အေထြအေထြဗဟုသုတ

ရောက်လာတော့မယ့် ၁၃၈၄ နှစ်ဆန်းတစ်ရက်နေ့တွင် ပြုလုပ်ရမည့် နှစ်ဦးမင်္ဂလာယတြာ

ရောက်လာတော့မယ့် ၁၃၈၄ နှစ်ဆန်းတစ်ရက်နေ့တွင် ပြုလုပ်ရမည့် နှစ်ဦးမင်္ဂလာယတြာ အား ကြိုတင်စီစဉ်ထားနိုင်စေရန်

မြန်မာလူမျိုးတို့ လွန်စွာချစ်မြတ်နိုးကြသော ပိတောက်ပန်းလေးများ ဝေစည်ဖူးဖွင့်သည့် မြန်မာ့နှစ်ဦးသို့ ကူးပြောင်းတော့မည့်အခါ ကာလရောက်လာပါပြီ။

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်ဦးနှစ်ဆန်းမှသည် နှစ်သစ်ကိုကြိုဆိုကြရတော့မည်ဖြစ်၏။
ဗုဒ္ဓဘုရားရှင်၏ဒေသနာတော်နှင့်အညီ ကာယကံကောင်းမှု၊ ဝစီကံကောင်းမှု၊ မနောကံကောင်းမှုတို့ဖြင့် မေတ္တာ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသောဗြဟ္မစိုရ်တရား (၄) ပါးကို ပွားများ၍ ဒါန၊ သီလ၊ ဘာဝနာအစရှိသော တရားများကို ပွားထုံကြရင်း ရှောင်သင့် တာကိုရှောင်၍ ဆောင်သင့်တာကို ဆောင်ကြရပေတော့မည်။

ကျွန်ုပ်တို့သည်-

သိလျက်နှင့်ကောင်းမှုမကောင်းမှု ပြုခဲ့သည်ဖြစ်စေ-

မသိခဲ့၍ ကောင်းမှု မကောင်းမှုပြုခဲ့သည်ဖြစ်စေ-

သိခြင်းနှင့် မသိခြင်းကြားတွင် အကြောင်းမညီညွတ်၍ ကောင်းမှု မကောင်းမှုပြုခဲ့သည်ဖြစ်စေ၊ အမြင်ဟောင်း၊ အထင်ဟောင်း၊ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်း၊ အကြံအစည်ဟောင်း၊ ကံကြွင်းကံဟောင်းများ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့နှင့်ပြည့်နှက်ထုံမွှန်းလာခဲ့ရသော စိတ်ထားဟောင်းများကို နှစ်ဟောင်းနှင့်အတူ ထားရစ်ခဲ့ရတော့မည်ဖြစ်၏။

ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး မည်သူ့ကိုမဆို အားပေးခြင်း၊ ကူညီခြင်း၊ မေတ္တာထားခြင်း၊ ချီးကျုးခြင်း စသည့် အများအကျိုးကိုဆောင်သော အကောင်းမြင်သောစိတ်၊ အပြုသဘောဆောင်သောစိတ်များဖြင့် နှစ်သစ် မင်္ဂလာရက်မြတ်များကို စတင်ကြရတော့မည်လည်းဖြစ်၏။
နှစ်ဦးနှစ်ဆန်းမှစတင်၍ ကောင်းကံများကိုတည်ဆောက်ပွားများကြရပေတော့မည်။

မကောင်းမှုကို ပယ်ဖျက်တတ်သောသဘောသည် မင်္ဂလာမည်သကဲ့သို့ ကြီးပွားချမ်းသာစေခြင်း၏ အကြောင်းအရင်းကို ဖြစ်စေသောသဘောသည်လည်း မင်္ဂလာမည်ပေရာ-

ကျွန်ုပ်တို့သူရဇ္ဇမိသားစုသည်-

ပူဇာစပူဇနေယျာနံတည်းဟူသော ပူဇော်ထိုက်သူတို့ကိုပူဇော်ခြင်းနှင့် ဂါရဝေါစ နိဝါတောစ တည်းဟူသော မိမိ ကိုယ်ကို မာန်မာနကင်းစွာဖြင့် နှိမ့်ချရိုကျိုးပြီး ရိုသေထိုက်သူတို့ကို ရိုသေခြင်းတည်းဟူသောမင်္ဂလာနှင့် ဦးစွာဂါရဝပြု လိုက်ပြီးသကာလ-

မည်သူ့ကိုမဆိုဆန့်ကျင်မှုကင်းစွာဖြင့်…

ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား ကံဆိုး၊ ကြမ္မာဆိုး၊ ဂြိုဟ်စီးဂြိုဟ်နင်းဆိုး၊ မကောင်းသောရောဂါဆိုးအမျိုးမျိုးတို့လွတ်မြောက်စေအံ့သောငှာ နှစ်ဦးမင်္ဂလာယတြာကုသိုလ်များဖြင့် ပါရမီဖြည့်လိုက်ရပေတော့အံ့။

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် (၁) ရက်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၆) ရက်၊ စနေနေ့ မြန်မာစံတော်ချိန် ညနေ (၄) နာရီ (၄) မိနစ် (၁၃) စက္ကန့်တွင် မဟာသင်္ကြန်တက်ပြီး ၁၃၈၄ ခုနှစ်သို့ပြောင်း၏။

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလဆုတ် (၂) ရက်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက် တနင်္ဂနွေနေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါသည်။

ထို့ကြောင့် နှစ်ဆန်းတစ်ရက်နေ့ နံနက်မှစ၍ နှစ်ဦးမင်္ဂလာခေါင်းလျှော် ခေါင်းဆေးယတြာကြီးများ စတင်ကြရတော့မည်ဖြစ်ပါသည်။

နှစ်ဆန်းတစ်ရက်နေ့ တနင်္ဂနွေနေ့ မနက် (၆) နာရီမှ (၇) နာရီခွဲအတွင်း ကြာသပတေးသားသမီး၊ ကြာသပတေး နာမည်ရှင်တို့သည် မိမိတို့၏နဝင်းဟု ခေါ်တွင်သော ပဉ္စပွတ်အရပ်ဖြစ်သည့် အရှေ့အရပ်ဘက်သို့ မျက်နှာမူပြီး အုန်း တစ်ထွာခန့်တစ်ရွက်၊ ရွက်လှ (၄) ရွက်၊ ထန်းတစ်ထွာခန့် (၇) ရွက်အပေါ်မှာ ခြေစုံရပ်နင်းထားပါ။ အဖျားပိုင်းများက မျက်နှာမူရာ အရှေ့အရပ်ဘက်သို့ ဦး တည်ထားရပါမည်။

ပန်းကန်ပြား တစ်ချပ်ထဲတွင် ဆောင်ပန်းအဖြစ် သပြေ (၆) ညွန့်၊ ကံ့ ကော် (၂) ညွန့်၊ ဆီး (၃) ညွန့်ကို ထည့် ထားပြီး အနားလက်တစ်ကမ်း အမြင့်တစ်နေရာတွင်ထားပါ။ တရော်ကင်ပွန်းနှင့် ခေါင်းလျှော်ပါ။ ခေါင်းလျှော်စဉ် သမ္ဗုဒ္ဓေ (၁၀) ခေါက်ကို နှုတ်က ရွတ်လျှော်ပါ။

မကောင်းသောအညံ့များ အကုန်ထွက်ကုန်ပြီး ကောင်းကံများပွင့်လာနေပြီကို ယုံကြည်စွာအာရုံပြု၍လျှော်ပါ။ ဖြစ်ပါ့မလားဆိုတဲ့သံသယစိတ်တွေ လုံးဝမဝင်ပါစေနဲ့။ ဦးခေါင်းဆေးလျှော်ပြီး နောက် ဆုံး ခေါင်းဆေးရေသန့်ကို ဆောင်ပန်းများထည့်ထားသော ပန်းကန်များကို လှမ်းယူ၍ ပန်းကန်ထဲသို့သပ်ချပါ။ ဆောင်ပန်းများဖြစ်သည့် သပြေ၊ ကံ့ ကော်၊ ဆီးတို့ကို လက်နှင့်ကိုင်ပြီး ဦးခေါင်းနှင့်ထိပွတ်ကာ ခေါင်းဆေးရေသန့်ကုန်သည်ထိ ပန်းကန်ထဲသို့သပ်ချပါ။

ဤသည်မှာ အထက်ဆောင်ပန်း များနှင့်ပြုလုပ်နေသော အစီအရင်ဖြစ်၍ မိမိမှာကောင်းသောဘုန်းကံများပွင့်လာပြီကိုယုံကြည်စွာအာရုံစူးစိုက်ထားပါ။ပြီးရင် ပန်းကန်ထဲကို ဆောင်ပန်းများပြန်ထည့်ပြီး မျက်နှာမူရာ ခပ်လှမ်းလှမ်းဆီသို့ အားလုံးသွား၍သွန်လိုက်ပါ။သွားစွန့်စဉ် ကျန်ခဲ့သောနင်းကြမ်းရွက်များကို နေ့နံမတူသူတစ်ဦးက ယူ၍ တောင်အရပ်ခပ်လှမ်းလှမ်းသို့သွားစွန့်ရပါမည်။

အိမ်ခြံဝင်းနှင့်နေသူများအဖို့ ဤ နှစ်ဦးမင်္ဂလာယတြာ ခေါင်းလျှော်ခေါင်း ဆေးကိုပြုလုပ်၍ လွယ်ကူပါသည်။ တိုက်ခန်းနှင့်နေသူများသည် တစ်ဦးထဲ နေကြသည်ဖြစ်စေ၊ အတူနေများ အပြင်သွားလာနေကြ၍ တစ်ယောက်မှမရှိချိန် နှင့်တိုးနေ၍ဖြစ်စေ၊ လူမရှိဖြစ်နေပါက ခေါင်းလျှော်ရာရှေ့နားတွင် ရေပုံးအလွတ် တစ်ပုံးထားပါ။ လျှော်ပြီးသည်နှင့်ရှေ့တိုးသွားပြီး ၎င်းရေပုံးထဲသို့ ပန်းကန်တွင်းမှ ပစ္စည်းများစွန့်ထည့်ပါ။

ပြီးမှ အိတ်အလွတ်တစ်လုံးထဲသို့ နင်းကြမ်းအရွက်များကို မီးညှပ် (သို့) တုတ်နှစ်ချောင်းနှင့်ညှပ်ထည့်ပြီး ရေချိုးခန်းအပြင်သို့ထုတ်ထားပါ။အားလုံးပြီးမှ နင်းကြမ်းရွက်များ ထည့်ထားသည့်အိတ်ကို တောင်အရပ်ဘက် ခပ်လှမ်းလှမ်းသို့သွားစွန့်ပါ။ ပြီးမှ ပုံးထဲမှ ဆောင်ပန်းများကို အိတ်တစ်လုံး နှင့်ထည့်၍ အရှေ့အရပ်ဘက်တစ်နေရာ သို့သွားစွန့်ပါ။ (တစ်ခုကို အရင်စွန့်ပြီးမှ နောက်တစ်ခုကို အိမ်ပြန်ယူ၍စွန့်ရပါမည်။)

အားလုံးသန့်စင်သွားပြီဖြစ်၍ ရေချိုးပါ။ ခေါင်းထပ် မလျှော်ရတော့ပါ။အားလုံးပြီးရင် လျှော်ဖွပ်ပြီးသား အဝတ်သန့်ဝတ်ဆင်၍ နေအိမ်တွင် ပူဇော်ထားသော ဘုရားရှင်အား ပန်းပေါင်းစုံ (၉)မျိုး (သို့) ပန်းရောင်စုံ (၉) မျိုးနှင့်ပူဇော်ပါ။ ဒိဝါတပတိဂါထာကို (၁၀၈) ခေါက်ရွတ်ဖတ်ပူဇော်ပါ။ လှူလိုသော ဆွမ်း၊ ဆွမ်းဟင်းများကို ခါတိုင်းလို လှူပါ (သို့) ကြာဆံကြော်ဆွမ်းတော် ကပ်လှူပါ။

ပြီးမှ ရှင်သီဝလိရဟန္တာကြီးကို သောက်တော်ရေများ၊ သစ်သီးဆွမ်းများ ကပ်လှူပြီး ရှင်သီဝလိ (၁၀) ဂါထာကို ရွတ်ဖတ်ပူဇော်ပါ။ ရှင်ဥပဂုတ္တရဟန္တာကြီးကို သောက်တော်ရေနှင့် သစ်သီး ဆွမ်းများကပ်လှူပြီး ရှင်ဥပဂုတ္တပရိတ်တော်ကိုရွတ်ဆိုပူဇော်ပါ။

ပြီးမှမိဘနှစ်ပါးကို ကာယကံ၊ ဝစီကံ၊ မနောကံတို့နှင့် ပြစ်မှားမိခဲ့သမျှ ကာယကံ၊ ဝစီကံ၊ မနောကံတို့နှင့်ရိုသေစွာ တောင်းပန်ဝန်ချ မာန်လျှော့ ကန်တော့ပါ။ မိဘမရှိတော့သူများနှင့် အဝေးတွင်နေကြသူများက ရည်မှန်းကန်တော့ပါ။ ပြီးမှ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာ၊ အာစရိယဆရာသခင်ကျေးဇူးရှင် တို့အားရည်မှန်းကန်တော့ပါ။

ပြီးရင် ခင်ပွန်းကြီး (၁၀)ပါးကို ရို သေစွာရည်မှန်းကန်တော့ပါ။ပြီးမှ ကိုယ်စောင့်နတ်မှစပြီး သာသနာတော်စောင့်နတ်ကြီးများ၊ ကမ္ဘာစောင့်နတ်ကြီးများနှင့် မိဆိုင်ဖဆိုင်ရိုးရာနတ်များအားလုံး အထက်ဘဝဂ်အောက် အဝီစိနှံ့သည့်စကြဝဠာဖီလာထုတ်ခြင်း အကြွင်းမရှိ ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါဟူသမျှတို့အားလုံးကို မေတ္တာ အထူးပို့ပြီး အမျှဝေပါ။

နှစ်ဦးမင်္ဂလာယတြာကြီး အောင်ပါပြီ။

ဆောင်ပန်းနင်းကြမ်းလုံးဝမမှားဖို့ အထူး လိုအပ်လှပါသည်။ ဆောင်ပန်း နင်းကြမ်းမှား၍ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ ဘုံးဘုံးလဲသွားသည်အထိ ထိခိုက်ကြပုံများကိုလည်း အကြိမ်ကြိမ် တင်ပြခဲ့ပြီးပါပြီ။ ထို့ကြောင့် ဆောင်ပန်း နင်းကြမ်းကိုအထူးဂရုစိုက်ပါ။

🔆နံနက် (၇) နာရီခွဲမှ (၉) နာရီ အတွင်း-

အင်္ဂါနာမည်ရှင် အင်္ဂါသားသမီးတို့သည် –

မျက်နှာမူရာ-အနောက်တောင်အရပ်၊

ဆောင်ပန်း-အုန်းတစ်ထွာခန့် တစ် ညွန့်၊ ရွက်လှ (၄) ညွန့်၊ ဒန်း (၇) ညွန့်၊

နင်းကြမ်း- သီဟို (၆) ရွက်၊ ကြံတစ် ထွာခန့် (၂) ရွက်၊ ပျဉ်းမ (၅) ရွက်၊

ဆောင်ပန်းစွန့်ရန်-အနောက်တောင်၊

နင်းကြမ်းစွန့်ရန်-အရှေ့အရပ်။

🔆နံနက် (၉) နာရီမှ (၁၀) နာရီခွဲအတွင်း-

တနင်္ဂနွေသားသမီး တနင်္ဂနွေနာမည်ရှင် တို့သည်-

မျက်နှာမူရာ- အနောက်အရပ်၊

ဆောင်ပန်း- သပြေ (၆) ညွန့်၊ ကံ့ကော် (၂) ညွန့်၊ မေမြို့ပန်း (၅) ပွင့်၊

နင်းကြမ်း-ရွက်လှ (၄) ရွက်၊ ထန်း တစ်ထွာခန့် (၇) ရွက်၊ ဆီး (၃) ခက်၊

ဆောင်ပန်းစွန့်ရန်-အနောက်၊

နင်းကြမ်းစွန့်ရန်-အနောက်တောင်။

🔆နံနက် (၁၀) နာရီခွဲမှ (၁၂) နာရီ အတွင်း-

သောကြာသားသမီး သောကြာနာမည်ရှင် တို့သည်-

မျက်နှာမူရာ-အရှေ့တောင်အရပ်၊

ဆောင်ပန်း- ရွက်လှ (၄) ညွန့်၊ ဒန်း (၇) ညွန့်၊ ဆီး (၃) ညွန့်၊

နင်းကြမ်း- ကြံတစ်ထွာခန့် (၂) ရွက်၊ ပျဉ်းမ (၅) ရွက်၊ အုန်းတစ်ထွာခန့် (၁) ရွက်၊

ဆောင်ပန်းစွန့်ရန်-အရှေ့တောင်၊

နင်းကြမ်းစွန့်ရန်-အနောက်အရပ်။

🔆မွန်းတည့် (၁၂) နာရီမှ (၁) နာရီ ခွဲအတွင်း-

ဗုဒ္ဓဟူးသားသမီး ဗုဒ္ဓဟူးနာမည်ရှင်တို့ သည်-

မျက်နှာမူရာ-အရှေ့မြောက်အရပ်၊

ဆောင်ပန်း – အုန်းတစ်ထွာခန့် (၁) ညွန့်၊ မေမြို့ (၅) ပွင့်၊ ကံ့ကော် (၂) ညွန့်၊

နင်းကြမ်း-ထန်းတစ်ထွာခန့် (၇)ရွက်၊ ဆီး (၃) ခက်၊ သီဟို (၆) ရွက်၊

ဆောင်ပန်းစွန့်ရန်-အရှေ့မြောက်၊

နင်းကြမ်းစွန့်ရန်-အရှေ့တောင်။

🔆(၁) နာရီခွဲမှ (၃) နာရီအတွင်း –

တနင်္လာသားသမီး တနင်္လာနာမည်ရှင်တို့ သည် –

မျက်နှာမူရာ- မြောက်အရပ်၊

ဆောင်ပန်း- ဒန်း (၇) ညွန့်၊ ဆီး (၃) ညွန့်၊ သပြေ (၆) ညွန့်၊

နင်းကြမ်း- ပျဉ်းမ (၅) ရွက်၊ အုန်း တစ်ထွာခန့် (၁) ရွက်၊ ရွက်လှ (၄) ရွက်၊

ဆောင်ပန်းစွန့်ရန်- မြောက်အရပ်၊

နင်းကြမ်းစွန့်ရန်- အရှေ့မြောက် အရပ်။

🔆(၃) နာရီမှ (၄)နာရီခွဲအတွင်း –

စနေသားသမီး စနေနာမည်ရှင်တို့ သည် –

မျက်နှာမူရာ- တောင်အရပ်၊

ဆောင်ပန်း- မေမြို့ (၅) ပွင့်၊ အုန်း တစ်ထွာခန့် (၁) ညွန့်၊ ရွက်လှ (၄) ညွန့်၊

နင်းကြမ်း- ဆီး (၃) ခက်၊ သီဟို(၆) ရွက်၊ ကြံတစ်ထွာခန့် (၂) ရွက်၊

ဆောင်ပန်းစွန့်ရန်- တောင်အရပ်၊

နင်းကြမ်းစွန့်ရန်- မြောက်အရပ်။

ဦးခေါင်းဆေးမင်္ဂလာပြုခြင်းဖြင့် လိုရာပြီးစေ ဟူသော ရှေးပညာရှိကြီး များ၏အဆိုအရ ဤခေါင်းလျှော်ခေါင်းဆေးမင်္ဂလာကြီးသည် ကျန်းမာခြင်းကို ဖြစ်စေခြင်း၊ ချမ်းသာခြင်းကိုဖြစ်စေခြင်း၊ အန္တရာယ်ကင်းခြင်း၊ လူချစ်လူခင်ပေါ များခြင်း စသည့်ကောင်းခြင်းမင်္ဂလာ များစွာကို အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားပွင့်လင်းဖြစ်ပေါ်လာစေ သော ခေါင်းဆေးမင်္ဂလာကြီးဖြစ်၏။
သို့သော် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်နာရီခွဲသာစီရင်ခွင့်ရသော ဤခေါင်းဆေးမင်္ဂလာကြီးမှာ အထက်ဆောင်ပန်း၊ အောက်နင်းကြမ်း လုံးဝလွဲ၍မရပါ။

🔵အကြံပြုချင်သည်မှာ –

ဆီးညွန့်၊ ဆီးခက်များကိုမသုံးခင် ဆူးများကိုဖဲ့ထုတ်ထားလိုက်ပါ။ ဦးခေါင်း ပွတ်လျှော်ခြင်း၊ နင်းကြမ်းပြုခြင်းများရှိ နေပါသည်။ အင်္ဂါနံဖြစ်သော်လည်း ဇော်စိမ်း၊ ညောင်လုံးဝမရပါ။သပြေသည် ဆောင်ပန်းဖြစ်သော်လည်း နင်းကြမ်းပြု၍မရပါ။မေမြို့မရနိုင်လျှင် ပျဉ်းမ (၅)ညွန့် ကိုဆောင်ပန်းပြုပြီး နင်းကြမ်းပြုလျှင် ပျဉ်းမ (၅) ရွက်ဖြစ်ပါသည်။ ပေရွက်၊ ပေါက်ပန်းဖြူမရပါ။

ဒန်း (၇) ညွန့်သည် ဆောင်ပန်းဖြစ်၍ နင်းကြမ်းပြုလိုရင် ဒန်းညွန့်ထိပ်ဖျားများကို ဖြတ်ထားပါ (သို့) ထန်း၊ နာနတ်ရွက်သုံးရပါမည်။ကြံ နင်းကြမ်းပြုရသော်လည်း ကံ့ကော်ကို နင်း၍မရပါ။ ကံ့ကော်သည် ဆောင်ပန်းသာဖြစ်ရပါမည်။ ကုက္ကိုလုံးဝ မသုံးရပါ။ရွက်လှ ခက်ခဲလျှင် ဝါးရွက်၊ ဝါးညွန့်များသုံး၍ရပါသည်။

အုန်းအစား အင်ရွက်ကိုသုံး၍မရပါ။အရွက်အခက်လေးများပင် ဖြစ်လင့်ကစား လုံးဝထင်မထားသော ဘေးထွက်ဆိုးကျိုးများ ချက်ချင်းဝင်ရောက်လာနိုင်သောကြောင့် ရှင်းလင်းအောင် နောက်တစ်ကြိမ် ထပ်မံဖတ်ရှုပြီးမှသာ ဤခေါင်းဆေးမင်္ဂလာကို ပြုစေလိုပါသည်။

🌐ခေါင်းဆေးမင်္ဂလာအောင်မြင်ပြီး သွားသည်နှင့် အိမ်မှထွက်ပြီး ငှက်လေးများ၊ ငါးများ ဘေးမဲ့လွှတ်ပေးခြင်းဖြစ်သည့်သတ်အံ့ဆဲဆဲ၊ သေအံ့ဆဲဆဲသတ္တဝါ လေးများ၏အသက်ကိုကယ်ခြင်း-

🌐ဘုရားစေတီပုထိုးများသို့သွား၍ အမှိုက်ရှင်း၊ တံမြက်လှဲခြင်း-ည်း၊ ပန်းခြောက်များစွန့်၊ ဘုန်းကြီးကျောင်းများသို့သွား၍ ဝေယျာဝစ္စပြုလုပ်ခြင်း၊ ကုဋီများကိုရေဆေးကြောခြင်း –

🌐သက်ကြီးဝါကြီးများကိုလှူဒါန်းခြင်း၊ လက္ခဏာရှားပါးသူများကို အာဟာရ ဒါနပြုခြင်း စသည့် ကောင်းခြင်းကုသိုလ်ကြီးများကို ပြုလုပ်လိုသူများကပြုလုပ်၍ ရပါသည်။

ကံကောင်းစေခြင်းများဖြစ်သည့် ကောင်းကံများကို ဆင့်ပွားခြင်းဖြစ်၍ အလွန်မှကောင်းလှပါသည်။
သမ္မာဉာဏ၊ ပယောဂနှင့် လုံ့လ အားထူ၊ ကောင်းစွာယူ၍၊ ကောင်းမူသဖြင့်၊ ကောင်းအောင်ကျင့်က၊ ယခင့် အတိတ်၊ နိမိတ်တဘောင် ကိတ်ရောင် ဥဘာ၊ ခိုးဝှန်ဝါတို့၊ ထင်လာသမျှ၊ ကောင်းကြသည်ချည်း၊ မချွတ်တည်းရှင့် ဟူသော မန်လည်ဆရာတော်ဘုရားကြီး၏ဆိုဆုံးမတော်နှင့်အညီ အတိတ်ကောင်း၊ နိမိတ်ကောင်းကြီးများသာ ထင်လာစေနိုင်ခြင်းဖြစ်သည့် ဤနှစ်ဦးမင်္ဂလာ ယတြာကောင်းမှု ကုသိုလ်ကြီးများဖြင့်-

ကျန်းမာခြင်း-

ချမ်းသာခြင်း-

ဘုန်းကံပွင့်ခြင်း-

လူချစ်လူခင်ပေါများခြင်း များစွာ ပြည့်စုံကြပါစေသတည်း။

ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား)