ဗဟုသုတ

“နွေရာသီမှာ ထမင်းမြိန်စေမယ့် မန်ကျည်းရွက် အစိမ်းသုပ် သုပ်နည်း”

ရာသီပူပြင်းလွန်းလို့ အစားအသောက် ပျက်နေသူ‌လေးတွေ၊ အသားငါးဟင်း‌တွေကိုငြီးငွေ့နေသူလေးတွေအတွက် အပူလည်းငြိမ်း၊ အမြင်မှာလည်း စိမ်းစိမ်းစိုစိုလေးနဲ့ စားချင်စဖွယ် မန်ကျည်းရွက်နုလေးတွေကို သုပ်စားကြရအောင်…

မန်ကျည်းရွက်သုပ်(🥗🥗)

ပါဝင်ပစ္စည်းများ

၁။ မန်ကျည်းရွက် – 500 ကျပ်ဖိုးခန့်(တစ်ပန်းကန်စာ)

၂။ ကြက်သွန်နီ – ၂ လုံး

၃။ ငပိစိမ်းစား – လဖက်ရည်ဇွန်း တဝက်ခန့်

၄။ ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း

၅။ မြေပဲလှော်မှုန့် – ထမင်းစားဇွန်း ၂ဇွန်း(ပဲမှုန့်ထည့်ချင်လဲရပါတယ်)

၆။ ဟင်းခပ်မှုန့် – လဖက်ရည်ဇွန်း ၁ဇွန်း

၇။ ငရုတ်သီးစိမ်း – ၃တောင့်

၈။ ခရမ်းချဉ်သီး – ၁လုံး

၉။ နှမ်းလှော် – ထမင်းစားဇွန်း ၁ဇွန်း(မကြိုက်ရင်မထည့်လို့ရပါတယ်)

၁၀။ ဆီကျက်ချက်ရန် ဆီအနည်းငယ်

ပြုလုပ်ပုံ

၁။ မန်ကျည်းရွက်နုလေးတွေကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။

၂။ ကြက်သွန်နီ တစ်လုံးကို ဆီချက်ပါ။ ထို့နောက် ငပိစိမ်းစားကို ကျက်ရုံမီးကင်ထားပါ။

၃။ ကျန်ကြက်သွန်နီတစ်လုံးနဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ ၄။ ရေစစ်ထားသော မန်ကျည်းရွက်ထဲသို့ ပြုလုပ်ထားသောအဆာပလာအားလုံးနဲ့ ငပိစိမ်းစားကိုချေ ဆီချက်ထည့်ပြီး ဖွဖွလေးနယ်ပါ။

၅။ မိမိနှစ်သက်သလို ချဉ်၊ငံ၊စပ် အရသာမြည်းကြည့်ပြီး နှမ်းလှော်နဲ့ ကြက်သွန်ဆီချက်ဖတ်လေးတွေ ဖြူးပါ။

၆။ ခံတွင်းမြိန်စေမယ့် စားချင်စဖွယ် မန်ကျည်းရွက်နုသုပ်လေးရပါပြီရှင်…😋🥗

#creditphoto