ရပ်ကွက်ထဲ စည်ပင်ဝန်ထမ်းကို လာဖမ်းတဲ့အချိန် မမိလို့ အမေ၊ မိန်းမ နဲ့ ကလေးကို ဖမ်းလာတယ်လို့ ကျွန်မပြောပြတဲ့ ကလေးလေးပါ။
အဖွားနဲ့အမေလုပ်သူက ဆန္ဒမပြ နိုင်ငံရေး မလုပ်ပါဘူး လို့ ငြင်းသမျှ … အဲ့ကလေးရှေ့ ” စစ်အာဏာရှင် “ လို့ ပြောလိုက် သူက ” အလိုမရှိ” လို့ နောက်က ပါပြီးသား ။
သူ့အမေ အမြဲပြောတဲ့စကားရှိတယ် ငါတို့က သူ့ကြောင့် အဖမ်းခံလာရတာပါဟယ် တဲ့။
အပြင်မှာ ပြေးလွှားကစားနေရမယ့် အရွယ်လေးဟာ ထောင်တွင်းမှာ လူပေါင်းစုံကြား အတတ်ပေါင်းစုံလည်း တတ်ပြီး အမေနဲ့အဖွားကို အရွယ်နဲ့မမျှ သိတတ်လွန်းတဲ့ ကလေးလေး ။
အချိန်တွေကြာ နေသားကျလာတော့ ထောင်ရဲ့အသုံးအနှုံးတွေနဲ့ ဓလေ့တွေကို သိလာတယ်။
အခန်းဖွင့် ပိတ် ချိန်တွေ လူစစ်ဖို့ ပုံစံထိုင်ခိုင်းတဲ့အခါ တန်းစီးက ” ရှေ့ကြည့် “ လို့ အော်လိုက်ရင် ကျွန်မတို့က မင်္ဂလာပါ လို့ ပြောရတယ်။
လူစစ်ပြီးရင် ပုံမှန်ပြန်နေဖို့ ” အေးစေ” လို့ မပြောမချင်း ပုံစံထိုင်ကြရတယ်။
ထောင်ထဲနေသားကျ ကြီးပြင်းလာရတဲ့ကလေးက တန်းစီး လို အော်တတ်ပြောတတ်တယ်။
ရနွေး ထမင်းပေးတဲ့အချိန် ” နောက်ဆုံးအသုတ်” ဆိုတာက အစ သူအော်တတ်နေပြီ။
ကျွန်မတို့က ” ငါတို့ရဲ့ အရိုးနဲ့ အသွေးအသားတို့သည် “လို့ စလိုက် “အာဏာရှင် ကျဆုံးဖို့ဖြစ်ရမည် “က စလို့ တပုဒ်လုံး သူဆိုပြီ ။
ထောင်ဝန်ထမ်းတွေကြားလို့ ဘယ်သူလဲဟေ့ သီချင်းဆိုတာ လို့ မေးရင် ကျွန်မတို့က သူ ..သူ လို့ လက်ညှိုးဝိုင်းထိုးကြတယ်။
ခံရတာများလာတော့ သူကပြန်ပြီး ထောင်ဝန်ထမ်းမြင်တာနဲ့ သူက အရင် သူ ..သူ ဆိုပြီး တိုင်တော့တာ။
ချစ်လို့ပေးသမျှမုန့်တွေကို အမေနဲ့အဖွားအတွက် အကုန်သယ်ပြီး ပြန်ပေးတဲ့ကလေး။
ကလေးသိပ်မချစ်တတ်တဲ့ ကျွန်မအတွက်တော့ ရန်ဖြစ်ဖော် ဆော့ဖော်ပါပဲ။
ကြက်ပက်(စပ) လို့ မပီကလာနဲ့ဆဲတဲ့ အသံလေး ကြားချင်ကြလို့ ဝိုင်းစကြနဲ့။
ကျွန်မတို့ အားလုံးရဲ့ ဆည်းလည်းလေး ပါပဲ။
သူချစ်တဲ့ ခင်တဲ့သူတွေ ပြန်လွတ်တဲ့အခါ ချော့မရ ခြောက်မရနဲ့ ငိုတာပဲ။
တခါတလေ သူ့အင်္ကျီထုပ်လေး ဆွဲလာပြီး သူ့အင်္ကျီတွေ ဝေတော့တာပဲ .. ဘာလို့ပေးတာလဲလို့ မေးရင် အိမ်ကျန်မို့ (အိမ်ပြန်)လို့ မပီကလာလေးနဲ့ ပြောပြီး ထောင်ဝန်ထမ်းတွေဆီ သွားပြီး ရှာဖွေရေး လုပ်ခိုင်းတော့တာပါပဲ ။
အဲ့ဒီအချိန်က ကျွန်မတို့အတွက် သူ့ကြောင့် မျက်ရည်ကျရတဲ့ တခုထဲသော အချိန်ပါပဲ။
လူကြီးတွေ စသမျှ လူငယ်တွေ လုပ်ခိုင်းသမျှ ဆဲဆဲဆိုဆို ငိုငို ရယ်ရယ်နဲ့ ကလေးလေး။
တခါတလေ ကျွန်မတို့ စလို့ အမေက စိတ်မကောင်းဖြစ်နေချိန်နဲ့ ကြုံတဲ့အခါ အမေ ရိုက်တာခံရသေးတာ ……
တနှစ်ကျော်လာပြီ ကလေးရေ ……။
ကလေးဘဝလေးမှာ အမြန်ဆုံး လွတ်လပ်စွာ ပျော်ရွှင်ဆော့ကစားနိုင်ပါစေ ….. ။
credit#
Unicode
credit#