ဗဟုသုတ

” ကြက်ဥ နဲ့ ကြက်မ ဘယ်ဟာ အရင်စဖြစ်သလဲ . . သိပ္ပံနည်းကျ လေ့လာခြင်း”

Theropodsဒိုင်နိုဆောတွေဆီကနေဆင်းသက်လာတဲ့ ကြက်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅သောင်း၈ထောင်ခန့်က ကမ္ဘာပေါ်မှာစတင်ပေါ်ပေါက်လာခဲ့ပြီး ကြက်တွေစတင်ပေါ်ပေါက်ခဲ့ရာကာလနဲ့ ဝေးကွာလာတဲ့ယနေ့ခေတ်နဲ့ နောက်ပိုင်းရာစုနှစ်တွေမှာတော့ ကြက်ဥနဲ့ကြက်မမှာ ဘယ်ဟာကအရင်စဖြစ်လဲဆိုတဲ့ကိစ္စက ငြင်းခုန်စရာတစ်ခုဖြစ်လာပါတယ်။

တချို့ကလည်း အဖြေရှာမတွေ့တော့ချိန်မှာ ထုံးစံအတိုင်း လွှဲချစရာအချို့ဆီကိုပဲ လွှဲချလိုက်ကြပါတော့တယ်။ ဒါကြောင့် ကြက်ဥနဲ့ကြက်မမှာ ဘယ်သူအရင်စဖြစ်လဲဆိုတဲ့အကြောင်းအရာကို နည်းနည်းလောက်ဆွေးနွေးကြည့်ချင်ပါတယ်။

ကမ္ဘာပေါ်ကသက်ရှိတွေအားလုံးဟာ ဆဲလ်တစ်လုံးသာပါတဲ့ ရိုးရှင်းတဲ့သက်ရှိတွေဘဝကနေ အခုလို ရှုပ်ထွေးတဲ့သက်ရှိတွေအဖြစ် ဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့ကြတယ်ဆိုတာကိုတော့ အားလုံးသိပြီးသားပါ။ ဒီလိုနဲ့ တိရိစ္ဆာန်တွေဖြစ်ပေါ်လာပြီးနောက်ပိုင်း ဥအမျိုးမျိုးလည်း ပေါ်ပေါက်လာပါတယ်။ ဥဆိုတာဟာ အမှေးပါးဝန်းရံထားတဲ့ သန္ဓေသားနေထိုင်ရာအရည်အိတ်တစ်အိတ်ဖြစ်ပြီး မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်လောက်အောင် ကြီးထွားသန်မာလာတဲ့အထိ သန္ဓေသားက ဒီအရည်အိတ်ထဲမှာ နေထိုင်ရပါတယ်။

ယခင်က ငှက်တွေဟာ မျိုးပွားဖို့အတွက် ရေကိုအမှီပြုကြရပြီး သူတို့ရဲ့ဥတွေမခြောက်သွေ့သွားစေဖို့ ရေအိုင်တွေနဲ့ စိုစွတ်တဲ့ပတ်ဝန်းကျင်ဒေသတွေမှာသာ ဥချကြရပါတယ်။ ဒီ့နောက်မှာတော့ အမှေးပါးအပို၃ခုပါတဲ့ ဥအမျိုးအစားသစ်တစ်မျိုးပေါ်ထွက်လာခဲ့ပြီး ဒီအပိုအမှေးပါး၃ခုဟာ ပြီးပြည့်စုံတဲ့ ထောက်ပံ့မှုစနစ်တစ်ခုကို ဖန်တီးပေးနိုင်တာကြောင့် ဥရဲ့အပြင်ဘက်မှာ ရေရှိနေဖို့လည်းမလိုအပ်တော့ဘဲ အပေါ်ဆုံးက အခွံမာကလည်း သန္ဓေသားကို ထပ်ဆောင်းအကာအကွယ်ပေးပါတယ်။

🔳 ဒီတော့ ကြက်ဥနဲ့ကြက်မဘယ်သူအရင်စဖြစ်လဲဆိုတဲ့မေးခွန်းရဲ့ ပထမဖြစ်နိုင်ခြေက – ကြက်မဟုတ်တဲ့ ငှက်၂ကောင်မိတ်လိုက်ပြီးနောက်မှာ သူတို့၂ဦးရဲ့DNAတွေပေါင်းစပ်မိသွားပြီး ပထမဆုံးဖြစ်ပေါ်လာတဲ့ဆဲလ်တွေမှာ မျိုးဗီဇသန္ဓေပြောင်းမှုတွေဖြစ်လာကာ ဒီဆဲလ်တွေကနေမှ ထပ်တူညီတဲ့နောက်ထပ်ဆဲလ်တွေအဖြစ်ပြန်ပွားထုတ်ရာကနေ ပထမဆုံးကြက်တစ်ကောင်အဖြစ်ကို ရောက်ရှိသွားခဲ့တာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပထမဖြစ်နိုင်ခြေအနေနဲ့ ကြက်မဟုတ်တဲ့ငှက်တစ်ကောင်ကနေ ကြက်ဥတစ်လုံးကို ဥထုတ်ပေးခဲ့တာမျိုးဖြစ်နိုင်ပါတယ်။

🔳 ဒုတိယဖြစ်နိုင်ခြေအနေနဲ့ – ကြက်ဥရဲ့အပြင်ခွံဖြစ်လာဖို့အတွက် ကလ်ဆီယမ်တွေဟာ ကလ်ဆီယမ်ကာဗွန်နိတ်ဒြပ်ပေါင်းအဖြစ် အနယ်ကျဖို့လိုအပ်ပြီး ဒီဖြစ်စဉ်ဖြစ်လာဖို့အတွက် ovocleidin-17လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးပေါ်ကို မှီခိုနေရတယ်။ ဒီပရိုတင်းကို ကြက်မရဲ့ သားဥအိမ်ထဲမှာသာတွေ့ရတာကြောင့် ကြက်ဥက ကြက်မထက်အရင်ဖြစ်လာဖို့ကလည်း မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒီဖြစ်နိုင်ခြေ၂ခုမှာ ဘယ်ဟာက တကယ်ဖြစ်နိုင်တယ်ဆိုတာ ဆက်ဆွေးနွေးကြည့်ရအောင်ပါ။

🔳 ပထမအချက်မှာပြောခဲ့တာက ကြက်မဟုတ်တဲ့ငှက်တစ်ကောင်ကနေ ကြက်ဥဥတယ်ဆိုတဲ့သဘောဖြစ်နေပါတယ်။ ကြက်မဟုတ်တဲ့ငှက်တစ်ကောင်ကနေ ရုတ်တရက်ကြက်ဥဥလာတယ်ဆိုတာ တကယ်တော့လုံးဝမဖြစ်နိုင်ပါဘူး။ ဒုတိယဖြစ်နိုင်ခြေမှာတော့ ကြက်မက ကြက်ဥထက်အရင်ဖြစ်တယ်ဆိုတာက ဆင့်ကဲဖြစ်စဉ်အရလည်း ယုတ္တိရှိနေတဲ့သဘောဖြစ်နေပါတယ်။ ဒါပေမယ့် ပထမဖြစ်နိုင်ခြေကို ဒုတိယဖြစ်နိုင်ခြေနဲ့အတူညှိနှိုင်းပေးပြီး ဖြစ်နိုင်ခြေတစ်ခုတည်းကို တွေးလို့ရပါသေးတယ်။

ပထမအချက်မှာပြောထားသလို ကြက်မဟုတ်တဲ့ငှက်တစ်ကောင်ကနေ ကြက်ဥ ဥချဖို့ဆိုတာကမဖြစ်နိုင်ပေမယ့် ဒီဥကနေမွေးလာတဲ့ငှက်ရဲ့ဆဲလ်အချို့က ဗီဇသန္ဓေပြောင်းနေပြီး အဆိုပါသန္ဓေပြောင်းဆဲလ်တွေက အချိန်နဲ့အမျှ ပုံတူပွားလာရင်းကနေ သူ့ရဲ့ရှိရင်းစွဲဆဲလ်တွေအားလုံးနေရာမှာအစားထိုးပြီးသွားတဲ့အခါမှာ ဒီငှက်တစ်ကောင်လုံးဟာ သူ့အဖေအမေနဲ့မတူတော့တဲ့ သီခြားငှက်(ကြက်)တစ်ကောင်ဘဝရောက်လာတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကြက်ဥမဟုတ်တဲ့ဥတစ်ခုကနေမွေးလာတဲ့ ငှက်တစ်ကောင်ဟာ မွေးပြီးခါမှ အခြေအနေအရပ်ရပ်ကြောင့် ဆင်းကဲပြောင်းလဲခြင်းဖြစ်စဉ်အရ မျိုးဗီဇသန္ဓေပြောင်းကာ ကြက်ဘဝကိုရောက်ရှိသွားပြီး ဒီကနေမှ ကြက်ဥအစစ်တွေကို ဥထုတ်ပေးမှာဖြစ်လို့ ဒုတိယအဆိုနဲ့လည်းညီညွတ်သွားပါတယ်။

🔳 ကြက်မရဲ့မျိုးဥအိမ်ထဲက ovocleidin-17ပရိုတင်းသာမရှိရင် ကြက်ဥရယ်လို့လည်း ဖြစ်လာစရာမရှိတာကြောင့် ကြက်ဥထက် ကြက်မကသာအရင်ဖြစ်ခဲ့တာဖြစ်ပြီး လုံးဝကွဲပြားနေတဲ့ငှက်တစ်ကောင်ကနေ ရုတ်တရက်ကြက်ဖြစ်လာတာတော့မဟုတ်ဘဲ ကြားထဲမှာ အဆင့်ပေါင်းများစွာကိုဖြတ်သန်းပြီး ဆင့်ကဲဖြစ်စဉ်ပေါင်းများစွာဖြစ်ပွားပြီးမှသာ ကြက်ဘဝကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်(evolution)ကိုသာ နားလည်လက်ခံနိုင်မယ်ဆိုရင် ကြက်ဥနဲ့ကြက်မပြသနာဟာ အရမ်းလည်းနက်နဲလှတဲ့ပြသနာမျိုး မဟုတ်တော့ပါဘူး။

SOURCE : SCIENCE.ORG

#MyanmarSciencePlatform

𝗶𝗺𝗮𝗴𝗲 𝗰𝗿𝗲𝗱𝗶𝘁 : K.D. Schroeder; CC-BY-SA 3.0