်းစရာမလိုဘဲ လွတ်လပ်စွာ ပေးပိုင်ခွင့်ရှိကြောင်း၊ တိုင်မိုရဲ့အမေအနေနဲ့ သတင်းပေးသူတွေရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်ခွင့်မရှိဘူးလို့ ပြောခဲ့တာပါ။)

တိုင်မိုသေဆုံးမှုမှာ အမှုကိစ္စ လုံးဝဝင်မပြော၊ သတင်းမီဒီယာတွေမှာလည်း ဘာမှမဖြေဘဲ မိမိဘာသာ ကြိတ်ဆွေးနေသူကတော့ သူ့ရဲ့လက်ရှိရည်းစား Bird ပဲ ဖြစ်ပါတယ်။ သူဟာ တိုင်မို ရေထဲပျောက်ဆုံးစဉ် မအိပ်နိုင်မစားနိုင် တနေ့လုံးတညလုံး ကယ်ဆယ်ရေး အဖွဲ့နဲ့အတူ လိုက်ပြီး တိုင်မိုကို လိုက်ရှာနေခဲ့တာပါ။

တိုင်မိုရဲ့ အလောင်းပြန်တွေ့တော့ ကယ်ဆယ်ရေးအဖွဲ့တွေကို လက်အုပ်ချီ ခွင့်တောင်းပြီး အလောင်းကို ပွေ့ဖက် ငိုကြွေးခဲ့ပါတယ်။ အဲဒီနောက် တိုင်မိုနဲ့အတူနေခဲ့တဲ့ အိမ်ကနေ ကြောင်တကောင်၊ ခေါင်းအုံး၊ ဖက်လုံးနဲ့ တိုင်မိုရဲ့ ဓာတ်ပုံတွေသာ ယူဆောင်ပြီး အိမ်ပေါ်က တိတ်တဆိတ် ဆင်းသွားခဲ့ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက်မှာတော့ သူဟာ တိုင်မိုရဲ့အချစ်ကိုရဖို့ ၇ နှစ်တိတိ ကြိုးစားပိုးပမ်းခဲ့ပြီး ၂ နှစ်ပဲ တွဲခွင့်ပြုခဲ့တဲ့ ကံတရားကို လုပ်ရက်တယ်လို့ ရေးသားထားပါတယ်။

တီဗွီဖျော်ဖြေရေး အစီအစဉ်တခုက သူ့ကို တကြိမ်ကို ဘတ် ၅ သောင်းနှုန်းနဲ့ အင်တာဗျူးလုပ်ဖို့ ကမ်းလှမ်းပေမယ့် သူက ငွေမလိုချင်ကြောင်း၊ မီဒီယာမှာ ထွက်ဖို့ မနှစ်သက်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

အသက် ၃၇ နှစ်ရွယ် Bird ဟာ Stonerbkk Shop အမည်ရှိ အထည်ဆိုင်ပိုင်ရှင်ဖြစ်ပြီး လေဟာပြင်ဈေးတွေမှာလည်း ကိုယ်တိုင်လှည့်ပတ် ရောင်းချနေသူ ဖြစ်ပါတယ်။မင်းသမီးတိုင်မိုကို ကြိတ်ကြိုက်နေတာ ၁၀ နှစ်ကျော်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကမှ ရည်းစားဖြစ်ခွင့် ရခဲ့တာပါ။

တိုင်မိုက ယခင်အိမ်ထောင်နဲ့ကွဲပြီး ဖခင်လည်း ဆုံးသွားလို့ စိတ်ကျရောဂါရနေစဉ် Bird က နှစ်သိမ့်အားပေးရင်း စိတ်ခွန်အားတွေရခဲ့လို့ တိုင်မိုကလည်း အချစ်စစ်တွေ့ပြီဖြစ်ကြောင်း အင်တာဗျူးဖိုင်လုပ်ပြီး တရားဝင် ကြေညာခဲ့ပါတယ်။

ကာယကံရှင် Bird က မီဒီယာတွေကို ရှောင်ရှားပေမယ့် သူ့နာမည်နဲ့ အကောင့်တုတွေ ထွက်ပေါ်ပြီး သတင်းမီဒီယာတွေကလည်း သူတို့အချစ်ဇာတ်လမ်းအကြောင်းကို အကျယ်တဝံ့ ထုတ်လွှင့်နေကြပါတယ်။

crd