ၾကားသိရသမွ်

“လူနှင့် ပျားယဥ်ကျေးမှု” (ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း သတိရမိတဲ့ မိတ်ဆွေတုတွေ အကြောင်း)

“လူနှင့် ပျားယဥ်ကျေးမှု” (ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း သတိရမိတဲ့ မိတ်ဆွေတုတွေ)

ကိုစိုးထိုက် (ဖဒို)

ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း မိတ်ဆွေတုတွေအကြောင်း ကျွန်တော်ရေးထားတဲ့ “လူနှင့် ပျားယဥ်ကျေးမှု” ဆိုတဲ့ စာလေး ပြန်သတိရမိပါတယ်

အဲဒီနေ့ကပေါ့..။ ပဲခူး ရိုးမတောင်ခြေ ဖဒိုမြို့မှာနေတဲ့ ကျွန်တော့်ကို ရန်ကုန်မှာနေတဲ့ မိတ်ဆွေတစ်ယောက်က ပျားရည်စစ်စစ် တစ်ပုလင်းလောက် လိုချင်တယ်ဆိုပြီး လူကြုံ မှာတယ်။ အမှန်တော့ ဖဒိုမှာလည်း ပျားရည်စစ်စစ် ရှားပါတယ်။ သစ်ခုတ်၊ ဝါးခုတ်ရင်း အမဲလိုက်တဲ့ လူတချို့ဆီကမှ ရံဖန်ရံခါ ပျားရည်စစ်စစ် ရတတ်တာမို့ တောင်ပေါ်က ကရင်လူမျိုး အသိတစ်ယောက်ဆီ ပျားရည်သွားမှာ ရတာပေါ့။ အခန့်သင့်တယ်ပြောရမလား မသိ။ အဲဒီလူဆီမှာ မနေ့ကမှ ဖွတ်လာတဲ့ ပျားရည်ပုလင်းတစ်ချို့ ရလိုက်တယ်။ ဂျီတစ်ကောင်နောက်လိုက်ရင်း ပျားအုံအသေးတစ်အုံတွေ့လို့ မီးခိုးမှိုင်းတိုက်ပြီး ပျားရည်ဖွတ်ခဲ့ကြောင်း သူကပြောပြတယ်။

“ဝမ်းသာလိုက်တာဗျာ.. မြို့ကလူတွေက တောကနေ ပျားရည်မှာတိုင်း အစစ်ရမယ် ထင်တတ်ကြတယ်.. ကျွန်တော့်မှာ တာဝန်ကြီးသဗျာ.. အတီးတို့ဆီကရမှ ပေးမယ်ဆိုပြီးတွေးထားတာ ခုတော့ ရေကန်အသင့် ကြာအသင့်ပဲ..” ပျားရည်ဝယ်ပြီး အိမ်ပြန်မယ်အလုပ်မှာ အချိန်အခါမဟုတ် မိုးရွာချတာနဲ့ မုဆိုးကြီးအိမ်မှာပဲ မိုးခိုရင်း ဝင်ထိုင်ရတာပေါ့။ ဂျီသားမီးဖုတ်နေတဲ့ သူက တောအရက်လေး သောက်သွားပါလားလို့ ဧည့်ခံတာနဲ့ ကျွန်တော်လည်း ဘုရားလည်းဖူးရင်း လိပ်ဥတူးဆိုသလို တစ်ခွက်တစ်ဖလား ဝင်မော့တယ်။

အရက်လေးသောက် ၊ ဂျီသားလေး မြုံ့ရင်း တောအကြောင်း ၊ တောင်အကြောင်း သူ့ အတွေ့အကြုံတွေအကြောင်း စကားပြောကြရာက ပျားဖွတ်တဲ့ဆီ စကားစ ရောက်သွားတယ်။ “အတီးရေ.. ကျွန်တော် လွန်ခဲ့တစ်လလောက်က အသိတစ်ယောက်အိမ်ကို သွားလည်တုန်း သူတို့သရက်ပင်အောက်မှာ ပျားတုတ်ခံရတာ ထွက်ပြေးလည်း မလွတ်ဘူးဗျာ.. သုံးလေးချက် အတုတ်ခံလိုက်ရတာ အီစလံဝေ သွားတာပဲ.. အတီးတို့ ပျားဖွတ်တဲ့အခါ ပျားအုံကို မီးခိုးမှိုင်းတိုက်တော့ ပျားတွေ ထွက်မတုတ်ဘူးလားဗျ..” ကျွန်တော်က မေးလိုက်တော့ သူက ရယ်ပြီး “ပုဆိုးခြုံလိုက်ရင် လုံတာပဲလေ..” လို့ ခပ်နောက်နောက် ပြန်ဖြေတယ်။

ပြီးတော့မှ အရက်ကို တစ်ငုံသောက် ပျစ်ခနဲ တံတွေးကိုထွေးလိုက်ပြီး ဂျီသားတစ်ဖက်ကို ကောက်ဝါးလိုက်ရင်းမှ သူက စကားဆက်ပြောတယ်။ “တကယ်ပဲ ပုဆိုးခြုံပြီး ပျားဖွတ်တာကွ.. ပျားသဘာဝကို ငါ့တူက မသိလို့.. သူတို့ ပျားအုံကို လူက လာထိတဲ့အခါ ပျားတွေက ထွက်ပြီး အရင် စူးစမ်းတယ်.. အဲဒီအခါ လူက ကြောက်လို့ ထွက်ပြေးရော.. အဲဒါမှ ရန်သူဆိုတာ ကျိန်းသေလို့ အဲဒီလူကို ပိုမဲပြီးလိုက်တုတ်တာ.. မင်းစိတ် ရဲဖို့ပဲလိုတယ်.. သစ်ပင်အောက်တည့်တည့်ကို ပုဆိုးခြုံလေးခြုံပြီး အသာလေးကပ်သွား.. ပြီးရင် အရေးအကြီးဆုံးက ခန္ဓာကိုယ်ကို သစ်ပင်နဲ့ထိနေပစေ.. ဒါဆိုရင် ပျားတွေက အဲဒီလူကို ရန်သူလို့မထင်တော့ဘူးကွ.. သူတို့တည်မှီရာ သစ်ပင်က သစ်ကိုင်း တစ်ခုလို့ပဲ ထင်သွားတတ်ကြတယ်။

ပျားတွေဟာ မီးခိုးမှိုင်းကြောင့် အဝေးမှာ ရန်သူလိုက်ရှာ နေတုန်း အနီးဆုံးမှာရှိနေတဲ့ ငါက အေးအေးဆေးဆေး ပျားဖွတ်တော့တာပဲ.. သူတို့ကို ဖြိုချတဲ့ ရန်သူဟာ သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့ သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့ ပုဆိုးခြုံထဲကလူလို့ မထင်ကြရှာဘူး.. ဟဲဟဲဟဲ..”

“အို..” ခဏအကြာမှာ မိုးစဲသွားပြီဖြစ်လို့ ကျွန်တော်လည်း သူ့ကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။ “သူတို့ကို ဖြိုချတဲ့ ရန်သူဟာ သူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့ ၊ သူတို့နဲ့ တစ်သားထဲ သစ်ပင်လို့ထင်နေတဲ့ ပုဆိုးခြုံထဲက လူလို့မထင်ကြရှာဘူး..” ဆိုတဲ့ စကားသံကို နားထဲမှာ ပြန်ကြားနေရင်း ရင်ထဲမှာအတွေးတွေ အုံ့အုံ့ပျံ့ပျံ့ ဝင်လာတယ်။ လိုချင်တာ တစ်ခုခုရှိလို့ ကိုယ့်အနားကို မိတ်ဆွေအရေခြုံပြီး ကပ်လာကြတဲ့ လူတစ်ချို့အကြောင်း..။ အိုး…သိပ်ဖော်ရွေတာပဲ.. ကိုယ့်ကို သိပ်ပြီး နားလည်မှုရှိတာပဲ.. ကိုယ့်အပေါ် သိပ်ပြီး ဂရုစိုက်ပြတာပဲ.. သူတို့လောက်ကောင်းတဲ့သူ ကမ္ဘာပေါ်မှာ မရှိတော့သလို ဟန်ဆောင်ကောင်းတဲ့ ပျားဖွတ်သမားလို လူတွေ လူတွေ..။

နှစ်ကိုယ့်တစ်စိတ်လိုမျိုး ကိုယ်အစစအရာရာ ယုံကြည်သွားခါမှ သူတို့လိုချင်တာရဖို့ မီးခိုးမှိုင်းတိုက်ပြီး ကိုယ့်ကို ပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံကြပါလေရော.. ကိုယ့်မှာတော့ ရန်သူကို ဟိုး.. အဝေးမှာလိုက်ရှာလို့.. ပုဆိုးခြုံထဲကပျားဖွတ်သမားကို ကိုယ့်အပင်က သစ်ကိုင်း ထင်နေတဲ့ ပျားလို အနီးမှာရှိနေတဲ့လူကို မိတ်ဆွေရင်းလို့ ထင်မိနေဆဲ..ယုံကြည်နေဆဲ.. လိုချင်တာ ရသွားတဲ့အချိန် (သို့မဟုတ်) ကိုယ်လည်း ပျက်စီးနိမ့်ကျသွားတဲ့ အခါကျတော့ သူတို့လို လူမျိုးတွေဟာ ကိုယ့်ကို ရှိတယ်တောင် မထင်.. လှည့်တောင် မကြည့်.. လမ်းတွေ့ရင်တောင် မမြင်ယောင်ဆောင် ရှောင်ဖယ်သွားတတ်ကြတဲ့ ပျားဖွတ်သမားလို မိတ်ဆွေအရေခြုံထားတဲ့ လူတချို့ အကြောင်းတွေးမိပြီး မချိပြုံး ပြုံးမိတယ်။

ရက်အနည်းငယ်အကြာမှာတော့ လမ်းကြုံတာနဲ့ ပျားရည်ပုလင်းလေးကို သေသေချာချာ ထုတ်ပိုးပြီး ရန်ကုန်ကို ယူလာခဲ့ပါတယ်။ မှာထားတဲ့မိတ်ဆွေကို ပျားရည်ပေးတော့ သူက ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောရှာတယ်။ “အဖေ့အတွက် ဆေးဖော်ဖို့ လိုနေတာဗျာ.. ကျေးဇူးနော် ကိုစိုးထိုက်ရေ..” ပျားရည်ပုလင်းလေးကို ဗီရိုထဲ သိမ်းဆည်းပြီးနောက် အဲဒီမိတ်ဆွေက ကျွန်တော့်ကို စကားဆက်ပြောတယ်။

“အဖေ့ကိုပျားရည်နဲ့ ဆေးဖော်တာ မပြောရဲဘူးဗျ.. ပျားရည်ဆိုတာ အသိုက်အမြုံပျက်ပြီးမှ ရလာတာမို့ မသုံးချင်ဘူးတဲ့လေ.. ဘယ်တတ်နိုင်မလဲဗျာ.. စိတ်တော့မကောင်းဘူးပေါ့. ပျားတွေခမျာလည်း အဖိုးတန်ပျားရည်ကြောင့် အသိုက်အမြုံပျက်ရရှာတာ သဘာဝပဲလေ..” “ဗျာ..” အမှတ်မထင် ပြောလိုက်တဲ့ မိတ်ဆွေရဲ့ စကားအဆုံးမှာ ကျွန်တော့်စိတ်ထဲ အတွေးတွေ ထပ်ဝင်လာပါလေရော။ အောင်မြင်မှု ဆိုတဲ့ ပျားရည်တွေ၊ ကျော်ကြားမှု ဆိုတဲ့ ပျားရည်တွေ၊ ရာထူးအာဏာဆိုတဲ့ ပျားရည်တွေ၊ ချမ်းသာမှု ဆိုတဲ့ ပျားရည်တွေ.. ဘဝတစ်လျှောက်လုံး ကိုယ်ကြိုးစား ပမ်းစား တည်ဆောက်ထားတဲ့ သိပ်ချိုမြိန်ပါတဲ့ဆိုတဲ့ အဲဒီအရာတွေက တစ်ခါတစ်လေမှာလည်း ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးနိုင်ပါလား..။ ကိုယ့်ကိုဖြိုချမယ့် သူတွေကို လက်ယပ်ခေါ်နေတဲ့ ပျားရည်လို ဂုဏ်ပကာသနတွေ ဖြစ်နေနိုင်ပါလား..။

အတွေးတွေ များနေစဥ်မှာပဲ မိတ်ဆွေက “ပျားရည်ဖိုး ဘယ်လောက်လဲ” လို့ ကျွန်တော့်ကို မေးတယ်။ “အခကြေးငွေ မပေးပါနဲ့ဗျာ.. ဒီပျားရည်ပုလင်းလေးက ကျွန်တော့်ကို အတွေးတွေအများကြီး ပေးခဲ့တယ်..” လို့ သူ့ကိုပြောခဲ့ပါတယ်။ ကိုယ့်အနားကို ပုဆိုးခြုံပြီး ဝင်လာမယ့် ပျားဖွတ်သမားလို မိတ်ဆွေတုတွေ အကြောင်းရော.. အောင်မြင်မှု ၊ ကျော်ကြားမှု ၊ ချမ်းသာမှု စတဲ့ ကိုယ်တည်ဆောက်ထားတဲ့ အရာတွေဟာလည်း တစ်ခါတစ်လေမှာ ကိုယ့်ကို ဒုက္ခပေးနိုင်မယ့် ပျားရည်တွေဖြစ်နိုင်တဲ့ အကြောင်းတွေရော ဆင်ခြင်တွေးတောရင်း အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

ကိုစိုးထိုက်(ဖဒို) (ဒီနှစ်ထဲမှာ ပြန်ထုတ်မယ့် လူပီသသောလူ စာအုပ် ဒုတိယအကြိမ်မှာ ထပ်ထည့်မယ့် စာစုလေးပါ..)

Source:White Sone

unicode

“လူနှင့် ပျားယဥ်ကျေးမှု” (ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း သတိရမိတဲ့ မိတ်ဆွေတုတွေ အကြောင်း)

“လူနှင့် ပျားယဥ်ကျေးမှု” (ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း သတိရမိတဲ့ မိတ်ဆွေတုတွေ)

ကိုစိုးထိုက် (ဖဒို)

ထိုင်းမင်းသမီး တန်မိုရဲ့ ပုံတွေကြည့်ရင်း မိတ်ဆွေတုတွေအကြောင်း ကျွန်တော်ရေးထားတဲ့ “လူနှင့် ပျားယဥ်ကျေးမှု” ဆိုတဲ့ စာလေး ပြန်သတိရမိပါတယ်။