မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ ရုတ်တစ်ရက် လှူလိုက်တဲ့
ဖိနပ်တစ်ရံအလှူကြောင့် သေပြီးနောက် ငရဲကနေလွတ်ပြီး
သေရွာမှပြန်လာသူ တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။
ကုသိုလ်ရဲ့ အကျိုးသက်ရောက်မှုကို စေတနာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကျွန်တော့်နားမှာပေါ့ ဆရာဝန်တွေ ပျာယာခတ်နေကြပါတယ်။
ကျွန်တော့်ခန္ဓာကိုယ်ကိုလည်း စက်ကိရိယာ အမျိုးမျိုးနဲ့ဖိကြ နှိပ်ကြပေမဲ့ လုံးဝ နာကျဉ်ခြင်း မရှိပါဘူး။
ပကတိ လွတ်လပ်ပေါ့ပါးခြင်း အရသာလိုအေးချမ်းလိုက်တာ။
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျွန်တော့်ရုပ် ခန္ဓာကို တစ်ချက်စိုက်ကြည့်လိုက်ပြီးအခန်းအပြင်ဘက်ကို ထွက်လိုက်တော့…
ဟင်…ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်သားလေး စိုးရိမ်ပူပန်မှုတွေ သောကတွေ အပြည့်နဲ့ပါလား
မျက်ရည်တွေစီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကို သွားမလို့ ခြေလှမ်းလိုက် ချိန်မှာအလွန်ကြီးမားတဲ့ အင်အားတစ်ခုက ဆွဲယူလိုက်သလို
ကျွန်တော့်ခန္ဓာကိုယ်ဟာ ပြတင်းပေါက်ကနေ တဆင့်လမ်းမကြီး တစ်ခုပေါ်ကိုရောက်သွားပါတယ်။
ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ ကျွန်တော့်ရှေ့က သွားနေကြတဲ့ လူတစ်အုပ်။ ကလေးလူကြီး အရွယ်စုံလူမျိုးစုံ သူတို့အားလုံးဟာ တစ်နေရာကို ရှေ့ရှုပြီး
ခပ်သုတ်သုတ်သွားနေကြတဲ့ အတွက်နောက် ကနေအမီလိုက်ပြီး သူတို့နဲ့အတူ ကျွန်တော်ပါလိုက်သွားခဲ့ပါတယ်။
တအောင့်လောက်အကြာမှာတော..
ပြေးကြဟေ့…ပြေးကြဆိုတဲ့ ကြောက်လန့်တကြား အော်ဟစ်လိုက်တဲ့ အသံနဲ့ အတူ ဝရုန်းသုန်းကား ပြေးကြ လွှားကြတာနဲ့ ကျွန်တော်ပါ ရောပြီး ပြေးမိပါတယ်။
ဘာဖြစ်လို့ပါလိမ့်လို့ နောက်ကို ရုတ်တရက်လှည့်ကြည့်လိုက်တဲ့အခါ…
ဘုရားရှေ့က ခြေင်္သ့ကြီးတွေနီးပါးရှိတဲ့ ခွေးနက်ကြီးတွေဟာ နောက် ကလိုက်လာရင်း မှီရာလူကိုအစွယ်ဖွေးဖွေးကြီးတွေနဲ့ ကိုက်ခဲဝါးမြိုနေကြပြီး
ကိုက်ခဲခံရတဲ့သူတွေဟာ…သွေးသံရဲရဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့ မြင်ကွင်းကိုသွေးပျက်ဖွယ်ရာ မြင်တွေ့လိုက်ရပါတယ်။
အောင်မလေး…ဘုရား…ဘုရား…
ကျွန်တော်လည်း ရှေ့ကပြေးနေတဲ့လူတွေလို အသက်လုပြေးရင်း လဲကျကျန်ခဲ့သူတွေရဲ့ ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရပေမယ့် လှည့်မကြည့်အားပဲ ဆက်ပြေးနေရာက
ရှေ့ကလူတွေဟာ…ခွေးကြီးတွေလက်က လွတ်အောင် အငွေ့တထောင်းထောင်းထပြီး ဆူပွက်နေတဲ့ ရေကန်ကြီးတစ်ကန်ထဲကို တဝုန်းဝုန်းနဲ့ ခုန်ချနေကြပါတယ်။
ကျွန်တော်လည်း သူတို့နဲ့အတူ ရေကန်ကြီးထဲကို ဝုန်းကနဲ ခုန်ချလိုက် တဲ့အခါ…
ရေနဲ့မထိခင်ကျွန်တော့်ကိုယ်ကို ပိန်းကောမလောက်ကြီးတဲ့ဖိနပ်ကြီးတစ်ဖက်ရုတ်တရက်ပေါ်လာပြီး ထိုးခံလိုက်တာကြောင့်ဖိနပ်ကြီးပေါ်ကို အလျားမှောက် ကျသွားပါတယ်။
ရေထဲခုန်ချသွားသူတွေဟာ…ကယ်ပါယူပါ တစာစာအော်ဟစ်ရင်း ကမ်းပေါ်ကို အလုအယက် ပြန်တက်ပြေးတဲ့အခါမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ဧရာမလူကြီးတွေဟာ…
လှံစွပ်တွေနဲ့ တစွပ်စွပ်ပြန် ထိုးချနေတဲ့အတွက်တစ်ချို့လည်း နောက်ပြန်ပြုတ်ကျရင်းရေထဲကို စုန်းစုန်းမြုပ်ကုန်ကြပါတယ်။
ကြောက်လန့်တကြား ကူးနေတဲ့ လူတွေဟာလည်း အသားတွေ အလွှားလိုက် ကွာကျမျက်လုံးတွေတဖောင်းဖောင်း ပေါက်ထွက်ကုန်ရင်းနစ်မြုပ်ကုန်ကြပါတယ်။
ကျွန်တော်ဟာ ကြောက်လွန်းလို့ အသားတွေ တဆတ်ဆတ်တုန်နေသလို ပွက်ပွက်ဆူနေတဲ့ ရေထဲ ပြုတ်မကျအောင်ဖိနပ်သဲကြိုးကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့ အချိန်မှာ
ဖိနပ်ကြီးဟာ ရေထဲကို တအိအိနဲ့နစ်လာပါတယ်။
ကျွန်တော် သေရတော့မှာလားဆိုတဲ့ အသိတစ်ချက် ဝင်လာတဲ့အချိန်မှာ ဘုရားကိုရုတ်တရက်သတိရလာပြီး ဘုရား…ဘုရား…ကယ်တော်မူပါ။
တပည့်တော်…လူမှန်းသိစကတည်းက အရက် သေစာ လုံးဝ မသောက်ခဲ့ပါဘုရား။
တပည့်တော်ကို ကယ်တော်မူပါဘုရားလို့ကြောက်လွန်းလို့ အသံတွေတုန်ပြီး နှုတ်ကနေ တတွတ်တွတ် ရွတ် ဆိုနေမိပါတော့တယ်။
ဖိနပ်ကြီး တအိအိနစ်မြုပ်ပြီး ကျွန်တော့်ကိုယ်နဲ့ ရေနဲ့မထိခင်လေးမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ရုတ်တရက်ဆွဲယူလိုက်ပြီး ပြန် သွားလို့ ပြောပြီးတွန်းလွှတ်လိုက်တာကြောင့်
ကုတင်ပေါ်မှာရှိတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို မှောက်လျက်သား ကျသွားခဲ့ပါတော့တယ်။ ကျွန်တော် သံ ချောင်း ကံကောင်းလို့ မသေခဲ့ပါ။
သေရွာပြန်ကျွန်တော့်အဖြစ်ကို တစ်ရွာလုံးသာမက ကျွန်တော်ကိုယ် တိုင်လည်း အံ့သြနေမိပါတယ်။
ပိန်းကောမဖိနပ်ကြီး…ကျွန်တော့်ကို ကယ်တင်လိုက်တဲ့ ပိန်းကောမဖိနပ်ကြီး။
အင်း…ဒီဖိနပ်ကြီး ကျွန်တော့်ကို ဘာဖြစ်လို့ ကယ်လိုက်ပါလိမ့်လို့ အခါခါပြန်စဉ်းစားရင်း အဖြစ် အပျက်တစ်ခုကို ကျွန်တော့်မျက်လုံးထဲမှာ ပြန်လည်မြင်ယောင်လာပါတော့တယ်။
အဲဒီနေ့က…ရန်ကုန်တစ်ဖက်ကမ်းကနေ အပြန်သင်္ဘောဆိပ်မှာ ကျွန်တော့်ရှေ့က သွားနေတဲ့ ရဟန်းအိုကြီးတစ်ပါး။
သူစီးထားတဲ့ဖိနပ် ရုတ်တရက် ပြတ်သွားတာမြင်လို့ အမြင်မတော်တာနဲ့ သွပ်နန်းကြိုးလေးရှာပြီး ဆက်ပေးလိုက်ပါတယ်။
ထော့နဲ့ထော့နဲ့ သွားနေတာကို စိတ်မ ကောင်းဖြစ်မိလို့ ရပ်တော်မူပါဦးဘုရားလို့ လျှောက်ထားပြီး
ရဟန်းအိုကြီးအတွက် ကတ္တီပါဖိနပ်တစ်ရံ အပြေးအလွှားသွားဝယ်ပြီးလှူဒါန်းလိုက်ပါတယ်။ ကျွန်တော့်မှာ လမ်းစရိတ်သာ ကျန်တော့ပေမယ့်
ကျွန်တော်လှူလိုက်တဲ့ဖိနပ်ကို စီးပြီးတင့်တယ်စွာ ကြွလှမ်းသွားတဲ့ ရဟန်းကြီးကို ကြည့်ပြီး ကျွန်တော် ပီတိဖြစ်လိုက်တာလေ…
အခုတော့…ကျွန်တော်ဟာ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သိပ်ကြောက်လွန်းလို့ ခုဆို ငါးပါး သီလကိုလုံခြုံအောင် ထိန်းနိုင်ခဲ့ပါပြီ။
ကျွန် တော့်သားလေး အရွယ်ရောက်လာတဲ့အချိန်မှာ ရဟန်း ဘောင်ကို အပြီးတိုင် တက်ဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ။
မထင်မှတ်ပဲ ပြုခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကောင်းမှုကုသိုလ်ကို အမျှ အမျှ အမျှ ပေးဝေပါတယ်။ ကျွန်တော်နဲ့ ထပ်တူထပ်မျှ ကုသိုလ် ရကြပါစေ…သာဓု ခေါ်ဆိုပေးကြပါ ခင်ဗျာ…
ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးလည်း ရုတ်တရက်လှူလိုက်တဲ့ ဖိနပ်တစ်ရံရဲ့ ကုသိုလ်အကျိုးပေးပုံကို သိရှိပြီးကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။
ဖတ်ရှု့အားပေးတဲ့ ပရိသတ်တွေအားလုံး သာယာသောနေ့ လေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
တစ်ဆင့်ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါတယ်။