ဖုန်းခေါ်ဆိုမှုများနှင့်မက်ဆေ့ချ်များကို တပြိုင်နက်စောင့်ကြည့် ကြားဖြတ်နားထောင်နိုင်သော Gateway များကို ဂျာမန်ကုမ္ပဏီထံမှ တယ်လီနော ဝယ်ယူတပ်ဆင်ထား။ EU မှမြန်မာအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို တယ်လီနောမှ ချိုးဖောက်ရာရောက်
ရန်ကုန်၊ မတ် ၁၂
တယ်လီနောအုပ်စုဟာ တရားဝင်ကြားဖြတ်စောင့်ကြည့်ဂိတ်ဝေး Lawful Interception Gateway (LIG) ကို တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ပြီး၊ ထိုမှတဆင့် အဆိုပါ LIG ကို မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတစ်ခုထံ လွှဲပြောင်းဖို့ ပြင်ဆင်နေတွေတာ ဥရောပသမဂ္ဂနဲ့နော်ဝေနိုင်ငံတို့ရဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ရာရောက်တဲ့အတွက် ဂျာမန်နှင့် နော်ဝေအစိုးရတို့မှ အရေးတကြီး ကြားဝင်ဆောင်ရွက်ပေးရန် Justice for Myanmar (JFM) ကတောင်းဆိုလိုက်ပါတယ်။
Justice For Myanmar က ရရှိခဲ့တဲ့ လျှို့ဝှက်ပေါက်ကြား အချက်အလက်တွေအရ တယ်လီနောဟာ LIG ကို ဂျာမန်ကုမ္ပဏီ Utimaco ထံက ဝယ်ယူခဲ့ကာ အဆိုပါစနစ်ကို ဥပဒေကြောင်းအရပိုင်ဆိုင်သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ Utimaco LIG ဝယ်ယူမှုတွင် တရုတ်ကုမ္ပဏီဖြစ်တဲ့ ဟွာဝေးက ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ စက်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Unimaco အနေနဲ့ ဟွာဝေးကတဆင့် နည်းပညာအထောက်အပံ့ပေးခဲ့ပြီး တယ်လီနောမြန်မာနဲ့လည်း သွယ်ဝိုက်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ LIG ကို မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပေးပို့ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မေလမှာတော့ တယ်လီနောရဲ့ ဆက်သွယ်ရေးစနစ်အတွင်းသို့ ပေါင်းစပ် ထည့်သွင်းခဲ့တာပါ။ Utimaco ရဲ့ အဝေးထိန်းပံ့ပိုးမှုနဲ့ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းမှာ LIG ဟာ စောင့်ကြည့်ရေး စင်တာတစ်ခုနဲ့ ချိတ်ဆက်ခဲ့ပါတယ်။
LIG စတင် အသက်ဝင် လုပ်ဆောင်ပါက အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကတဆင့် တယ်လီနောကွန်ယက်ပေါ်ရှိ များစွာသော ဖုန်းခေါ်ဆိုမှုနဲ့မက်ဆေ့ချ်တွေကို တပြိုင်နက်တည်း စောင့်ကြည့် ထောက်လှမ်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။
ဒီလို စောင့်ကြည့်နိုင်မှုဟာ ပုဂ္ဂလိကလုံခြုံမှု အခွင့်အရေးအပေါ် အကြီးအကျယ် ချိုးဖောက်ကာ စစ်ကောင်စီရဲ့ နောက်ထပ်ဖမ်းဆီးမှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေပိုမို ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တယ်လီနောက ၎င်းတို့အနေဖြင့် အဆိုပါ LIG အား စတင်အသက်သွင်း လုပ်ဆောင်မှု မပြုလုပ်ရသေးကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ LIG အား တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်ခဲ့ခြင်းအားဖြင့် တယ်လီနောသည် အီးယူနှင့်နော်ဝေတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ပြီးဖြစ်ကြောင်း Justice For Myanmar က အခိုင်အမာ ပြောကြားလိုက်တာပါ။
အကယ်၍ တယ်လီနောမြန်မာကို ရောင်းချခြင်း အထမြောက်ခဲ့ပြီး တယ်လီနောအနေနဲ့ စစ်တပ်ဆက်နွယ်ကုမ္ပဏီ ရွှေဗျိုင်းဖြူ ဦးဆောင်တဲ့ အကျိုးတူကုမ္ပဏီ တစ်ခုထံ Utimaco LIG ကို လွှဲပြောင်းပေးအပ်ခိုက်ပါက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်မံ ချိုးဖောက်ရာ ရောက်အုန်းမှာဖြစ်ပါတယ်။
Utimaco LIG လွှဲပြောင်းပေးအပ်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုပြဌာန်းချက်တွေအရ ကုမ္ပဏီအနေနဲ့ နော်ဝေ အစိုးရရဲ့ ခွင့်ပြုချက်ကို ရရှိခဲ့ခြင်း ရှိ မရှိ တို့နဲ့ ပတ်သက်လို့တော့ Justice For Myanmar ရဲ့ မေးမြန်းမှုတွေကို တယ်လီနောပြောရေးဆိုခွင့်ရှိသူက ပြန်လည်တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။
Justice For Myanmar သို့ ပေးပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်မှာတော့ တယ်လီနောပြောရေးဆိုခွင့်ရှိသူတစ်ဦးက “တယ်လီနောအနေနဲ့ တယ်လီနောမြန်မာကို ရောင်းချရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်က အော်ပရေတာအားလုံး လုပ်ဆောင်ဖို့လိုအပ်တဲ့ ကြားဖြတ်စက်ပစ္စည်း အသက်သွင်းလုပ်ဆောင်ဖို့ကို ကျွန်ုပ်တို့အနေနဲ့ မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်၊
ယင်းအခြေအနေက အရေးပါတဲ့စိန်ခေါ်မှုတွေ ရှိနေပြီး ဆိုးရွားခက်ခဲလှပါတယ်၊ တယ်လီနောအနေနဲ့ မိမိတို့ထွက်ခွာမှုက ဝန်ထမ်းများ လုံခြုံရေးအန္တရာယ် ကို မြင့်တက်စေခြင်းမရှိတဲ့ ပုံစံတစ်ရပ်နဲ့ ထွက်ခွာရမှာ ဖြစ်ပြီး ဒါသည်ပင် ယခုအချိန်အတွက် ကျွန်ုပ်တို့ရဲ့ အဓိကဦးစားပေးအဖြစ် ကျန်ရှိနေပါတယ်၊ တယ်လီနောအနေနဲ့ M1 Group ဆီ ရောင်းချဖို့အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာခွင့်ပြုချက်ကို စောင့်နေပါတယ်။ ဒီနောက်ပိုင်းမှာ ကျွန်ုပ်တို့အနေနဲ့ နောက်ထပ် မည်သည့်မှတ်ချက်မျိုးကိုမျှ ပေးတော့မှာမဟုတ်ပါဘူး” လို့ ဖော်ပြပါရှိပါတယ်။
ဂျာမန်ကုမ္ပဏီဖြစ်သည့် Utimaco အနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်လိုက်ပြီးနောက်ပိုင်း တယ်လီနောမြန်မာ၏ LIG အတွက် သွယ်ဝိုက်တဲ့ နည်းပညာအကူအညီများ ပေးအပ်ခဲ့ခြင်းဖြင့် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ဖွယ်ရှိပြီး ၎င်းတို့အနေဖြင့် တယ်လီနော၏ LIG လွှဲပြောင်းပေးအပ်မှု ကို ခွင့်ပြုပေးပါက ဒဏ်ခတ်ပိတ်ဆို့မှုများကို ထပ်မံချိုးဖောက်လိမ့်မည်မှာဖြစ်ကြောင်း JFM က ပြောဆိုထားပါတယ်။
Utimaco ကမူ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့နောက်ပိုင်း မည်သည့်ပံ့ပိုးကူညီမှုကိုမျှ ပေးအပ်ခဲ့ ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ Justice For Myanmar သို့ ပြန်ကြားခဲ့တဲ့ အီးမေးလ်တစ်စောင်တွင် ကုမ္ပဏီက “Utimaco အနေဖြင့် မြန်မာနိုင်ငံရှိ မိုဘိုင်းကွန်ယက်အော်ပရေတာများမှ တစ်ခုခုနှင့် တိုက်ရိုက်လုပ်ငန်း ပတ်သတ်မှုမျိုး မည်သည့်အခါကမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြခဲ့ပါတယ်။
တယ်လီနောက Utimaco LIG ကို ရွှေဗျိုင်းဖြူနဲ့ M1 Group တို့ထံ မကြာခင် လွှဲပြောင်းပေးအပ်မယ့်ကိစ္စနဲ့ ပတ်သက်လို့တော့ မေးမြန်းမှုတွေကို Utimaco က တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ JFM က ဆိုပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တယ်လီနောအုပ်စုက မြန်မာပြည်သူ တွေရဲ့ အသက်တွေအပေါ် မလေးစားမှုကို ပေါ်ပေါ်တင်တင် ပြသနေပြီး အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်နေပါတယ်။ မြန်မာနိုင်ငံထဲကို အန္တရာယ်ကြီးတဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကို တင်သွင်းပြီး တပ်ဆင်ခဲ့ တာ တယ်လီနောအုပ်စု ဖြစ်တယ်၊ တယ်လီနောအုပ်စုနဲ့ သူရဲ့ အများစုပိုင်ရှင် နော်ဝေအစိုးရဟာ အဲ့ဒီကိစ္စ အတွက် အခုချက်ခြင်းပဲ တာ၀န်ယူရပါမယ်”။
“မြန်မာစစ်တပ်ဆက်နွယ်ကုမ္ပဏီ ရွှေဗျိုင်းဖြူဆီ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာ လွှဲပြောင်းပေး အပ်တာဟာ မြန်မာစစ်တပ်ကို တက်ကြွလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေ၊ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်း လုပ်သူတွေနဲ့ ဂျာနယ်လစ်တွေကို လိုက်လံဖမ်းဆီးတာ၊ ညှဉ်းပမ်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေလုပ်ဖို့ စွမ်းရည်တွေကို ပေးအပ်ခြင်းနဲ့ အကြမ်းဖက်မြန်မာစစ်တပ်ကို ပိုပြီး ရောင့်တက် လာစေလိမ့်မယ်”။
“ရွှေဗျိုင်းဖြူကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ အရေးပါတဲ့ စီးပွားရေးမိတ်ဖက် တစ်ဦးဖြစ်တဲ့အတွက် ဒဏ်ခတ် ပိတ်ဆို့သင့်ပါတယ်။ ရွှေဗျိုင်းဖြူကုမ္ပဏီကို မိုဘိုင်းဖုန်းအော်ပရေတာ၊ စောင့်ကြည့်ထောက်လှမ်းရေးနည်း ပညာနဲ့ ပြည်သူ ၁၈ သန်းရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းအချက်အလက်တွေကို ကြီးကြပ်လုပ်ကိုင်သူအဖြစ် မထားသင့်ပါဘူး။
အဲ့ဒီရောင်းချမှုကို ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့အတွက် တယ်လီနောအုပ်စုကို စုံစမ်းစစ်ဆေးဖို့ နော်ဝေနဲ့ ဂျာမန်အစိုးရတွေကို ကျွန်မတို့ တောင်းဆိုပါတယ်။” လို့ ပြောကြားထားပါတယ်။