တေးရေး- ကမ္ဘာ ပြောပြခဲ့တဲ့ ခဏတာ သီချင်းလေးရဲ့အကြောင်း ”
ခဏတာ သီချင်းရေးဆရာရဲ့ ဇာတ်လမ်းအစ ဒီသီချင်းလေးဖြစ်လာစေတဲ့ ကျွန်တော့်ရဲ့ချစ်သူက တအားကိုချောပါတယ်။
ကိုးရီးယားမင်းသမီးလေးလို့ထင်ရလောက်အောင် မြင်သူတိုင်းငေးရလောက်မတတ်လှသူလေးပါ။
သူနဲ့ကျွန်တော်ကျူရှင်တစ်ခုမှတွေ့ကြတာပါ။ကျွန်တော်တက္ကသိုလ် ဒုတိယနှစ်မှာ သူ့ကိုချစ်တဲ့အကြောင်းဖွင့်ပြောပါတယ်။
တစ်နှစ်လောက်အကြာ တက္ကသိုလ်(တတိယ)နှစ်မှာ သူက ကျွန်တော့်ကိုပြန်ပြီး ချစ်တဲ့အဖြေပေးခဲ့ပါတယ်။

သူ့ရဲ့အဖြေကိုရတဲ့နေ့မှာဘဲ သူ့ဆီကထူးထူးဆန်းဆန်းကိစ္စတစ်ခုလည်းကျွန်တော့်ကိုသူကဖွင့်ပြောခဲ့ပါတယ်။
သူ့မှာချစ်သူရှိနှင့်ပြီးသား၊အဲဒီချစ်သူက ဂျပန်မှာရှိပါတယ်တဲ့၊အဲဒီချစ်သူက သူနဲ့သူ့မိသားစုအတွက် တစ်လကို ၃သိန်းထောက်ပံ့ ပံ့ပိုးနေပါတယ်။
ဒါပေမယ့် ကျွန်တော့်ကိုသနားလို့ သူအဖြေပေးတာပါ။
သူ့ရဲ့အရင်ဇာတ်လမ်းလေးကိုနားလည်ပေးပါလို့ ပြောလာတော့အသံဖမ်းစတူဒီယိုမှာ အသံဖမ်းအင်ဂျင်နီယာခ တစ်လ ၃၀၀၀၀(သုံးသောင်း) ပဲရတဲ့ကျွန်တော့်မှာ ဂျပန်က ချစ်သူလိုမထောက်ပံ့ပေးနိုင်တဲ့ လူမွဲဂစ်တာသမားမို့ ချစ်လွန်းတဲ့စိတ်နဲ့ သူ့ဘက်ကို နားလည်ပေးခဲ့ပါတယ်။
တကယ်ပဲသူ့ကိုကျွန်တော် အရမ်းချစ်ပါတယ်။
ဒါကြောင့် ဂျပန်က သူ့ရည်းစားရှိတာကိုလည်းခွင့်လွှတ်နိုင်ခဲ့ပါတယ်။
ခဏတာသီချင်းရေးဆရာရဲ့ ဇာတ်လမ်းအလယ်
သူနဲ့ကျွန်တော် ရည်းစားသက်တမ်းအရှိန်ရလာတဲ့အချိန်မှာတော့ ကျွန်တော်နဲ့သူ့ရဲ့ချစ်ဇာတ်လမ်းကို ဂျပန်မှာရောက်နေတဲ့ သူ့စပွန်ဆာချစ်သူကသိသွားပါတော့တယ်။
အဲဒီမှာကျွန်တော့်ချစ်သူလည်း ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်။
ဒါကြောင့်သူတို့ဘဝရပ်တည်မှုအတွက် တစ်လတစ်လ ပို့ပေးနေတဲ့ငွေကြေးနဲ့ကျွန်တော့်ကိုလဲလှယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
သူက ကျွန်တော့်ကို သူ့မိသားစုနဲ့ သူ့ဂျပန်ချစ်သူမိသားစုဆုံပြီးစောင့်နေကြတဲ့သူ့အိမ်ကိုလိုက်လာခဲ့ဖို့ခေါ်ပါတယ်။ကျွန်တော်လဲသူ့ဆန္ဒအတိုင်းဖြစ်စေဖို့လိုက်သွားပါတယ်။
သူကကျွန်တော့်ကို မိသားစုအားလုံးရဲ့အလယ်မှာ ဂျပန်ပြည်ကသူ့ရည်းစားဆီဖုန်းဆက်ပြီး စကားပြောဖို့ခေါ်သွားတာပါ။
သူပြောခိုင်းတဲ့စကားက
ကျွန်တော်နဲ့သူနဲ့ဘာမှမပတ်သက်ပါဘူး။
ကျွန်တော်ကသူ့ကိုတမင်သက်သက်လိုက်ပြီး လူတွေအထင်သေးအောင် ရည်းစားဖြစ်နေတယ်လို့ သတင်းလွင့်တာပါလို့ ပြောပေးပါလို့ ဆိုပြီး တာဝန်ပေးပါတယ်။
သူ့မိသားစုတွေရဲ့ရှေ့မှာ တကယ်ဖုန်းပြောတဲ့အချိန် သူ့ကိုချစ်လွန်းတဲ့စိတ်ကြောင့် ကျွန်တော် သူသင်ပေးတဲ့အတိုင်း စိတ်နာနာနဲ့ပြောလိုက်ပါတယ်။
ဂျပန်က သူ့ရည်းစားက ကျွန်တော့်ကိုစိတ်ဆိုးပြီးဖုန်းထဲကဆဲပါတယ်။မင်းကအခြောက်တဲ့။
သူများရည်းစားကို မရလို့နာမည်လိုက်ဖျက်တဲ့ကောင် ဆိုပြီး ပက်ပက်စက်စက်ပြောတာကို နှစ်ဘက်မိဘ အသိုင်းအဝိုင်းကြားမှာ ခေါင်းငုံ့ခံရင်း ကျွန်တော့်ရဲ့လစာ (၃၀၀၀၀) ထဲက (၁၅၀၀၀) သူ့ကိုပေးပြီးသူ့ဘဝအဆင်ပြေဖို့ ကျွန်တော့်ဘဝအပျက်ခံခဲ့ပါတယ်။

အဲဒီနေ့ကစပြီး သူနဲ့ကျွန်တော်ရဲ့ဇာတ်လမ်းပြီးခဲ့ပါတယ်။
ခဏတာသီချင်းရေးဆရာရဲ့ ဇာတ်သိမ်း
ဒီလိုလမ်းခွဲပြီးတစ်လလောက်အကြာ ထမင်းကြော် ဆိုင်တစ်ခုမှာ သူနဲ့ကျွန်တော်ပြန်ဆုံခဲ့ပါတယ်။
အချိန်ကတော့မနက်ပိုင်း။
အဲဒီဆိုင်ကလည်း သူနဲ့ကျွန်တော်ထိုင်နေကြပါ။သူက ကျွန်တော့်ကိုတွေ့တော့ ငိုပါတယ်။
ကျွန်တော်လည်း ကျွန်တော့်ချစ်သူ ကျွန်တော့်အတွက်ဝမ်းနည်းတာကြောင့်၊စိတ်ထဲမှာကျွန်တော့်ကိုချစ်သေးတယ်ဆိုပြီးအရမ်းဝမ်းသာအံ့သြသွားပါတယ်။
သူက ကျွန်တော့်ကိုအခုလိုပြောပါတယ်။ငါတော့ ဝဋ်လည်ပြီ နင်နဲ့ပြတ်ပြီး ငါရည်းစားတစ်ယောက်ထပ်ထားလိုက်သေးတယ်။
အဲဒီကောင်က ငါ့ကွယ်ရာမှာ တစ်ခြားကောင်မလေးတစ်ယောက်နဲ့တွဲနေတာ၊
ငါ့ညီမကတွေ့လိုက်တော့ ငါ့အစားစိတ်ဆိုးပြီး သူ့ကိုဝင်စကားပြောတယ်။
ငါ့ညီမကိုလည်းတွေ့ရော လူမှားနေပြီလို့ပြောပြီးထွက်ပြေးသွားတယ်။
ငါ ဂျပန်ကငါ့ရည်းစားဝဋ်လည်ပြီး သူ့နောက်ကွယ်မှာ နင်နဲ့ရှုပ်မိလို့အခုလိုဖြစ်ရတာဆိုပြီး ပြောပြတော့မှ သူ့မျက်ရည်ဟာ ကျွန်တော့်အတွက်မဟုတ်ဘဲ ဂျပန်ကသူ့ရည်းစားအတွက်ဖြစ်မှန်းသိလိုက်ရတော့ ကျွန်တော့်ဘဝကိုတော်တော်သနားမိပါတယ်။
အဲဒီလိုအသည်းနှလုံးနဲ့မိန်းကလေးကိုမှ ချစ်ခဲ့မိတဲ့ကျွန်တော့်လို လူမိုက်ရဲ့အကြောင်းကြေကွဲစွာရေးမိတဲ့သီချင်းက ခဏတာ သီချင်းလေးပါပဲ။
ပထမဆုံးကဗျာအဖြစ်စရေးတာပါ။သီချင်းအဖြစ်ရေးပြီးချိန် ကျွန်တော်ဂစ်တာနဲ့ဆိုနေတာ ကျွန်တော့်အစ်ကိုတွေကြားလို့အခုလိုယူဆိုဖြစ်တာပါ။
အဲဒီလိုသူ့ရဲ့တကယ့်နောက်ကွယ်က အချစ်ဇာတ်လမ်းလေးကိုပြောပြနေတဲ့ ဂစ်တာသမားလေးကို ကျွန်တော်က ကိုယ်ချင်းစာစိတ်နဲ့ မင်းအခုကော မင်းရည်းစားကို သတိရသေးလားလို့ မေးကြည့်မိတော့ သတိရပါတယ်လို့ဖြေပါတယ်။
သူ့မျက်လုံးတွေကတော့ ခပ်ဝေးဝေးကိုကြည့်ရင်း ရီဝေဝေဖြစ်နေပါတယ်။
အတိတ်ကိုပြန်သတိရနေတာလည်းဖြစ်နိုင်ပါတယ်။
ကျွန်တော်ကသူ့သီချင်းထဲက ကျွန်တော်ကြိုက်တဲ့စာသားလေးအကြောင်းမေးလိုက်မိပါတယ်။
“လက်ခုပ်သံကျယ်ကာမှ ….ငါ့အပြစ်ဖြစ်ရတယ်”
ဆိုတာ မင်းနာမည်ကြီးလို့ ပရိသတ်လက်ခုပ်သံပေးမှုရတော့မှ မင်းကောင်မလေးက မနာလိုတဲ့စိတ်ကြောင့် စွန့်ခွာသွားတာကို ဆိုချင်တာလားလို့မေးလိုက်တော့
သူက ” မဟုတ်ဘူးအစ်ကို ”
ကျွန်တော်ဆိုလိုချင်တာက လက်ခုပ်သံဆိုတာ လက်နှစ်ဘက်နဲ့တီးမှမြည်တာပါ။
သူ့လက်နဲ့ ကျွန်တော့်လက်နှစ်ဘက်ပေါင်းတီးပြီးလက်ခုပ်သံကျယ်ကျယ်ကြားရမှ ဒီကိစ္စဟာကျွန်တော်တစ်ယောက်တည်းလုပ်တာပါ။
သူ့ဘက်ကလုံးဝမပါပါဘူး။ဖြစ်ခဲ့သမျှကိစ္စတွေဟာ သူနဲ့ဘာမှမဆိုင်ပါဘူးလို့ ကျွန်တော့်အပေါ် အပြစ်ပုံချတဲ့ချစ်သူအတွက် ကျွန်ေတာ်ရည်ရွယ်ပြီးရေးသားထားတာပါလို့၊
သူ့ရဲ့အဓိပ္ပါယ်ကို တိုးတိုးညင်သာစွာပြောပြတဲ့ သီချင်းရေးဆရာဂစ်တာသမားလေး ကမ္ဘာကို မလေးစားဘဲမနေနိုင်တော့ပါဘူး။
အနုပညာသမားတွေရဲ့ဘဝဟာ တကယ်တော့ ပရိသတ်ချစ်တဲ့သီချင်းတွေနားထောင်ရဖို့ ကိုယ့်ဘဝနဲ့ရင်းပြီး အပင်ပန်းခံ၊အဆင်းရဲခံ၊#မိန်းကလေးတွေရဲ့လှည့်စားမှုမာယာတွေကိုဝမ်းသာအားရရယူပြီးမှ သီချင်းလေးတစ်ပုဒ်နဲ့ တစ်ဘဝလုံးလဲလိုက်ရတဲ့သီချင်းရေးဆရာတွေ၊ဂီတသမားတွေရဲ့အဖြစ်မှန်ကိုသီချင်းချစ်သူပရိသတ်တွေသိနိုင်ဖို့ သူ့ကိုသိလိုသမျှတွေမေးပြီးချိန်မှာ သူ့ချစ်သူကောင်မလေးရဲ့နောက်ဆုံးအခြေအနေကိုမေးဖြစ်ခဲ့ပါတယ်။သူကဒီလိုပြောပါတယ်။
ခဏတာသီချင်းရေးဆရာရဲ့ နိဂုံး
ကျွန်တော့်ချစ်သူဟာ အခုအိမ်ထောင်ကျသွားပါပြီ။သူတစ်ချိန်လုံးအနိုင်ယူခဲ့တဲ့ကျွန်တော်လည်းသူ့ခင်ပွန်းမဟုတ်၊
ဂျပန်ကလစဥ်ထောက်ပံ့တဲ့သူ့ရည်းစားနဲ့လဲမယူဖြစ်ဘဲ
ရန်ကုန်က ကုမ္ပဏီ ပိုင်ရှင်တစ်ယောက်ရဲ့သားနဲ့ယူလိုက်ပြီး ခလေးတစ်ယောက်တောင်ရနေပါပြီ။
သူနဲ့ကျွန်တော် မကြာသေးခင်က BAK Shopping Center မှာတွေ့ဖြစ်လိုက်ပါတယ်။သူကတော့ လှနေတုန်းပါပဲ။
ကျွန်တော့်ကိုရုတ်တရက်တွေ့လိုက်တော့ အံ့သြသွားပုံရပါတယ်။
ကျွန်တော်ကလည်း အမှတ်မရှိသေးဘဲစကားပြောလိုက်ပါသေးတယ်။ နင်ဘာတွေလုပ်နေလဲ လို့ သူကတော့ တစ်သက်လုံးနိုင်နေကျကျွန်တော့်ကို ဖုတ်လေတဲ့ငါးပိရှိနေတဲ့ပုံစံတောင်မှမပြဘဲ ငါလင်ယူသားမွေး လုပ်နေတယ်လို့ခပ်မာမာပြန်ဖြေပြီးသူသွားစရာရှိတဲ့နေရာကို ခပ်တည်တည်၊ဘာခံစားမှုမှမရှိတော့တဲ့ပုံစံနဲ့ကျောခိုင်းပြီး
ထွက်သွားတာကိုနောက်ဆုံးတွေ့လိုက်ရပါတယ်။
သီချင်းလေးာကည့်ရှုရန်
ကဲ….စာဖတ်ပရိသတ်ကြီးလည်းအခုလောက်ဆိုရက်စက်တတ်တဲ့မိန်းကလေးတစ်ယောက်ကြောင့် ခံစားမှုတွေလက်ဆောင်ရသွားတဲ့ ဂစ်တာသမားလေးရဲ့ ခဏတာ သီချင်းလေးနောက်ကွယ်က တကယ့်အချစ်ဇာတ်လမ်းလေး သိခဲ့ရပြီမို့ အနုပညာသမားဆိုတာ ဘယ်လိုလူစားတွေလဲဆိုတာ သိချင်ကြသူတွေအတွက် ဒီသီချင်းလေးက သက်သေခံအထောက်အထားပါပဲ။
အရှုံးသမားတွေဟာ အနုပညာသမားတွေပါပဲလို့ ရင်ဖွင့်ပြလိုက်ချင်ပါတော့တယ်။
နားလည်ခံစားပေးနိုင်ကြပါစေ။
နိုင်ဇော် (Lazy Club)
2009 August Hello Journal
ဂီတနယ်ပယ်



