ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ခွန်ကဲန်ခရိုင်၊ ခွန်ကဲန်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားတဲ့ မင်္ဂလာဆောင်ပွဲတစ်ခုမှာ သတို့သမီးဘက်က သတို့သားကို ဘတ်ငွေ ၁၂ သန်းကျော်တန်ဖိုးရှိ ရွှေငွေရတနာ၊
အိမ်ခြံမြေ၊ မော်တော်ကားစတဲ့ အဆောင်ယောင်မျိုးစုံနဲ့ တင်တောင်းခဲ့လို့ လူမှုကွန်ရက်မှာ ဟိုးလေးတကြော်ဖြစ်သွားခဲ့ပါတယ်။ (ဘတ်ငွေ ၁၂ သန်း = မြန်မာငွေ သိန်း ၆,၃၀၀ ကျော်)
ထိုင်းထုံးစံမှာ အမျိုးသားဘက်က အမျိုးသမီးကိုသာ တင်တောင်းလေ့ရှိပြီး အခုတော့ ရိုးရာဓလေ့ကို ဆန့်ကျင်ပြီးတော့ မိန်းကလေးဘက်က ရဲရဲဝံ့ဝံ့ တောင်းရမ်းလက်ထပ်ယူတာကြောင့် အများစုက အံ့ဩနေကြပေမဲ့ အမျိုးသားတွေကတော့ သတို့သားကို အားကျနေကြပါတယ်။
ဒါဟာ ခေတ်သစ် အချစ်ပုံစံသစ်ဖြစ်ကြောင်း၊ သတို့သားနဲ့ သတို့သမီးတို့ဟာ ၈ နှစ်ကျော် ရည်းစားဖြစ်လာခဲ့ပြီး စီးပွါးရေးလည်း အတူလုပ်ကိုင်ရှာဖွေခဲ့ကြောင်း ၊ မင်္ဂလာဆောင်ဖို့ကိစ္စ တိုင်ပင်ထားတာကြပြီဖြစ်ပေမဲ့
သတို့သားဘက်က အချိန်ဆွဲနေလို့ နှစ်ဘက်မိဘတွေနဲ့ တိုင်ပင်ပြီး ခုလိုမိန်းကလေးဘက်က တင်တောင်းရတာလို့ အသက် ၃၃ နှစ်ရွယ် သတို့သမီး ဖစ်ချယားဘိုင်လျူက ပြောပါတယ်။
“လက်ထပ်ဖို့ပြောထားပြီးပြီ၊ သူ့ဘက်က တခါမှလည်းလာမတောင်းဘူး၊ အဲ့ဒါကြောင့် တင်တောင်းမယ်လို့ ဆုံးဖြတ်လိုက်တာ။ သူငယ်ချင်းတွေကလည်း တယောက်မှမစွံသေးဘူး ။ တို့လည်း မစောင့်ချင်တော့ဘူး၊ မစောင့်နိုင်တော့ဘူး ၊ ဒါကြောင့် ဒီလိုဘဲတင်တောင်းလိုက်ရ တာပေါ့ရှင့်။” လို့ သတို့သမီးကပြောပါတယ်။
သတို့သမီးနဲ့ အသက်ချင်းရွယ်တူဖြစ်တဲ့ သတို့သား နိုင်းနစ်ကိဖာနုဖုန်း ဆိုသူကလည်း “ကျနော်တို့လက်ထပ်ဖို့ တိုင်ပင်ထားတာတော့ကြာပါပြီ။ သူကအခုလို ရုတ်တရက်မြန်မြန်ကြီးလာ တင်တောင်းမယ်လို့မထင်ဘူးလေ ဘယ်လိုပြောမလဲ ဝမ်းသာလုံးဆို့တာပေါ့။ လုပ်လိုက်လေ ကြာသလားပေါ့ ၊ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။” လို့ ပြောပါတယ်။
သတို့သမီးဘက်က သတို့သားကို တင်တောင်းတဲ့ထဲမှာ ငွေသားချည်း ဘတ် ၂ သန်း၊ တန်ဖိုး ၅ သိန်းခန့်ရှိ စိန်ရွှေလက်ဝတ်ရတနာတွေ၊ တန်ဖိုး ၅ သိန်းရှိ မြေဂရံ၊ ဘတ် ၂ သန်း ၈ သိန်း တန်ဖိုးရှိ BMW ဇိမ်ခံကား ၁ စီး နဲ့ အိမ်ရာတခုမှာ ခြံဝင်းပါ တိုက်တစ်လုံးတို့ပါဝင်ပါတယ်။ (၁ ဘတ်ကို မြန်မာငွေ ၅၃ ကျပ် နှုန်းနဲ့ တွက်သာကြည့်ကြပါ)
အခမ်းအနားမှာ သတို့သမီးဘက်က မင်္ဂလာပန်းကလပ်ကိုင်ပြီး ဆွေမျိုးစုံရာနဲ့ စီတန်းလှည့်လည် ညာသံပေးပြီး လာရောက်တာနဲ့ သတို့သားကိုတွေ့ခွင့်ရဖို့ ရွှေကြိုးငွေကြိုး အထပ်ထပ်ကို ကျော်ဖြတ်ဝင်ရောက်တာ စတဲ့အစီအစဉ်အားလုံးကိုတော့ ထိုင်းရိုးရာအစဉ်အလာအတိုင်း အဆင့်ဆင့်ကျင်းပသွားပါတယ်။ (ဒီဗွီဘီ)
crd